
အာဏာသိမ်းစစ်တပ်က မြို့နယ် ၂ မြို့နယ်ပဲ ထိန်းချုပ်နိုင်တဲ့ ချင်းပြည်နယ်မှာ တပြည်နယ်လုံး ကိုယ်စားပြု ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးပါတီတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းတပြည်နယ်လုံးမှာရှိတဲ့ မြို့နယ် ၉ မြို့နယ်ထဲက ဟားခါးနဲ့ တီးတိန် ၂ မြို့နယ်ရဲ့ မြို့ပေါ်တွေမှာသာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေတယ် ဆိုပေမဲ့ အဲဒီမြို့နယ် ၂ ခုလုံးရဲ့ နယ်မြေအားလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်တာတော့ မဟုတ်ပါဘူး။
ချင်းတော်လှန်ရေးအဖွဲ့တွေက ချင်းပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ ကျန်မြို့နယ်အားလုံးကို ထိန်းချုပ်ထားပြီး တပြည်နယ်လုံးရဲ့ နယ်မြေ ၉၀ ရခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားတာပါ။
ဒီလိုအခြေအနေမှာ အာဏာသိမ်းစစ်တပ်ဘက်က ချင်းပြည်နယ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ မဖြစ်နိုင်သလို ပြည်နယ်လွှတ်တော် ပေါ်ပေါက်ရေးနဲ့ ဒေသခံပြည်သူတွေ အားလုံးရဲ့ အသံတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ရွေးချယ်ရေးဟာလည်း မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးပါတီတွေနဲ့ ချင်းနိုင်ငံရေး လေ့လာသူတွေကလည်း ထောက်ပြပါတယ်။
ချင်းတော်လှန်ရေးအဖွဲ့တွေဘက်ကလည်း သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာဏာသိမ်း စစ်ကောင်စီဘက်က ကျင်းပမယ့် ရွေးကောက်ပွဲကို ခွင့်ပြုသွားမှာမဟုတ်ဘဲ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် သက်စိုးရှည်မယ့် ကိစ္စမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ကြဖို့ ပြောဆိုပါတယ်။
ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ တနိုင်ငံလုံးဝင်ပြိုင်မယ့် ပါတီ ၉ ပါတီအပြင် ပြည်နယ်ကိုယ်စားပြုပါတီ ၃ ပါတီရှိပြီး အဲဒီပါတီတွေဟာ ချင်းပြည်နယ်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီရုံးခန်းတွေကို ပြည့်မီအောင် ဖွင့်ထားနိုင်ခြင်း မရှိပါဘူး။
မဲပေးကြမယ့် ဒေသခံပြည်သူတချို့ဟာလည်း စစ်ဘေးကြောင့် ဘေးလွတ်ရာကို ရှောင်းပြေးနေကြပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ နေထိုင်ခြင်းမရှိတော့တဲ့ ပြည်သူတွေ ရှိသလို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ နေထိုင်နေကြတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်တပ်ဘက်ကတော့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင်တွေ ရှိနေတဲ့ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ချင်းပြည်နယ်ကိုယ်စား မဲပေးနိုင်ဖို့ စီစဉ်နေပါတယ်။
ဒီအချက်ဟာ ချင်းပြည်နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို တန်းတူသတ်မှတ်ခြင်း မရှိတာကြောင့် ရွေးကောက်ပွဲတခုရဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြီးခဲ့တဲ့လပိုင်းကမှ ပါတီမှတ်ပုံတင်ခွင့်ရထားတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ နိုထန်ကပ်က ပြောပါတယ်။
လက်ရှိ ချင်းပြည်နယ်ရဲ့ အခြေအနေက ပြည်သူအားလုံး တန်းတူမဲပေးနိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်အောင် ကျင်းပလို့ရတဲ့ အခြေအနေ မဟုတ်တဲ့အပြင် သူတို့ပါတီအနေနဲ့လည်း ပါတီဌာနချုပ်ကို နေပြည်တော်မှာ ဖွင့်လှစ်ထားရပြီး ချင်းပြည်နယ်မှာ ပါတီရုံးခန်း ပြည့်မီအောင် ဖွင့်လှစ်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ရွေးကောက်ပွဲတခုမှာ မဲဆန္ဒနယ်ပြည်သူ ဘယ်လောက် မဲပေးရွေးချယ်မှ ရွေးကောက်ပွဲ အောင်မြင်အထမြောက်တယ်လို့ ဖော်ပြမထားတာကြောင့် အာဏာသိမ်းစစ်တပ် ဘက်က အဝေးရောက် ရွေးကောက်ပွဲဝင်ပြိုင်သူတွေ၊ အဝေးရောက် မဲဆန္ဒရှင်တွေနဲ့ ချင်းပြည်နယ်ကိုယ်စားပြု လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေကို ရအောင် ဆောင်ရွက်နိုင်ခြေ ရှိတယ်လို့ ချင်းနိုင်ငံရေး လေ့လာသူတွေက ထောက်ပြပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတဲ့ မဲဆန္ဒနယ်မြေမှာ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားပြီး တခြား ဝင်ပြိုင်မယ့်သူ မရှိရင်လည်း လျှောက်ထားသူကို အနိုင်ပေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လည်း ရှိနေတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်မှာ နယ်မြေထိန်းချုပ်နိုင်ခြင်း မရှိဘဲ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မယ့် ရွေးကောက်ပွဲကို ဖန်တီးနိုင်တယ်လို့ ဦးရှိန်းထွန်းက သုံးသပ်ပါတယ်။
ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက် မဟုတ်သလို ရွေးကောက်ပွဲလမ်းနဲ့ တော်လှန်ရေးလမ်းဟာ တလမ်းစီဖြစ်တာကြောင့် တော်လှန်ရေးအရွေ့ဖြစ်အောင် လုပ်ဖို့ပဲလိုတယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရောမန်က ပြောပါတယ်။
စစ်တပ်ရဲ့ နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပပြီး ပြည်နယ်လွှတ်တော် ပေါ်ပေါက်ရေးဟာ အကြီးမားဆုံးစိန်ခေါ်ချက်ဖြစ်ပြီး အဲဒီလွှတ်တော်မှာ တမြို့နယ်ကို ကိုယ်စားလှယ် ၂ ယောက်နဲ့ ရွေးကောက်ခံ လွှတ်တာ်ကိုယ်စားလှယ် ၁၈ ယောက် အပါအဝင် စစ်တပ်ဘက်က ကိုယ်စားလှယ် ၆ ယောက် စုစုပေါင်း ၂၄ ယောက် ရှိရမှာပါ။
၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ချင်းပြည်နယ်မှာ နယ်မြေအေးချမ်းမှုမရှိတဲ့ ပလက်ဝမြို့နယ်က လွဲပြီး ကျန်မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အဲဒီရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲအများဆုံး အနိုင်ရရှိခဲ့ပါတယ်။
အောင်သူ