
ဗြိတိန်ကို လှေနဲ့ခိုးဝင်လာတဲ့ ရွှေ့ပြောင်းတွေကို ပြင်သစ်ပြန်ပို့မယ့် စမ်းသပ်အစီအစဉ်ကို လာမယ့် ရက်သတ္တပတ်တွေအတွင်း စတင်အကောင်အထည်ဖော်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပြောပါတယ်။
“တယောက်ဝင်၊ တယောက်ထွက်” သဘောတူညီချက်အရ အဲဒီလိုပြန်ပို့တဲ့ အရေအတွက်နဲ့ တူညီတဲ့ ရွှေ့ပြောင်းခိုလုံခွင့် တရားဝင်တောင်းခံသူ အရေအတွက်ကို လုံခြုံရေးစိစစ်ပြီးတော့ ဗြိတိန်က ပြန်လက်ခံပေးမှာ ဖြစ်ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်း ဗြိတိန်ကို ၃ ရက်ကြာခရီးစဉ် ရောက်ရှိနေတဲ့အချိန် အခုသဘောတူညီချက် ရခဲ့တာဖြစ်ပါတယ်။
အဓိကကတော့ တရားမဝင်ရွှေ့ပြောင်းတွေ ဥရောပကို ဖြတ်ပြီးတော့ ပြင်သစ်ကို ရောက်အောင်လာ၊ အဲဒီကမှ အင်္ဂလိပ်ရေလက်ကြားကို လှေငယ်လေးတွေနဲ့ ဖြတ်ပြီးတော့ ဗြိတိန်ထဲ ခိုးဝင်တာကို တားဆီးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် လူမှောင်ခိုပို့တဲ့စနစ်ကို ချိုးဖျက်ရာရောက်မယ်လို့ စတာမာက ဆိုပါတယ်။
၂၀၁၈ ကတည်းက ဗြိတိန်ကို လှေငယ်နဲ့ခိုးဝင်သူ ၁၇၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဒီနှစ်မှာ စံချိန်တင် မြင့်တက်ခဲ့ပြီး ပထမခြောက်လအတွင်း ၂၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ မက်ခွန်းကတော့ အခုအစီအစဉ်ဟာ အရံအတား ဖြစ်လာစေမယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂက ထွက်လိုက်တာဟာ တရားမဝင်ရွှေ့ပြောင်းကိုင်တွယ်ရေး ပိုခက်ခဲသွားစေတယ်လို့ မှတ်ချက်ချပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ တိုက်ခိုက်မှုတခု ဖြစ်တဲ့အချိန်မှာ ၂ နိုင်ငံ နျူကလီးယားလက်နက်တွေ ပူးတွဲအသုံးပြုဖို့၊ စူပါကွန်ပျူတာ၊ AI နည်းပညာနဲ့ သင်္ဘောဖျက်ဒုံးကျည် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ပါ ကြေညာခဲ့ပါတယ်။
အခုလို ပြင်သစ်ပြန်ပို့တဲ့သူတွေကို စပိန်နဲ့ အီတလီကို ထပ်ပြန်ပို့မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
EU စည်းမျဉ်းအရ ပြင်သစ်ပြန်ပို့ခံရသူတွေဟာ ခိုလှုံခွင့် တရားဝင်တောင်းခံချင်ရင် သူတို့စရောက်တဲ့ ဥရောပနိုင်ငံကနေ လျှောက်ရမှာ ဖြစ်ပါတယ်။
မြေထဲပင်လယ်ကိုဖြတ်ပြီး ခိုလှုံဖို့ ဝင်ရောက်လာသူတွေ ပထမဆုံးရောက်တဲ့နိုင်ငံက ဒီနှစ်နိုင်ငံ ဖြစ်ပါတယ်။
Source: Reuters