
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟဲရတ်ထ်ပြည်နယ်မှာ သြဂုတ် ၁၉ ရက် ညက ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁၇ ယောက် အပါအဝင် အနည်းဆုံး လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အာမဒ်ဒူလာ မွတ်တက်ကီက ပြောပါတယ်။
အဲဒီဘတ်စ်ကားဟာ အီရန်ကနေ ကဘူးလ်ကို ပြည်နှင်ဒဏ်ပေးထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်ထားတာဖြစ်ပြီး ထရပ်ကားနဲ့ ဆိုင်ကယ်တို့ တိုက်မိပြီးနောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မွတ်တက်ကီက ပြောပါတယ်။
အီရန်မှ နှင်ထုတ်ခံထားရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အားလုံးကို ဘတ်စ်ကားတွေနဲ့ သူတို့ရဲ့ ဒေသတွေဆီကို ပြန်လည်ပို့ဆောင်တာဖြစ်ပြီး ဒီဘတ်စ်ကားက အဲဒီထဲက တစီးဖြစ်တယ်လို့ အသံဖိုင် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မီးသတ်သမားတွေက မီးလောင်နေတဲ့ ဘတ်စ်ကားကို မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းနေတဲ့ ဗွီဒီယိုကို တာလီဘန်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဗွီဒီယိုဖိုင်ကို မွတ်တက်ကီ က X မှာ မျှဝေခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို သိပ်မကြာခင်မှာ မီးသတ်သမားတွေ ရောက်ရှိလာပေမဲ့ သေဆုံးသူတွေကို မကယ်တင်နိုင်ပါဘူး။
Source:Reuters