Home
မြန်မာသတင်း
ချင်းပြည်နယ်ကို အင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်ရန် စစ်တပ်က ပြင်ဆင်နေ
DVB
·
August 22, 2025

စစ်ကောင်စီတပ်က ချင်းပြည်နယ်ကို စစ်သားအင်အား ၂,၀၀၀ ဝန်းကျင်သုံးပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက‌ ပြောပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်ကို မကွေးတိုင်း လောင်းရှည် ကပစ ၂၅ က စစ်သားအင်အား ၈၀၀ ဝန်းကျင်၊ ဆိပ်ဖြူဘက်က တက်လာတဲ့ စစ်သားအင်အား ၄၀၀ ဝန်းကျင်၊ ပခုက္ကူတပ်မ ၁၀၁ က တက်လာတဲ့ တင့်ကား ၂ စီးနဲ့ စစ်ကား ၁၃၆ စီးပါဝင်တဲ့ ယာဉ်တန်း စတာတွေနဲ့ ချင်းပြည်နယ်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့အတွက် ဆွဲလွဲကျင်း-ကျင်ဒွေးလမ်းပိုင်းနဲ့ ဆော-ကန်ပက်လက် လမ်းပိုင်းအပြင် မကွေးတိုင်းကနေ ကန်ပက်လက်မြို့နယ်ကို ဝင်နိုင်တဲ့ လမ်းပိုင်းအားလုံးကို ဩဂုတ် ၂၀ ရက်ကစကာ ပိတ်ပင်လိုက်ကြောင်း CDF ကန်ပက်လက်က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြည်နယ်မြို့တော် ဟားခါးနဲ့ ထန်တလန်မြို့ကလွဲလို့ ကျန်မြို့တွေကို ချင်းကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း စစ်ကောင်စီရဲ့ ထိုးစစ်အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “အဓိကကတော့ သူတို့က စစ်ဆင်ရေးကတော့ ပခုက္ကူရယ် ဆိပ်ဖြူဘက်ကို အင်အား အရင်ဖြည့်တယ်။ အဲဒီဘက်ကနေ တဆင့် ဒီဘက် ဆော၊ ကျောက်ထုဘက်ကို အင်အားပြန်ဖြည့်မယ်။ အဲ့နောက်ပိုင်းမှ ဒီဘက် ချင်းတောင်ဘက်ကို ချင်းပြည်နယ် မြောက်ပိုင်းဘက်ပေါ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်ဘက်ကို ဆောကနေတဆင့် နောက်ပြီး ကျောက်ထုကနေ အဲလိုပုံစံမျိုးနဲ့ စစ်ကြောင်းထိုးဖို့ရှိတယ်လို့ ကျနော်တို့က ယူဆတယ်” လို့ ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့ မြို့တွေမှာလည်း ပြည်သူတွေ ပြန်လည်နေထိုင်နေကြပြီး ကျေးရွာတွေမှာတော့ ပုံမှန်အတိုင်း ပြန်လည်ပတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြည်သူတွေ ပြန်လည်နေထိုင်နေပေမဲ့ စစ်ကောင်စီက မင်းတပ်၊ မတူပီ၊ ကန်ပက်လက် စတဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ပြည်သူတွေမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်က မြို့နယ် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ဟားခါးမှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း အချင်းချင်းတိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး ဘုံရန်သူကို တိုက်ခိုက်ဖို့ အချိန်တန်ပြီလို့ ချင်းအမျိုးသားကာကွယ်ရေးတပ် CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

“စကစဘက်ကတော့ သူ့ရဲ့လုပ်ရမယ့်အလုပ်ကို လုပ်နေတယ်ပေါ့လေ၊ တော်လှန်ရေးဘက်ကလည်း ကျနော်တို့ လုပ်သင့်တဲ့အရာ ကာကွယ်သင့်တဲ့အရာကို ဖိဖိစီးစီးနဲ့ လုပ်ဖို့ရှိပါတယ်။ အဲဒီအပေါ်မှာ ပြည်သူတွေအနေနဲ့လည်း ဒီတော်လှန်ရေးဖိအားတွေကို ကြံ့ကြံ့ခံပြီး ကျနော်တို့လိုချင်တဲ့ ပန်းတိုင် ရောက်တဲ့အထိ အားတင်းထားကြဖို့ ကျနော်ကတော့ ပြောချင်ပါတယ်။ ချင်းပြည်နယ်မှာဆိုရင် အထူးသဖြင့် အခု လက်နက်ကိုင်တွေကြားမှာ ပဋိပက္ခတွေရှိတယ်။ အချင်းချင်းကြားမှာ ပစ်ခတ်မှုတွေရှိတယ်။ ဒီအချိန်မှာ ဆိုရင်‌တော့ ကျနော်တို့အားလုံးက စည်းလုံးပြီးမှ ကျနော်တို့ရဲ့ သေနတ်ပြောင်းတွေကို ဘုံရန်သူဆီလှည့်ဖို့ အချိန်တန်ပြီလို့ ကျနော်ကတော့ ပြောချင်ပါတယ်။”

ဩဂုတ် ၁၇ ရက် မနက်ပိုင်းကလည်း ကန်ပက်လက်မြို့ထဲကို စစ်ကောင်စီက လေကြောင်းကနေ ိဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၅ လုံး ပျက်စီးခဲ့ပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013