Home
ဆောင်းပါး
အော်စလိုမြို့ထဲ မောင့်မှာ တဝဲလည်လည်
DVB
·
August 13, 2025

(၁)

ပါလီမန်အဆောက်အဦဘေး ပန်းခြံအစပ်တွင် ကျောက်ရုပ်တုတခုကို လူတချို့ ဝိုင်းကြည့်နေ၏။ ကျောက်ရုပ်က ဦးထုပ်ဆောင်းထားပြီး ဦးထုပ်ရော ခန္ဓာကိုယ်တခုလုံးပါ ငွေမင်ရောင်သုတ်ထားလျက်။

ကျနော်နှင့် “နယ်လ်ဆင်” က ခပ်လှမ်းလှမ်းကပဲ လှမ်းကြည့်ကြခြင်းဖြစ်သည်။

“ဒီနေရာမှာ အရင်က ရုပ်တုမရှိဘူးဗျ၊ ကျောက်ရုပ်အသစ်ဖွင့်တာနဲ့တူတယ်”

နယ်လ်ဆင်က ပြောပြောဆိုဆို ကာလ်ရိုဟန်လမ်းမကြီးပေါ် ဦးလှည့်လိုက်သည်။ ကျနော်က ကျောက်ရုပ်ကို အနီးကပ်သွားကြည့်ချင်ပေမဲ့ နောက်မှပဲကြည့်မည်ဟု စဉ်းစားပြီး နယ်လ်ဆင်နောက် လိုက်ခဲ့ရ၏။

“နယ်လ်ဆင်” မှာ ကျနော်အလုပ်လုပ်သော DVB အသံလွှင့်ဌာနတွင် အတူတူအလုပ်လုပ်သော ကရင်လူငယ် ဖြစ်၏။ သူသည်လည်း ကျနော့်နည်းတူ ထိုင်း-မြန်မာနယ်စပ်မှ ရောက်လာသူပင် ဖြစ်သည်။ သို့သော် သူက ကျနော့်ထက် ၂ နှစ်ခန့်စောပြီး နော်ဝေကို ရောက်လာသူ ဖြစ်သည်။

ထိုနေ့က နော်ဝေနိုင်ငံ မြို့တော် အော်စလိုကို ရက်ပိုင်းအတွင်းက ရောက်လာခါစ ကျနော့်ကို နေရာတချို့ ရောက်ဖူးသည်ရှိအောင် အော်စလိုမြို့တွင်း နယ်လ်ဆင်က လိုက်ပို့ခြင်းဖြစ်သည်။

နောက်နေ့မနက် ရုံးပိတ်ရက်တွင် ကိုမွန်းအောင်က ရုံးခန်းအတွင်း သတင်းစာတစောင်ကို ဖတ်ရင်း “အော် မနေ့က ပါလီမန်ဘေးမှာ ကျောက်ရုပ်အတု ပိုက်ဆံတော်တော်ရသွားတယ်တဲ့၊ အခု အဲသလို လမ်းဘေးမှာ လူရုပ်အတုတွေ ဝင်ငွေတော်တော်ကောင်းနေလို့ဆိုပြီး အခွန်ကောက်သင့် မကောက်သင့် ပါလီမန်မှာ ဆွေးနွေးကြတယ်တဲ့ဗျ၊ ခင်ဗျားတို့ မနေ့ကတွေ့ခဲ့တာ အဲဒါပဲဖြစ်မယ်” ဟုဆိုကာ ပြုံးနေ၏။

ထိုအခါကျမှ ကျနော့်မှာ တအံ့တဩနှင့် ယင်းရုပ်တုအကြောင်း သေသေချာချာ မေးကြည့်ရ၏။

လူတချို့သည် သူတို့ကိုယ်သူတို့ ငွေမင်များ တကိုယ်လုံးသုတ်လိမ်းကာ လူစည်ကားရာ  လမ်းမကြီးဘေး ရောက်လာကြ၏။ သူတို့က အနည်းဆုံး နာရီဝက်မျှကြာအောင် တကယ့်ရုပ်တုတခုလို မလှုပ်မယှက် ရပ်နေနိုင်အောင် လေ့ကျင့်ထားကြ၏။ သူတို့ရှေ့တွင် ချထားသော ခွက်ထဲ တယောက်ယောက်က ပိုက်ဆံလာထည့်သောအခါကျမှ စက်ရုပ်တွေလို ခြေလက်လှုပ်ကာ ဦးညွှတ် အရိုအသေပေး၏။ ထို့နောက် နဂိုအတိုင်း မလှုပ်မယှက် ပြန်နေ၏။ သူတို့က တကယ့်ကျောက်ရုပ်များလို စက်ရုပ်တရုပ်လို လေ့ကျင့်ထားသဖြင့် ရုတ်တရက် လှုပ်ရှားလိုက်သောအခါ လူတွေက အံ့ဩကြ သဘောကျကြ၏။ အထူးသဖြင့် ကလေးများသည် ပိုပြီးသဘောကျကြ၏။ ထိုလူရုပ်တု လှုပ်ရှားလာအောင် ခဏခဏ ပိုက်ဆံလာထည့်ကြ၏။

