Home
နိုင်ငံတကာ
ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်း ကမ္ဘာ့အမွေအနှစ်ဘုရားကျောင်း ပျက်စီး
DVB
·
June 12, 2025
Photo: OSV News photo/Thomas Peter, Reuters

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ရှိ သမိုင်းဝင်နယ်မြေအတွင်း တည်ရှိတဲ့ စိန့်ဆိုဖီယာ ဘုရားရှိခိုးကျောင်းကြီးကို ရုရှားရဲ့ ညဘက် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်း ယူကရိန်း ယဉ်ကျေးမှုဝန်ကြီးက ဇွန် ၁၀ ရက်မှာ ပြောပါတယ်။

အဲဒီဘုရားကျောင်းကြီးဟာ ယူကရိန်းရဲ့ အထင်ရှားဆုံး အထိမ်းအမှတ်တခုဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

မနေ့ညက ရန်သူဟာ ယူကရိန်းရဲ့ အရေးအပါဆုံး အရာကို ထပ်မံထိပါး တိုက်ခိုက်လာတယ်လို့ ယူကရိန်း ယဉ်ကျေးမှုဝန်ကြီး မိုက်ကိုလာ တိုချစ်စကီးက ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပြီး ၁၁ ရာစုက ဘုရားရှိခိုးကျောင်းကြီးကို ယူကရိန်း အားလုံးရဲ့ စိတ်ဝိညာဉ်လို့လည်း ခေါ်ဆိုခဲ့ပါတယ်။

ရာစုနှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ပြီး နိုင်ငံဖြစ်တည် မွေးဖွားလာမှုကို ကိုယ်စားပြုတဲ့ ဗိမာန်ကြီး၊ ကိယက်ဗ်က စိန့်ဆိုဖီယာ ဘုရားရှိခိုးကျောင်းကြီး ပျက်စီးသွားရပြီလို့ သူက ပြောပါတယ်။

ပေါက်ကွဲမှု လှိုင်းလုံးကြောင့် အထင်ကရ အဆောက်အအုံရဲ့ ပင်မအမိုးခုံးပေါ်ရှိ ကောနစ်စ် ထောင့်စွန်းတွေ ပျက်စီးသွားပါတယ်။

ဘုရားကျောင်းကြီး ပျက်စီးသွားရတာဟာ စစ်ပွဲစတင်ချိန်ကတည်းက ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူးချုပ် အဆင့် ၁ ဗာဒင်မ် ကီရီလန်ကိုက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့လည်း မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ရှိနေတဲ့ကြားမှာပဲ မြေပြင်အနီးကို ပျံသန်းနေတဲ့ ရုရှားဒရုန်းတွေဟာ ခြိမ်းခြောက်မှု ဖြစ်နေတာပါ။

လုံခြုံရေးအစောင့်တွေ ပြောသလိုဆိုရင် တခါတလေမှာ ဒရုန်းတွေဟာ မြေပြင်အထက် ၇၆ မီတာအကွာ ခေါင်းလောင်းမျှော်စင်ပေါ်ရှိ လက်ဝါးကပ်တိုင်တွေကို ထိလုနီးပါးပဲလို့လည်း သူက ဆိုပါတယ်။

ကီရီလန်ကို ကတော့ စိုးရိမ်ရတဲ့ထိခိုက်မှု မရှိဘူးလို့ ဆိုပေမဲ့ နှစ်ပေါင်း ၁၀၀၀ နီးပါး သက်တမ်းရှိ နေရာကို အထူးပြု အဖွဲ့အစည်းက စစ်ဆေးသွားမှာဖြစ်ပြီး ပြန်ပြုပြင်မယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရုရှားရဲ့ အကြီးအကျယ် ကျူးကျော်မှုအပြီး တနှစ်ကျော်ကာလမှာ ရုရှားရဲ့ ထိုးစစ်တွေကြောင့် ဒီအထင်ကရအဆောက်အအုံကို ထိခိုက်ပျက်စီးနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုကြောင့် ယူနက်စ်ကိုရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီက စိန့်ဆိုဖီယာ ဘုရားရှိခိုးကျောင်းကို အန္တရာယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013