
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာမှာ သြဂုတ် ၆ ရက် မနက် ၁၀ နာရီလောက်က ရော်ဘာခြံထဲမှာ မြက်ရှင်းနေတဲ့ အလုပ်သမားတယောက် စစ်ကျန်လက်နက်ကြီးတခုအား ထိမိပေါက်ကွဲတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူအမျိုးသားဟာ အသက် ၂၃ နှစ်အရွယ် နေ့စားအလုပ်သမား ကိုအာကာဖြိုးဖြစ်ပြီး ညောင်ပင်ကွင်းရွာအရှေ့ကမ်းရှိ စစ်ကောင်စီတပ် (ကကကြည်း) ရှိရာ နေရာအနီး ရော်ဘာခြံ နတ်စင်အနားမှာ မပေါက်ကွဲပဲ ကျန်ရှိတဲ့ ၄၀မမ လက်နက်ကြီးတလုံးအား ခိုက်မိကာ ပေါက်ကွဲပြီး ဒဏ်ရာရသေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဗိုက်မှာ ကျည်အစထိတယ်၊ မျက်နာနဲ့ ရင်ဘတ်မှာလည်း ထိတယ်။ တအားကြီး ဆိုးဆိုးဝါးဝါး မပျက်စီးဘူ။ မနက်တည်းက သူတေယာက်တည်း မြက်ရိတ်နေတယ်။ ပေါက်ကွဲသံကြားပြီး စက်အသံမကြားရတော့ သွားကြည့်ကြမှ တွေ့ရတာပါ။”
ကိုအာကာဖြိုးက လက်နက်ကြီးအစစင်ပြီး မိနစ် ၂၀ အချိန်အလောက်မှာ သေဆုံးခဲ့ကာ မြက်ခုတ်စက်ရဲ့ ကျိုးပဲ့သွားတဲ့ ဓားမှာလည်း လွင့်စင်ခဲ့ပြီး တခြားလူတွေတော့ ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားရာနေရာတခုဖြစ်ပြီး စစ်ကောင်စီရဲ့ခမရ ၅၆၁ တပ်ရင်းကနေ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်ကွင်းကျေးရွာထဲက ဥယျာဥ်ရော်ဘာခြံတွေထဲမှာ မရှင်းလင်းရသေးတဲ့ လက်နက်ကြီးတွေ အပါအဝင် မြေမြှုပ်မိုင်းတွေ ကျန်ရှိနေသေးတာကြောင့် ရွာသားအများစု ဥယျာဥ်တောတောင်ထဲကို မသွားလာရဲကြဘူးလို့ ဆိုပါတယ်။