
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အနေနဲ့ ထုတ်ပြန်ထားတဲ့ ခွဲတမ်းသတ်မှတ်ချက် အတိုင်းပဲ အလုပ်သမား စေလွှတ်ရမယ်လို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးချစ်ဆွေက ပြောပါတယ်။
ဇူလိုင် ၁၈ ရက်မှာ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အလုပ်သမားစေလွှတ်ရေးနဲ့ ပတ်သက်လို့ ပြောသွားခဲ့တာပါ။
ပြည်ပနိုင်ငံတွေဆီ မြန်မာလုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားတဲ့ နိုင်ငံအလိုက် စေလွှတ်ရေးလုပ်ငန်းစဉ် (SOP) တွေနဲ့အညီပဲ စိစစ်ခွင့်ပြု စေလွှတ်ပေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီလိုလုပ်တာဟာ ပြည်တွင်းလုပ်သားရှားပါးမှု၊ နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက် ပြည်ပကနေ အလုပ်လုပ်ကိုင်ပြီး သက်တမ်းပြည့်လို့ ပြန်လည်ရောက်ရှိလာတဲ့ အရေအတွက်နဲ့ အသစ်စေလွှတ်ရမယ့် လုပ်သားအရေအတွက်ကို နှိုင်းယှဉ် ဆောင်ရွက်ရတာကြောင့်လို့ အကြောင်းပြပါတယ်။
စစ်ကောင်စီက မတ်လကစပြီး အေဂျင်စီတွေကို စေလွှတ်မယ့် နိုင်ငံတခုချင်းအလိုက် လစဥ် အလုပ်ခေါ်စာ တင်ရမယ့် အလုပ်သမားဦးရေ ခွဲတမ်းကို သတ်မှတ်ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို အလုပ်သမားအရေအတွက် ကန့်သတ်ချက်ကို ဖြေလျှော့ပေးဖို့ အေဂျင်စီတွေဘက်က တင်ပြတောင်းဆိုတာတွေ ရှိပေမဲ့ စစ်ကောင်စီဝန်ကြီးက လက်မခံဘဲ မူလသတ်မှတ်ချက်အတိုင်း လိုက်နာဖို့ ပြောသွားတာလည်း ဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ခွဲတမ်းနဲ့လုပ်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ အလုပ်ခေါ်စာ အသစ်ရှာဖို့ထက် ခေါ်စာကျပြီးသားတွေကို လွှတ်ဖို့ကို ပုံနေတာ။ ဒါကို တင်ပြလည်း လက်မှမခံတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက အေဂျင်စီတခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် လုပ်သားအယောက် ၅၀၊ မလေးရှားနိုင်ငံအတွက် အယောက် ၂၀၊ ဂျပန်နိုင်ငံအတွက် ၁၅ ယောက်၊ ကိုရီးယားနိုင်ငံအတွက် ၁၀ ယောက်၊ စင်ကာပူနိုင်ငံအတွက် ၅ ယောက်ပဲ အလုပ်ခေါ်စာတင်ဖို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် လာအိုနဲ့ ကျန်တခြားနိုင်ငံတွေ အတွက်လည်း နိုင်ငံတခုကို ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာမတင်ဖို့ ကန့်သတ်ထားပါတယ်။