Home
နိုင်ငံတကာ
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းရှိ အမေရိကန်စက်ရုံ ထိမှန်
DVB
·
August 22, 2025
Photo: Reuters

ရုရှားက ယူကရိန်းကို ၂ လအတွင်းမှာ အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် ဒရုန်း ၅၇၄ စင်း၊ ဒုံးကျည် အစင်း ၄၀ နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ညလုံးပေါက်တိုက်ခိုက်မှုမှာ အမေရိကန်ပိုင် အိမ်သုံးပစ္စည်းစက်ရုံတရုံကိုပါ ထိမှန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက အတည်ပြုပါတယ်။

ဒါဟာ အမေရိကန်ရင်းနှီးမြှုပ်နှံမှုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာလို့ပါ စွပ်စွဲလိုက်ပါတယ်။ စုစုပေါင်း ၆၁၄ စင်းမှာ ၅၇၇ စင်းကို ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံအနောက်ပိုင်း လဗစ်မြို့မှာ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူတယောက်သေဆုံးပြီး အနောက်တောင်ပိုင်း ထရန်စ်ကာပါသီယာဒေသမှာ ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းနေချိန်မှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဇလန်းစကီးက  ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွစ်ဇာလန် ဒါမှမဟုတ် ဩစတြီးယားလိုမျိုး ကြားခံ ဥရောပတနိုင်ငံမှာ တွေ့ဆုံဖို့ အသင့်ရှိတယ်လို့ ပြောထားပြီး တူရကီမှာ တွေ့မယ်ဆိုလည်း အဆင်ပြေတယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ ရုရှားဘက်ကတော့ အခုအချိန်အထိ မတင်မကျ ပြောထားပါတယ်။ ထရမ့်ပ်ကလည်း ပူတင်-ဇလန်းစကီး တွေ့ပြီးရင် သူပါ ပါဝင်မယ့် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။

ဒါပေမဲ့ သူမပါဘဲ တွေ့ကြတာ ပိုကောင်းမယ်လို့ ထရမ့်ပ်က ပြန်ပြင်ပြောထားသလို လိုအပ်ရင်တော့ သွားမယ်လို့ ဆိုထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013