ကျနော်မှာ ထိုနေ့က ‌လူကျောက်ရုပ်အတုကို အစစ်ဟု ထင်နေခဲ့မိလေသည်။

(၂)

“ကိုငြိမ်းဝေ  ဒီနေ့တော့ ခင်ဗျားတယောက်တည်း ဈေးသွားဝယ်တော့”

အိမ်မှာက အတူနေသူအားလုံး အပတ်စဉ် အလှည့်ကျ ဟင်းချက်စရာ ဝယ်ရ၏၊ ထမင်းချက်ရ၏၊ နေ့လယ်တွင် အားလုံးအတွက် ထမင်းချိုင့်ဆွဲကာ ရုံးလာရ၏။ ထိုနေ့တွင် ထမင်းဟင်းချက် တာဝန်ကျသူသည် ရုံးနေ့တဝက် နောက်ကျခွင့်ရှိ၏။

အော်စလို ရောက်ကာစရက်များက အတူနေသူတို့နှင့်အတူ ဈေးဝယ်လိုက်ရ၏။ သူတို့ကမူ “ခင်ဗျား သေသေချာမှတ်ထားနော်၊ ခင်ဗျားအလှည့်ကျတဲ့နေ့ တယောက်တည်းလာပြီး ဈေးဝယ်ရမှာ” ဟု မပြောကြ။ ကျနော်ကလည်း သူတို့နှင့်အတူ သွားနေတာပဲဟု သဘောပိုက်ကာ ထူးထူးခြားခြား ဘာကိုမှ သတိမပြု။ ပျော်ပျော်ပါးပါး စကားတပြောပြောနှင့်သာ အတူလိုက်ပါခဲ့၏။

ယခုတော့ ကျနော်တယောက်တည်း ဈေးဝယ်တော့ဟု တအိမ်တည်းအတူနေ ကိုမွန်းအောင်က ပြောလာသောအခါ စိတ်ထဲ၌ နည်းနည်းတော့ တွန့်တွန့်ဆုတ်ဆုတ် ဖြစ်နေသေး၏။

ကျနော်တို့ ဈေးဝယ်နေကြ စတိုးဆိုင်မှာ အိမ်နှင့် သိပ်မဝေး။ အထက်ဘက် လမ်းမကြီး တဖက်ခြမ်းတွင် ရှိ၏။ လမ်းမကြီး၏ ဒီဘက်အခြမ်းသို့ ရောက်သောအခါ စတိုးဆိုင်တံခါးမှာ ပိတ်လျက် လှမ်းမြင်ရ၏။ ကျနော်က ခဏတော့ ဆိုင်အဖွင့်စောင့်မည်ဟု စဉ်းစားသော်လည်း အိမ်ပြန်ပြီး ခဏနေမှ ပြန်လာဝယ်မည်ဟု တွေးပြီး ပြန်လာခဲ့၏။

အိမ်တွင် ခဏနေကာ စတိုးဆိုင်ဘက် ပြန်ထွက်ခဲ့၏။ စတိုးဆိုင်ကမူ မဖွင့်သေး။ ခဏစောင့်ကြည့်မည်ဟု စဉ်းစားသေး၏။ သို့သော် အပြင်တွင် တော်တော်အေးသဖြင့် အိမ်ကို ပြန်စောင့်မည်ဟု တွေးကာ အိမ်ပြန်လာခဲ့၏။

“ဟင် ကိုငြိမ်းဝေ ဘာဖြစ်နေလဲ၊ ဈေးဝယ်သွားတာမို့လား၊ ဘာပြုလို့ သွားလိုက်ပြန်လိုက် လုပ်နေတာလဲ”

ကျနော်က “ဆိုင်မဖွင့်သေးလို့ အိမ်ပြန်လာပြီး စောင့်တာ” ဟု ကိုမွန်းအောင်ကို ပြောပြရ၏။ ကိုမွန်းအောင်က “ဟာ မဟုတ်သေးပါဘူး၊ ခုပဲ ရှစ်နာရီခွဲတော့မယ်၊ ခင်ဗျား ဆိုင်မှားနေလို့များလားပဲ” ဟုဆိုကာ သူဘာသာပဲ သွားဝယ်မည်ဟုဆိုကာ ကျနော့်ဆီက ဈေးဖိုးငွေတောင်း၏။ သူတယောက်တည်း ဈေးဝယ်ထွက်သွား၏။

