Home
မြန်မာသတင်း
၃ လအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားသူ ရခိုင်က အများဆုံးဖြစ်
DVB
·
August 21, 2025
Photo: AA တပ်ဖွဲ့ဝင်များ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်နေစဉ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ပေါက်ကွဲခဲ့မှုက ၂၀၂၅ ခုနှစ် ပထမ ၃ လတာအတွင်းမှာ ဖြစ်ရပ်ပေါင်း ၁၄၀ ရှိခဲ့ပြီး အဲဒီအထဲ ရခိုင်ပြည်နယ်က အများဆုံး ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ပထမ ၃ လအတွင်းမှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ပေါက်ကွဲမှုပေါင်း ၁၄၀ ဖြစ်ပွားခဲ့ပြီး နိုင်ငံတဝန်း အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရမှုက ၂၂၇ ယောက်ရှိခဲ့ပါတယ်၊ 

မြေမြှုပ်မိုင်းထိခိုက် ပေါက်ကွဲတဲ့ ဖြစ်ရပ်အားလုံး စုစုပေါင်းရဲ့ ၂၃ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်က အများဆုံး ဖြစ်ပြီး ဖြစ်ရပ် ၃၁ နဲ့ ထိခိုက်သေဆုံးသူအရေအတွက် ၅၂ ယောက် ရှိခဲ့တယ်လို့ UNICEF မြန်မာရဲ့ ဇူလိုင်လမှာ ထုတ်ပြန်တဲ့ “မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ “အရ သိရပါတယ်။

လက်ရှိမှာဆိုလည်း စစ်တပ်က ပြည်သူတွေ နေထိုင်ရာ နေရာတွေအနီးမှာ ခြေကုပ်ယူကာ မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး ပြန်လည်ဆုတ်ခွာချိန်မှာတော့ ပြန်လည် မရှင်းလင်းသွားတဲ့ အတွက် ရခိုင်မှာ ထိခိုက်မှု အများဆုံးဖြစ်ရကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)  ဥက္ကဋ္ဌ ကိုနေကျော်စိုးက ပြောပါတယ်။

“စစ်ဘက်ရေးရာအရ‌ရော အရပ်သားတွေနေတဲ့ နေရာမျိုးမှာ မြေမြှုပ်မိုင်းတွေ မသုံးဖို့အတွက် အဓိက ကန့်သတ်ထားတာတွေ ရှိတယ်။ ဒါပေမဲ့ စစ်ပွဲအချိန်ကာလမှာကျတော့ သူတို့တွေရဲ့ လုံခြုံရေးအရကို သုံးကြတယ်။ တပ်မတွေအကုန်လုံးကလည်း အရပ်ဘက်နေရာတွေမှာ အခြေစိုက်တယ်ပေါ့။ အရပ်သားတွေနေတဲ့ ကျေးရွာတွေကို သိမ်းတယ်၊ လယ်မြေတွေကို သိမ်းတယ်၊ ဥယျာဉ်မြေတောင်မြေတွေမှာ သူတို့က တပ်ဧရိယာဆိုပြီး အကုန်သိမ်းပြီးတော့ စစ်ပွဲဖြစ်လာရင် အဲဒီနေရာတွေမှာပဲ သူတို့က သူတို့မြေမြှုပ်မိုင်းတွေကို သူတို့တပ်ရင်းတွေကို ကာကွယ်ကို အသုံးပြုတယ်ပေါ့။ ဒါက လူသားတွေရဲ့ လုံခြုံရေးတော်တော်လေး အန္တရာယ်ကြီးတဲ့ အခြေအနေရှိတယ်။ စစ်တွေမြို့ တမြို့လုံးနီးပါးကို သူတို့က စစ်တပ်ကနေ ခြံစည်းရိုးတွေ ကာတယ်။ အဲဒီခြံစည်းရိုးအနီးအနား ပတ်ပတ်လည်တွေမှာ မိုင်းထောင်ထားတာရှိတယ်။ စစ်တွေတမြို့လုံးနီးပါးကို ထောင်ထားတာ အဲဒီမှာ မိုင်းအလုံးရေ ထောင်ချီပြီး တော့ရှိတယ်။”

