
လီဗာပူးနောက်ခံလူသစ် ဖရင်ပေါင်ဟာ တံကောက်ကြောဒဏ်ရာ မသက်သာသေးတာကြောင့် အခုတပတ်မှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲ အပါအဝင် အာဆင်နယ်နဲ့ပွဲကိုလည်း လွဲချော်နိုင်တယ်လို့ သိရပါတယ်။
ဟော်လန် ညာနောက်ခံလူဟာ အခုနှစ်အပြောင်းအရွှေ့ကမှ လီဗာကူဆင်ကနေ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့နဲ့ ကွန်မြူနတီဒိုင်းပွဲမှာ တဂိုးသွင်းခဲ့ပါသေးတယ်။
ဖရင်ပေါင်ဟာ ဘုန်းမောက်ကို အနိုင်ရတဲ့ အဖွင့်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး အသေးစိတ်စစ်ဆေးပြီးနောက် ၂ ပတ်ခန့် အနားယူရဖို့ ဖြစ်လာတာပါ။
ဖရင်ပေါင်အနေနဲ့ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးပြီး နောက်ပိုင်းမှသာ ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပြီး သြဂုတ် ၂၆ ရက်မှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲအပြင် သြဂုတ် ၃၁ ရက်မှာ ကစားရမယ့် အာဆင်နယ်နဲ့ပွဲကိုလည်း လွဲချော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နည်းပြ အာနဲစလော့ကတော့ ဖရင်ပေါင်နေရာအတွက် ဘရတ်ဒ်လေအပြင် အန်ဒိုပါ ကစားနိုင်လို့ အခက်အခဲ မရှိနိုင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။