Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ ကျင့်သုံးပြီးနောက် လူငယ် ၇၀,၀၀၀ နီးပါးကို စစ်မှုထမ်းစုဆောင်းခဲ့
DVB
·
July 21, 2025

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးပြီးနောက် လူငယ် ၇၀,၀၀၀ နီးပါးကို စစ်မှုထမ်းတပ်သားသစ် စုဆောင်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇူလိုင် ၂၁ ရက်‌ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဟာ အဓမ္မ စစ်မှုထမ်း အပတ်စဉ်တခုကို လူဦးရေ ၄,၀၀၀ အနည်းဆုံးရရှိဖို့ ကြိုးပမ်းနေပြီး အပတ်စဉ်တခုနဲ့တခု လူဦးရေ မပြည့်မီတဲ့အတွက် မြင်တွေ့သမျှ လူငယ်တွေကို အရှိန်အဟုန်မြှင့် ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။

စစ်မှုထမ်းဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း လိုအပ်တဲ့အရေအတွက် မပြည့်မီပါက ဗဟိုအဖွဲ့က သတ်မှတ်ပေးတဲ့ နည်းလမ်းတမျိုးမျိုးနဲ့ ရွေးချယ်နိုင်ကြောင်း၊ မိသားစုအတွင်း စစ်မှုထမ်းနေသူ ရှိရင်လည်း ကျန်အကျုံးဝင်သူတွေကို ခေါ်ယူနိုင်ကြောင်း၊ စစ်မှုထမ်း ပျက်ကွက်ပါက မိသားစုဝင်တွေကိုပါ အရေးယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းပြီးသူများ အပါအဝင် မည်သူကိုမဆို အရေးပေါ်အခြေအနေ အကြောင်းပြချက်နဲ့ ဆင့်ခေါ်နိုင်ကြောင်း၊ ပြည်ပထွက်ခွာခွင့်ကို တားမြစ်နိုင်ကြောင်း၊ စစ်သင်တန်းပြီးပါက စစ်ကောင်စီရဲ့ ကကကြည်းက စေလွှတ်တဲ့ဒေသကို သွားရောက်ရမှာဖြစ်ကြောင်း စတဲ့ နည်းလမ်းမျိုးစုံနဲ့ လူငယ်တွေရဲ့ဘဝနဲ့ အသက်ကို လောင်းကြေးထပ် ချနင်း ဖျက်ဆီးလျက်ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ လူငယ်တွေကို ပုံစံမျိုးစုံနဲ့ ဖမ်းဆီးနေတဲ့အပြင် စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို နည်းပညာအသုံးပြု တည်ဆောက်နေပြီး လူငယ်တွေကို မှတ်တမ်းတင် စာရင်းသွင်းကာ ဖမ်းဆီးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဓမ္မစုဆောင်းခံရသူတွေကို တိုက်ပွဲတွေမှာ ရှေ့ထွက် အသေခံတပ်သားများအဖြစ် အသုံးချလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးတွေကို အမိန့်ပေး သုံးစွဲစေပြီး စစ်တိုက်ခိုင်းခြင်းများ ရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေဆီကို ဘက်ပြောင်းခိုလှုံလာမှုတွေလည်း များနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဓမ္မ ဖမ်းဆီးမှုကြောင့် တပ်သားသစ်အဖြစ် စုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အခွင့်သာတဲ့အချိန်တိုင်းမှာ တော်လှန်ရေးအင်အားစုတွေဆီကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ကူးပြောင်းခိုလှုံလာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်း နှိုးဆော်ထားပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့  နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို  စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်လည်အသက်သွင်း စတင်ကျင့်သုံးခဲ့ပြီး မတ် ၂၈ ရက်က စတင်သင်တန်းပေးခဲ့ရာ အခုဆို အပါတ်စဥ် ၁၆ အထိ ရောက်လာပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013