ကိုမွန်းအောင် အိမ်ပြန်လာတော့ လိုအပ်သော ချက်ပြုတ်စရာများ ပါလာ၏။ ကျနော်ကမူ အံ့လည်းအံ့ဩ အားလည်းအားနာဖြင့် ဆိုင်နေရာကို သေသေချာချာ မေးနေရသေး၏။ သူပြောသောဆိုင်နေရာမှာ ကျနော်သွားကြည့်ခဲ့သောဆိုင်ပင် ဖြစ်နေ၏။ သို့သော် ကျနော်က ဘာမျှမပြောတော့။

နောက်နေ့တွင်မတော့ ကျနော်ပဲ ဈေးသွားဝယ်ပါမည်ဟု အားလုံးကို ကတိပေးရ၏။

နောက်တနေ့  စတိုးဆိုင်ရှေ့သို့ ရောက်သောအခါ ဆိုင်ရှေ့တွင် လူငါးယောက်ခန့် ရောက်နေသဖြင့် ဝမ်းသာသွားရသည်။ ကျနော်တို့က တံခါးဝတွင် ဝင်ရပ်လိုက်သောအခါ တံခါးမှာ အလိုလိုပွင့်သွား၏။ ကျနော်က ထိုအခါကျမှ သဘောပေါက်ကာ တယောက်တည်း ပြုံးနေမိ၏။ တကယ်တော့ မနေ့တုန်းက လမ်းတဖက်မှ စတိုးဆိုင်ကို တံခါးဝတွင် လာမရပ်ဘဲ အဝေးမှ လှမ်းကြည့် ဆိုင်ပိတ်နေသည်ဟု ထင်ခဲ့မိသည်ကို ယခုမှပဲ လိပ်ပတ်လည်တော့၏။

ဆိုင်ထဲတွင် ဈေးဝယ်နေစဉ် ကျနော် တော်တော်ပျော်နေမိ၏။ ဆိုင်၏တံခါးမှာ လူလာရပ်လိုက်မှ အလိုလိုပွင့်သွားသည်ကို ကျနော် မနေ့ကမသိခဲ့။ (ထိုအချိန်က ၁၉၉၅၊ ထိုင်းနိုင်ငံ ဘန်ကောက်တွင်ပင် သည်လိုဆိုင်များ မရှိသေး။)

နောက်ထပ် စတိုးဆိုင်တဆိုင်သို့ ရောက်သောအခါ အတွေ့အကြုံအသစ်တခု ထပ်ရ၏။

ထိုနေ့က ရုပ်ရှင်ကြည့်ပြီး ရုပ်ရှင်ရုံမှအပြန် စတိုးဆိုင်ခပ်ကြီးကြီးတခုထဲ ကျနော်ဝင်လာခဲ့၏။ ကျနော်လိုချင်သော ပစ္စည်းတချို့ ဝယ်ပြီး ဆိုင်အပြင်ထွက်ရန် ဝင်လာသောတံခါးနား သွားရပ်၏။ သို့သော် တံခါးမူ မပွင့်။ ကျနော်က မယောင်မလည်နှင့် အသာပြန်ခွာ၊ ခဏနေပြီး တံခါးနား သွားရပ်၏။ တံခါးကမူ ဘာမှမထူးခြား။ ပိတ်လျက်။ ကျနော် တော်တော် အကြံအိုက်သွားရ၏။ တံခါး တခုခုဖြစ်နေသည်ဟု ကျနော်ထင်၏။ ထိုစဉ်မှာပင် တံခါးပွင့်လာ၏။ လူတချို့ အထဲသို့ ဝင်လာ၏။ ထိုအခါကျမှ ရုတ်တရက် အကြံရကာ တံခါးပြန်မပိတ်ခင် ဝင်လာသူတဦးကို တိုးတိုက်ခါ အပြင်ဘက်သို့ ကျနော်ထွက်၏။ ကျနော်လည်း အပြင်ရောက် တံခါးလည်း ပိတ်လေတော့၏။ ထိုအခါကျမှ ကျနော့်မှာ သက်ပြင်းချနိုင်၏။ သို့သော် ကျနော်တိုးဝင်တိုက်ခဲ့သောလူ၏ တအံ့တဩမျက်နှာကိုမူ ကျနော် တော်တော်နှင့် မေ့မရ။

အိမ်ပြန်ရောက်သောအခါ တချို့သောဆိုင်များမှာ အဝင်တံခါး အထွက်တံခါး သပ်သပ်စီရှိကြောင်း  အိမ်သားများနှင့် စကားရောဖောရော ပြောစဉ် သိလိုက်ရ၏။ ထို့ကြောင့် ပြန်ထွက်ရန် တံခါးနားသွားရပ်တိုင်း အထွက်တံခါး မဟုတ်သဖြင့် တံခါးမပွင့်ခြင်းဖြစ်သည်ကို ကျနော်သိလိုက်ရ၏။

