
ဗြိတိန်ဝန်ကြီးချုပ် စတာမာနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့က ၂ နိုင်ငံ စစ်လက်နက်ပစ္စည်းတွေ ပူးတွဲထုတ်လုပ်ဖို့ သဘောတူညီချက်ရခဲ့ကြောင်း ဇွန် ၂၃ ရက်က ကြေညာခဲ့ပါတယ်။
ရုရုားစစ်ကို ကာကွယ်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လန်ဒန်ကို ဇလန်းစကီး ရောက်ရှိချိန်မှာ အခုလို သဘောတူညီချက် ရခဲ့တာပါ။
ဇလန်းစကီးဟာ လန်ဒန်ကိုရောက်စဉ် ဗြိတိန်မှာ လေ့ကျင့်နေတဲ့ ယူကရိန်းတပ်သားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
“ကျနော်တို့ စစ်လက်နက်ပစ္စည်း ပူးတွဲထုတ်လုပ်ရေးအတွက် သဘောတူညီချက်ရတာကို ကျနော် တကယ်ဂုဏ်ယူမိပါတယ်။ ယူကရိန်းနဲ့ ဗြိတိန် ပူးပေါင်းဆောင်ရွက်မှုက ကြီးမားတဲ့ ခြေလမ်းတခုဖြစ်ပြီး ကျနော်တို့ ရှေ့ဆက်ပြီး အခုလို ပူးပေါင်းဆောင်ရွက်နိုင်မှာပါ” လို့ စတာမာက ပြောပါတယ်။
ဒီလို ၂ နိုင်ငံ သဘောတူညီမှုရတာက ၂ နိုင်ငံစလုံး အင်အားကောင်းအောင် ကူညီပေးတာဖြစ်ပြီး ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို ပံ့ပိုးတဲ့ ဗြိတိန်ကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
သဘောတူညီချက်အရ စစ်ပွဲမှာအသုံးပြုတဲ့ နည်းပညာတွေ ဖလှယ်ဖို့၊ ဗြိတိန်ရဲ့ ဒရုန်းထုတ်လုပ်မှု တိုးမြှင့်ဖို့နဲ့ ဗြိတိန်ကာကွယ်ရေးစက်ရုံတွေ ယူကရိန်းရှေ့တန်းမှာ နည်းပညာတွေ ချိတ်ဆက်အသုံးပြုမှုတွေပါ ပါဝင်တယ်လို့ စတာမာရဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။
ဒီသဘောတူညီချက်ဟာ ၃ နှစ်သက်တမ်းရှိမှာ ဖြစ်ပါတယ်။ စတာမာ ယူကရိန်းကို ဇန်နဝါရီက အလည်အပတ်ခရီးစဉ် လာရောက်ချိန် ၂ နိုင်ငံ လုံခြုံရေးနဲ့ ယဉ်ကျေးမှု ဖလှယ်မှာဖြစ်ကာ နှစ်ပေါင်း ၁၀၀ လက်တွဲမယ်လို့ ပြောဆိုခဲ့အပြီး အခုလို သဘောတူညီချက် ထွက်ပေါ်လာတာပါ။
၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံချိန် ဗြိတိန်အစိုးရအဖွဲ့က ဖော်ပြချက်မှာ အမေရိကန် မပါဝင်ပေမဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ လာမယ့်အပတ်တွေမှာ အဖွဲ့ဝင်နိုင်ငံသစ်တွေ တိုးမြှင့်သွားမှာက နောက်ထပ်ခြေလှမ်းတခု ဖြစ်တယ်လို့ ပါရှိပါတယ်။
ဇလန်းစကီးဟာ ဗြိတိန်ခရီးစဉ်မှာ ချားလ်ဘုရင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ၃ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ချားလ်ဘုရင်က ယူကရိန်းကို ထောက်ခံတယ်ဆိုတာ ပြသတဲ့အကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ဇလန်းစကီးဟာ ဗြိတိန်ခရီးစဉ်မှာ လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
Source: Reuters