Home
ဆောင်းပါး
မြေမြှုပ်မိုင်းသံသရာကြားမှာ အိပ်မက်ပျောက်သူများ
DVB
·
August 13, 2025

“အရင်ဆုံး မိုင်းနင်းတယ်၊ မိုင်းနင်းပြီးမှ လွင့်တယ်၊ အဲဒီအချိန်မှာ ခြေထောက်ပြန်မြင်တဲ့ အချိန်မှာတော့ ငါ သေတော့မှာပေါ့နော် အဲဒီလိုပဲ တွေးထားတာပေါ့နော်။ အဲဒီမှာ စခန်းနဲ့လည်း အရမ်းနီးနေတော့လေ သူတို့လာရင်တော့ ပြေးလည်း မပြေးနိုင်တော့ဘူး၊ သေရုံပဲလေ အဲဒီချိန်မှာ ကိုယ် သေဖို့ စိတ်ပြင်ဆင်ထားတာပေါ့နော်။”

ဒါကတော့ အသက် ၁၉ နှစ်အရွယ် ဒေးဗစ်က သူ မြေမြှုပ်မိုင်း နင်းမိတုန်းက ခံစားခဲ့ရတဲ့ ခံစားချက်ကို ပြန်လည်ပြောပြနေတာပါ။ ဒေးဗစ်က ချင်းပြည်ကာကွယ်ရေးတပ် CDF မတူပီတပ်ဖွဲ့က ရဲဘော်တယောက်ပါ။

သူဟာ အထက်တန်းကျောင်းသားဘဝက‌နေ ကာကွယ်ရေးတပ်ဖွဲ့ထဲ ရောက်ခဲ့ပြီး သူ့ရဲ့  ပထမဆုံး တိုက်ပွဲမှာပဲ မြေမြှုပ်မိုင်းနင်းမိလို့ ဘယ်ဘက်ခြေထောက်တဖက် ဆုံးရှုံးလိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ် ထယ်ဘွေး စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်တုန်းက စခန်းအနီးမှာ စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းကို ဒေးဗစ် နင်းမိခဲ့တာပါ။ အခုတော့ ခြေထောက်တဖက် ဆုံးရှုံးသွားရတဲ့ ဒေးဗစ်ဟာ သူ့ရဲ့ ဘောလုံးသမားအိပ်မက်ကိုလည်း ဆုံးရှုံးခဲ့ရပါပြီ။

“အရင်က မိုင်းမနင်းခင်က ခြေကတော့ မွေးကတည်းကပါလာတဲ့ ‌ခြေဆိုတော့ ကိုယ် ကြိုက်သလို သွားလို့ရတယ်၊ ကိုယ်ကြိုက်သလို ပြေးလို့ရတယ်။ ဒါပေမဲ့ အခု ခြေတုဆိုတော့ ညအိပ်တယ်ဆို ဖြုတ်ရတယ်၊ သွားရမယ်ဆို ပြန်တပ်ရတယ်။ ကိုယ့်ဟာကိုယ် တအားနှေးသလို ခံစားရတယ်။ ကိုယ်လုပ်ချင်တာဆို ထထလုပ်လို့မရဘူး။ ဘာမဆိုဖြည်းဖြည်းလေး လုပ်ရတယ်။”

တိုက်ပွဲအတွင်းမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရဲ့ နောက်ဆက်တွဲမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ ဘဝပြန်လည်ရပ်တည်ရေး ခက်ခဲရတာတွေလည်း အများကြီး ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အခုလို ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရတဲ့ လူငယ်ရဲဘော်ဟာ ဒေးဗစ်တယောက်တည်းတော့ မဟုတ်ပါဘူး။ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ ဒဏ်ရာရ ရဲဘော်အရေအတွက်နဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရကို မေးမြန်းခဲ့ဖူးပေမဲ့ လုံခြုံရေးအရ ပြန်လည်ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပြည်တွင်းစစ်ကာလ ကြာရှည်ခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ စစ်အာဏာမသိမ်းခင်ကတည်းက မြေမြှုပ်မိုင်းဒဏ်ကို နှစ်ဖက်တိုက်ပွဲမှာ ပါဝင်သူတွေကော၊ အရပ်သားတွေပါ ခံစားခဲ့ကြရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်ပြီး ပဋိပက္ခတွေ ကျယ်ပြန့်လာတာနဲ့အတူ စစ်ကောင်စီတပ်ဘက်ကရော ကာကွယ်ရေးတပ်ဖွဲ့တွေကပါ မြေမြှုပ်မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ တွေ့ရပါတယ်။

မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သားတွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတာတွေ ရှိနေတဲ့အတွက် မိုင်းသတိရှိကြဖို့ ပညာပေးမှုတွေ လုပ်နေသလို မြေမြှုပ်မိုင်းတွေကို စနစ်တကျထောင်ဖို့လည်း လိုတယ်လို့ မကွေးတိုင်းထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပြပါတယ်။
“အများပြည်သူတွေ အသုံးပြုတာများတဲ့ နေရာတွေကို ထောင်မယ်ဆိုရင် အင်မတန် သတိထားရပါမယ်။ ထောင်ပြီးရင်လည်း ချက်ချင်းသတိပေးနိုင်အောင် ကြိုးစားရပါမယ်။ ရန်သူတွေနဲ့ ဝေးကွာတဲ့နေရာ မဟုတ်ဘဲ အနီးကပ်ထောင်နိုင်အောင် စဉ်းစားရပါမယ်။ အရပ်ဒေသ ကန့်သတ်ပြီးကာမှ ဘယ်နေရာမှာမိုင်းရှိတယ်၊ မသွားဖို့ မလာဖို့ပေါ့နော်၊ တောတောင်တွေထဲ ထောင်တယ်ဆိုရင် မျှစ်ချိုး ဝါးခုတ် ထင်းခွေရာမှအစ ဒီအရပ်ဒေသတွေကိုတော့ သွားလို့မရဘူး၊ ဒီအရပ်ဒေသတွေကိုတော့ သွားလို့ရတယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကနေ အကုန်လုံး ပူးပေါင်းပြီးတော့မှ လုပ်ဆောင်ရမယ်။”

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု သိသိသာသာ မြင့်တက်လာခဲ့ပြီး မြေမြှုပ်မိုင်း အသုံးပြုမှုကြောင့် ထိခိုက်သေဆုံးတဲ့ ကမ္ဘာ့နိုင်ငံတွေထဲ မြန်မာနိုင်ငံက အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက နမ်းမယ်ခုံမှာလည်း အသက် ၂၀ အရွယ် အကိုခူးရယ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက စစ်ရှောင်ရာကနေ နေရပ်ကို ပြန်လာချိန် မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ ဆုံးရှုံးခဲ့ရပါတယ်။

“ကျနော် မိုင်းနင်းမိတဲ့ အချိန်တုန်းက ရွာထဲရွာ အောက်ဘက်ပေါ့နော်၊ အဲ့မှာ မိုင်းနင်းမိတယ်။ ခြေထောက်တဖက် ဆုံးရှုံးရတယ်။ ပြီးတော့ ယောကျ်ားအင်္ဂါတလုံးရယ် ပြီးတော့ ညာဘက်မျက်စိရယ်၊ အကုန်လုံး ဆုံးရှုံးရတာပေါ့နော်။ မိုင်းရှိမှန်း ကျနော်လည်းမသိဘူး။ အဲဒါ ကျနော် သွားတယ်ပေါ့နော်။ လမ်းကို ဂရုစိုက်လည်း သွားတယ်၊ ဒါပေမဲ့ မိုင်းနင်းမိကံပါလာလို့ ကျနော်လည်း မတတ်နိုင်ဘူး၊ ထိသွားရော။”

အခုတော့ ကရင်နီပြည်နယ်မှာ ပိုပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြား ကိုခူးရယ် နေခဲ့တဲ့ အိမ်လည်း စစ်တလင်းဖြစ်ခဲ့လို့ စစ်ရှောင်စခန်းမှာ နေထိုင်နေရပါတယ်။

မြေမြှုပ်မိုင်းနဲ့ပတ်သက်လို့ လက်နက်ရေးရာ ကျွမ်းကျင်ပညာရှင်တဦးကတော့ မြေမြှုပ်မိုင်း လုံးဝမသုံးသင့်ဘူးလို့ သုံးသပ်ပါတယ်။

