
ပြည်ပကို စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေ အထောက်အထားတွေနဲ့ ပတ်သက်လို့ အေဂျင်စီတခုချင်းအလိုက် နေပြည်တော်မှာ စစ်ဆေးသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာကနေ ဒီဇင်ဘာလအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေ အထောက်အထားအပေါ် သြဂုတ် ၂၅ ရက်ကစပြီး ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို ခေါ်စစ်မယ်လို့ ဆိုပါတယ်။
စစ်ဆေးခံရမယ့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၅၉ ခုရှိကာ တရက်ကို အေဂျင်စီ ၁၀ ခုနှုန်းနဲ့ ခေါ်စစ်မှာဖြစ်ပြီး သက်ဆိုင်ရာအေဂျင်စီတွေ လာရောက်ရမယ့် ရက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အေဂျင်စီတခုချင်းအလိုက် စေလွှတ်ခဲ့တဲ့ အလုပ်သမားအရေအတွက်နဲ့ လွှဲပို့ငွေပမာဏကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဆင့်ခေါ်ထားတဲ့ရက်မှာ လာရောက်တင်ပြဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကို ဒဏ်ကြေးငွေ ပေးဆောင်စေတာ၊ Demand Letter အသစ် တင်ပြခွင့် ဆိုင်းငံ့တာတွေနဲ့ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တယောက်က “အလုပ်သမားက ငွေမလွှဲရင်တောင် အေဂျင်စီက ဌာနက ထုတ်ထားတဲ့ စာရင်းငွေအမောင့်အတိုင်း ငွေလွှဲပြရမှာ။ အလုပ်သမားတယောက်ချင်းစီက အထောက်အထားရဖို့ဆိုတာက လွယ်မှမလွယ်တာ” လို့ ပြောပါတယ်။
ပြည်ပရောက်အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ တရားဝင်လွှဲပို့ဖို့ အလုပ်သမားဌာနက ညွှန်ကြားထားတာပါ။
ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်ပေးဆောင်ဖို့ကိုလည်း သတ်မှတ်ထားပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ရရှိအောင် ကြိုးစားနေတဲ့ နည်းလမ်းတွေထဲမှာ ပြည်ပရောက် အလုပ်သမားတွေက ပစ်မှတ်ထားခံလာရတာလို့ အလုပ်သမားအသိုက်အဝန်းက ဆိုပါတယ်။
အဲဒီလို အလုပ်သမားတွေ ငွေလွှဲပို့အောင် အေဂျင်စီတွေကတဆင့် ဖိအားပေး ကြပ်မတ်နေသလို မိသားစုဆီ ငွေလွှဲအထောက်အထားနဲ့ အခွန်ဆောင်ထားတဲ့ အထောက်အထားမပြနိုင်တဲ့ အလုပ်သမားတွေကို ပတ်စ်ပို့သက်တမ်း တိုးမပေးတာ၊ နောက်တကြိမ် ပြည်ပထွက်မရအောင် ပိတ်တာမျိုးနဲ့ အကျပ်ကိုင်ထားတယ်လို့လည်း ပြည်ပရောက်အလုပ်သမားတွေက ပြောပါတယ်။