Home
မြန်မာသတင်း
ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်ကိစ္စ စစ်ကောင်စီသံရုံးများ ထုတ်ပြန်  
DVB
·
August 22, 2025

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးနိုင်ဖို့  သက်ဆိုင်ရာသံရုံးတွေမှာ ပုံစံ(၁၅) ထုတ်ယူနိုင်တယ်လို့ စစ်တပ် ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်က သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပုံစံ(၁၅) တွေကို သက်ဆိုင်ရာသံရုံးတွေမှာ သြဂုတ် ၂၁ ရက်က စတင်ထုတ်ယူနိုင်ပြီး အချက်အလက် ဖြည့်သွင်းထားတဲ့ ပုံစံ(၁၅)တွေကို သြဂုတ် ၂၁ ရက်မှ စက်တင်ဘာ ၈ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ရမယ်လို့ ဆိုပါတယ်။

ပြည်ပရောက်မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့  ဆန္ဒမဲပေးနိုင်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျာမနီ၊ အမေရိကန်စတဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း  မြန်မာနိုင်ငံသား မဲဆန္ဒရှင်ပြည်သူတွေ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့  ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) တွေကို ဖြန့်ဝေထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ တက်တက်ကြွကြွ ကြိုတင် ဆန္ဒမဲပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က ပြည်သူရွေးကောက်တင်မြှောက်တဲ့အစိုးရကို အာဏာသိမ်းပြီး မဲရလဒ်ကို ပယ်ဖျက်ခဲ့ပြီးနောက်မှာတော့ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေကြတာပါ။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ  ကြိုတင်မဲတွေ အရေအတွက် ဘယ်လောက်လာပေးကြမယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။  

စစ်ကောင်စီကဖွဲ့ပေးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့  အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့မှာ  ကျင်းပမယ်လို့ အတည်ပြုကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့  အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024