Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်း စစ်လေယာဉ်ကွင်းများကို အပြန်အလှန်တိုက်ခိုက်
DVB
·
June 10, 2025
Photo: Screenshot / Astra / Telegram)

ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ပဲ့ထိန်းလက်နက်တွေနဲ့ ဒရုန်းတွေသုံးတဲ့ စစ်လေယာဉ်ကွင်းတွေကို အပြန်အလှန် တိုက်ခိုက်ခဲ့တယ်လို့ ဇွန် ၉ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်း ရိန်းဒေသက ယူကရိန်းစစ်လေယာဉ်ကွင်းကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ပဲ့ထိန်းလက်နက်တွေနဲ့ ဒရုန်းတွေသုံးပြီး တနင်္ဂနွေညကနေ တနင်္လာနေ့ အစောပိုင်းအထိ ရုရှားတပ်ဖွဲ့တွေက အကြီးအကျယ် စတင်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရုရှားပိုင်နက်ကို ယူကရိန်းက တိုက်ခိုက်လို့ လက်တုံ့ပြန်တာလို့ ဖော်ပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ယူကရိန်းလေယာဉ်နဲ့ ဒုံးကျည်စခန်း အများအပြားကို ဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒ့ါအပြင် ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းစစ်တပ်နဲ့ ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ပစ်မှတ်အများအပြားကို ထိမှန်စေဖို့ တိကျတဲ့ တာဝေးပစ် လေကြောင်းအခြေစိုက် လက်နက်တွေကို သုံးခဲ့တယ်လို့လည်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က ဒေသအများအပြားမှာ တနင်္ဂနွေနေ့ကနေ တနင်္လာနေ့အထိ ယူကရိန်းဒရုန်း ၄၉ စင်းကို ကြားဖြတ်ဟန့်တားခဲ့ပြီး လုံခြုံရေးစိုးရိမ်မှုကြောင့် ရုရှားနိုင်ငံအနောက်ပိုင်း ခါဇံ၊ နိုက်ဇ်ညီ နော့ဗ်ဂိုရော့ဒ်၊ စာရာတဗ်နဲ့ တမ်ဘို့ဗ် ဒေသတွေက လေဆိပ်တွေမှာ ပျံသန်းမှုကို ယာယီ ကန့်သတ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အလယ်ပိုင်း နစ်ပရိုပေထရို့ဗ်စ်ခ်ဒေသထဲမှာ ရုရှားတပ်တွေက ထိန်းချုပ်နယ်မြေကို တိုးချဲ့ပြီး ယူကရိန်း ခံစစ်စခန်းတွေဆီ ဆက်ချီတက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံကြေညာခဲ့ပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာ ရုရှားနိုင်ငံ နိုက်ဇ်ညီ နော့ဗ်ဂိုရော့ဒ် ဒေသက ဆာဗက်စ်လေကာ လေယာဉ်ကွင်းကို ယူကရိန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကင်ဂျယ်လ်ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ MiG-31K တိုက်လေယာဉ်တွေထားတဲ့ လေယာဉ်ကွင်းမှာ ရုရှားဂျက်တိုက်လေယာဉ် ၂ စင်း ပျက်စီးခဲ့တယ်လို့ ပဏာမသတင်းတွေကို ကိုးကားပြီး ယူကရိန်းက ကြေညာခဲ့ပါတယ်။

ရုရှားဟာ တနင်္လာနေ့မှာ ယူကရိန်းပိုင်နက်ထဲကို ဒရုန်းအစင်း ၅၀၀ နီးပါးနဲ့ ဒုံးကျည် အများအပြားကို ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

ခင်ဇယ်လ် ဒုံးကျည် ၄ စင်း အပါအဝင် မောင်းသူမဲ့ လေယာဉ်အစင်း ၄၆၀ နဲ့ ဒုံးကျည် ၁၉ စင်းတို့ကို ယူကရိန်း ကာကွယ်ရေးတပ်တွေက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။

သီးခြားစစ်ဆင်ရေးတခုမှာ ယူကရိန်းဒရုန်းယာဉ်တွေက လမ်းကြောင်းပြကိရိယာတွေ ထုတ်တဲ့ ချူဗာရှီယာဒေသက ရုရှားကာကွယ်ရေးလုပ်ငန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုစွမ်းရည်ကို ကျဆင်းစေဖို့ ကြိုးပမ်းမှုအဖြစ် ယူကရိန်းက သတ်မှတ်ထားတဲ့ စက်ရုံကို မောင်းသူမဲ့လေယာဉ် အနည်းဆုံး ၂ စင်းက ထိမှန်အောင် ပစ်ခတ်ခဲ့ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013