လက်နက်ကျွမ်းကျင်ပညာရှင် ယေရှုဝါ မောက်ဆာ ဖုန်စဝမ်က  “ဘယ်သူပဲထောင်ထောင် မြေမြှုပ်မိုင်းတွေက နိုင်ငံရဲ့အနာဂတ်အတွက် အကျိုးမရှိနိုင်ဘူး ဆိုတာကို လူတိုင်းပြောနေဖို့ လိုပါတယ်။ မြေမြှုပ်မိုင်းတွေဟာ တနေ့တာ တိုက်ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေရုံကလွဲပြီး စစ်ရေးအတွက် ရေရှည်အကျိုးမဖြစ်စေပါဘူး။ ဒါပေမဲ့ မြေကြီးထဲမှာ တခါထောင်ပြီးသွားရင်တော့ နှစ်ပေါင်းများစွာ ရှိနေနိုင်ပါတယ်။ ဥပမာအနေနဲ့ ကမ္ဘောဒီးယားကို ကြည့်ပါ။ နှစ် ၃၀ ကြာတဲ့အထိ မိုင်းတွေရှင်းနေရတုန်းပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ယနေ့အထိ လူတွေ ထိခိုက်သေဆုံးနေရတုန်းပါပဲ။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအနာဂတ်မျိုး မလိုချင်ဘူးဆိုတာ လူတိုင်းက ပြောနေဖို့ လိုပါတယ်။ မြေမြှုပ်မိုင်းဆိုတာ မသုံးသင့် မသုံးအပ်တဲ့အရာလို့ စွဲမြဲနေအောင် ပြောနေဖို့ လိုပါတယ်’’ လို့ ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော် ကာလအတွင်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅၄၀ ကျော် သေဆုံးခဲ့ပြီး အယောက် ၂,၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အကုန်မှာ ထုတ်ပြန်ထားပါတယ်။

မြေမြှုပ်မိုင်းကြောင့် ခြေထောက်တဖက်ဆုံးရှုံးပြီး အိပ်မက်တွေကို လက်လွှတ်လိုက်ရတဲ့ ဒေးဗစ်ကတော့ မိုင်းဆိုတဲ့အသံနဲ့တင် သူ့ရဲ့နာကျင်မှုတွေ အသစ်ပြန်ဖြစ်လာတယ်လို့ ဆိုပါတယ်။

“ဒီမိုင်းတွေက စကစဘက်ကထောင်တဲ့ မိုင်းဖြစ်ဖြစ် ကိုယ့်ဘက်ကထောင်တဲ့ မိုင်းဖြစ်ဖြစ် တော်တော် အန္တရာယ်ရှိတယ်ပေါ့နော်။ အဲဒီမိုင်းက မဖြုတ်သေးရင် ပြည်သူတွေအတွက်ရော တိရစ္ဆာန်တွေအတွက်ရော တော်တော် အန္တရာယ်ရှိတယ်။ အခုချိန်ထိ မိုင်းဆိုတဲ့ အသံကြားရင် ကိုယ်မိုင်းနင်းမိတဲ့အချိန်ကို ပြန်တွေးမိပြီး ဘယ်လောက်နာကျင်ခဲ့ရတယ် ဆိုတာကို သတိရတယ်။ အခုထိလည်း မိုင်းဆိုရင် ကြောက်နေတုန်းပဲ။”

လက်ရှိမှာတော့ စစ်အာဏာသိမ်းထားတာ ၅ နှစ်နီးပါးကာလ ရောက်လာနေပြီဖြစ်ပြီး နိုင်ငံအနှံ့ နှစ်ဖက်တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာပါတယ်။ တိုက်ပွဲတွေကြားမှာ မြေမြှုပ်မိုင်း အသုံးပြုမှုတွေကလည်း ဆက်ရှိနေတုန်းပါ။

ကာလကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ်နဲ့ တကျော့ပြန်တိုက်ပွဲကြားမှာ မြေမြှုပ်မိုင်းတွေ မပျောက်ကွယ်သေးပေမဲ့ မြေမြှုပ်မိုင်းကြောင့် တချို့သူတွေရဲ့ အနာဂတ်အိမ်တွေကတော့ ပျောက်ကွယ်သွားခဲ့ရပါတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024