UNICEF ရဲ့ ထုတ်ပြန်ချက်အရ ဒေသအလိုက် ထိခိုက်မှုတွေမှာ ရှမ်းပြည်နယ်က ဖြစ်ရပ် ၂၉ ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ခံစားရသူအရေအတွက် ၄၉ ယောက် ရှိခဲ့ကာ စုစုပေါင်း ၂၂ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။

မကွေးတိုင်းမှာတော့ ဖြစ်ရပ် ၂၄ ခု၊ ထိခိုက်ခံစားရသူအရေအတွက် ၃၅ ယောက်နဲ့  စုစုပေါင်း ၁၅ ရာခိုင်နှုန်းနဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။

ကျန်ပြည်နယ်နဲ့  တိုင်းဒေသကြီးတွေမှာတော့ စုစုပေါင်း ထိခိုက်ခံစားရသူ အရေအတွက်က ၄၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အရပ်ဘက်အဖွဲ့တွေကတော့ မြေမြှုပ်မိုင်းအသုံးပြုမှုကို ကန့်ကွက်ရှုတ်ချနေပေမဲ့ ဆက်လက်ပြီး အသုံးပြုနေဦးမယ် ဆိုရင်လည်း ပြည်သူတွေ သွားလာတဲ့ နေရာတွေမှာရှောင်ရှားနိုင်ဖို့ ကြိုတင် သတိပေးတာတွေ လုပ်ဆောင်သင့်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းမွေလျန်းက အကြံပြုပါတယ်။

“၂၀၂၁ နောက်ပိုင်း တိုက်ပွဲတွေ မပြင်းထန်ခင်ကတည်းက ဒီရှမ်းပြည်မှာက မြေမြှုပ်မိုင်းကို ဆက်တိုက်သုံးခဲ့တယ်။ အခုထိလည်း ဆက်တိုက်သုံးနေဆဲပဲပေါ့၊ တကယ်တိုက်ပွဲ ဆိုတာထက် ဒေသခံတွေက ပိုပြီးတော့ နစ်နာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အတတ်နိုင်ဆုံး မသုံးကြဖို့ပေါ့။ တကယ်လို့ မတတ်နိုင်လို့ ဘယ်လိုမှ တားမရလို့ သုံးမယ်ဆိုရင် ဒေသခံတွေ သွားလာတဲ့လမ်းတွေမှာ မသုံးဖို့ဘဲ တောင်းဆိုချင်ပါတယ်။ မြေမြှုပ်မိုင်းတွေ သုံးနေတာကို ကျမတို့အနေနဲ့ ကန့်ကွက်ပါတယ်။ ဒါပေမဲ့လည်း ပြောခဲ့သလိုပဲပေါ့ တကယ်လို့ လုပ်မယ်ဆိုရင်လည်း ပြည်သူလူထုကို သတိပေးတာ၊ သာမန်ပုံမှန် အရပ်သားတွေကို သတိပေးတာမျိုး လုပ်စေချင်ပါတယ်။”

၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ်လအထိ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် သေဆုံးခဲ့ရသူဟာ ၅၈၆ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူဟာ ၂၄၄၉ ယောက် ရှိခဲ့ပါတယ်။ ၄ နှစ်ကျော်ကာလမှာတော့ ၂၀၂၃ ခုနှစ်မှာ‌ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေက ၁၈၈ ခုနဲ့ အများဆုံးလည်း ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ထိခိုက်ခံစားရသူ စုစုပေါင်းရဲ့ ၂၆ ရာခိုင်နှုန်းမှာ ကလေးသူငယ်တွေ ဖြစ်ကြောင်း လည်းသိရပါတယ်။

မြေမြှုပ်မိုင်းစောင့်ကြည့်တဲ့အဖွဲ့ landmine and cluster munition monitor ကတော့ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို  စစ်တပ်က အသုံးများတာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေက မြေမြှုပ်မိုင်းကို ကိုယ်တိုင်ထုတ်လုပ်တာရှိသလို စစ်တပ်စက်ရုံက ထုတ်လုပ်လိုက်တဲ့ မြေမြှုပ်မိုင်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရမိကာ ထပ်ဆင့် ပြန်လည်အသုံးပြုနေတာမျိုးလည်း တွေ့ရှိရကြောင်း ဆိုထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013