Home
နိုင်ငံတကာ
အချက်အလက် ပေါက်ကြားမှုကြောင့် အာဖဂန်နိုင်ငံသား ၂၀,၀၀၀ ကျော်ကို ဗြိတိန် ခိုလှုံခွင့်ပေး  
DVB
·
July 16, 2025
Photo :Reuters

ဗြိတိန်နိုင်ငံမှာ သမိုင်းတလျှောက် အကြီးမားဆုံး အချက်အလက်ပေါက်ကြားမှု ဖြစ်ပွားပြီးနောက် အာဖဂန်နိုင်ငံသား ၂၄,၀၀၀ နီးပါးနဲ့ မိသားစုဝင်တွေကို လျှို့ဝှက်စွာ ခိုလှုံခွင့်ပေးခဲ့ကြောင်း အစိုးရအဖွဲ့က ပထမဆုံး ဝန်ခံသွားပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အမည်မဖော်လိုတဲ့ တော်ဝင်ရေတပ် အရာရှိတယောက်က အာဖဂန်အဖွဲ့တခုဆီ အီးမေးလ်ပို့ရင်း ဗြိတိန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူတွေရဲ့ စာရင်းကို မတော်တဆ မှားထည့်မိခဲ့တာပါ။

အဲဒီထဲမှာ ဗြိတိန်နိုင်ငံဆီ ပြောင်းရွှေ့နေထိုင်ဖို့ လျှောက်ထားသူ ၁၉,၀၀၀ နီးပါးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေလည်း အသေးစိတ် ပါဝင်ပါတယ်။

၂၀၂၁ ဩဂုတ် ၁၅ ရက်မှာ တာလီဘန်တွေက အာဖဂန်နစ္စတန်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အနောက်အုပ်စုအတွက် အလုပ်လုပ်ပေးခဲ့သူတွေအပေါ် ပစ်မှတ်ထား အရေးယူလေ့ရှိပါတယ်။

ဒါကြောင့် လက်ရှိ တာလီဘန်အစိုးရရဲ့ အပြစ်ပေးမှုနဲ့ ရင်ဆိုင်ရနိုင်တဲ့ လူနာမည်တွေ၊ မိသားစုဝင်တွေအပြင် ဆက်သွယ်ရမယ့် အချက်အလက်တွေအထိ ပေါက်ကြားခဲ့တဲ့အလျောက် ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ရာ ဖြစ်လာခဲ့တာပါ။

၂၀၂၃ ဩဂုတ်လ အရောက်မှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်အထိ အချက်အလက်တချို့ ပျံ့နှံ့လာတဲ့အတွက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ရီရှီ ဆူးနက်ခ်ရဲ့ ကွန်ဆာဗေးတစ်အစိုးရက ဒီပေါက်ကြားမှုကို အများပြည်သူမသိအောင် ကြိုးပမ်းခဲ့ရပါတယ်။

အဲဒီနောက် “Super-injunction” ဆိုတဲ့ အထူးတားမြစ်မိန့်သုံးပြီး ဒီကိစ္စကို ၆၈၃ ရက်ကြာအောင် အစိုးရနှစ်ဆက်စလုံးက ဖုံးဖိထားခဲ့ကြတာ ဖြစ်ပါတယ်။

တာလီဘန်အဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတယောက်ကတော့ အချက်အလက် ပေါက်ကြားပြီးနောက် မကြာခင်မှာတင် “သုတ်သင်ရမယ့်လူစာရင်း” (Kill List) ကို ရလာခဲ့သလို အဲဒီအတိုင်း လိုက်နေတယ်လို့လည်း တုံ့ပြန်ထားပါတယ်။

နောက်ဆက်တွဲအဖြစ် ဗြိတိန်အစိုးရ တာဝန်ရှိသူတွေက အာဖဂန်နိုင်ငံသား ၆,၉၀၀ ကို သီးသန့်စီစဉ်ပြီး ခေါ်ယူပေးမယ်လို့ အတည်ပြုပါတယ်။

အဲဒီထဲက အယောက် ၄,၅၀၀ ဟာ ဗြိတိန်နိုင်ငံမှာ ဒါမှမဟုတ် လမ်းမှာရောက်နေပြီ ဖြစ်တဲ့အပြင် နောက်ထပ်ဦးရေ ၂,၄၀၀ ကိုပါ ထပ်မံခေါ်ယူသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအရ သိရပါတယ်။

အခုလိုမျိုး အချက်အလက် ပေါက်ကြားမှုကြောင့် ၅ နှစ်အတွင်း ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်ပေးမယ့် လူဦးရေဟာ ၄၃,၀၀၀ အထိ ရှိနိုင်သလို ပေါင် ၇ ဘီလီယံလောက် ကုန်ကျနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ ကတော့ နစ်နာခဲ့ရသူတွေကို “အနူးအညွတ် တောင်းပန်” လိုကြောင်း အောက်လွှတ်တော်မှာ တရားဝင်ပြောသွားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013