ကျနော်ကမူ အဝင်တံခါးပွင့်ပြီး လူတွေဝင်လာတုန်း တိုးခွေ့ပြီး အလျင်အမြန် ရအောင် ပြန်ထွက်ခဲ့သည့်အကြောင်း မည်သူ့ကိုမျှမပြောဘဲ မြုံထားလိုက်၏။ စိတ်ထဲတွင်မတော့ သူ့ကိုတိုးခွေ့ပြီး အပြင်ထွက်ဖို့လုပ်သူ ကျနော့်ကို ပြူးတူးပြဲတဲ ပြန်ကြည့်ခဲ့သူ၏ မျက်နှာကိုသာ ပြန်မြင်နေမိ၏။

(၃)

ကျနော်တို့ရုံးတွင် အယ်ဒီတာချုပ်နှင့် လက်ထောက်ညွှန်ကြားရေးမှူးမှလွဲ ကျန်သူများမှာ စာတိုက်သို့ အလှည့်ကျသွားရ၏။ ကျနော်တို့ အသံလွှင့်ဌာနသို့ ရောက်ရှိလာသည့် စာရွက်စာတမ်းများ ပစ္စည်းများ စာတိုက်တွင် ထုတ်ရ၏။

ကျနော်က စာတိုက်နားက ပစ္စည်းအဟောင်းရောင်းသောဆိုင်ကို သဘောကျ၏။ စာတိုက်သွားရသည့်နေ့တိုင်း ယင်းအဟောင်းဆိုင်ကို ဝင်ကြည့်လေ့ရှိ၏။ ပစ္စည်းများမှာ အဟောင်းဟုဆိုသော်လည်း အသစ်ကဲ့သို့ပင် သစ်လွင်နေဆဲဟု ကျနော်ထင်၏။ အမှတ်တံဆိပ်များကလည်း နာမည်ကြီးများဖြစ်၏။ ထို့ကြောင့် ကျနော်က စာတိုက်လာတိုင်း ယင်းအဟောင်းဆိုင်ကို မပျက်မကွက် ဝင်ကြည့်၏။

တနေ့တွင် ထိုပစ္စည်းအဟောင်းအရောင်းဆိုင်ထဲက ဦးထုပ်တလုံးကို ကျနော် တော်တော်သဘောကျ၏။ အရောင်အသွေးက ပန်းနုရောင်လေး။ နူးညံ့သော ချည်ထိုးဦးထုပ်ကလေး ဖြစ်၏။ ကျနော့်မှာ ခပ်ဝေးဝေး မြင်ကတည်းက ဦးထုပ်ကလေးကို သဘောကျနေ၏။ ဈေးနှုန်းကိုကြည့်တော့ ခရိုနာ ၆၀ ဟု ရေးထား၏။ သို့သော် လက်ထဲတွင် ပိုက်ဆံမရှိသေးသဖြင့် လကုန်မှဝယ်ရန် တွေးပြီး ပြန်ခဲ့ရ၏။

ရုံးသို့ပြန်ရောက်သောအခါ ကျနော်တွေ့ခဲ့သော ဦးထုပ်အကြောင်း အန်တီပြုံး (လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပြုံး) ကို ရင်ဖွင့်မိ၏။ ပိုက်ဆံအဆင်မပြေသေးလို့ မဝယ်ခဲ့ကြောင်းလည်း ပြော၏။

ထိုအခါ အန်တီပြုံးက “ကိုငြိမ်းဝေ ဒီလောက်လိုချင်နေရင် ပိုက်ဆံ ကျမဆီကယူပြီး သွားဝယ်ပါ၊ လစာထုတ်တော့ ပြန်ပေးပေါ့” ဟု ပြော၏။ ကျနော့်မှာ ဝမ်းသာအားရဖြင့် အန်တီပြုံးထံမှ ပိုက်ဆံယူကာ ဦးထုပ်ကလေးကို ကမန်းကတန်း သွားဝယ်လိုက်ရ၏။

ရုံးသို့အပြန် ရုံးနားရောက်သောအခါ အန်တီပြုံးကို ကြွားချင်သဖြင့် ဝယ်လာသော ဦးထုပ် ပန်းနုရောင်လေးကို လွယ်လာသောလွယ်အိတ်ထဲထည့်ပြီး ယူလာခဲ့၏။ နေ့လယ် ထမင်းစားချိန်ရောက်လို့ လူစုံသောအခါ ကျနော်ဝယ်လာသော ဦးထုပ် ပြပါဦးဟု အန်တီပြုံးက တောင်းဆိုလာ၏။ ထိုအခါကျမှ ကျနော်က လွယ်အိတ်ထဲ လက်နှိုက်ကာ ဦးထုပ်ကို စားပွဲပေါ်တင်၏။ ခပ်ကြွားကြွား ကျနော့်ဟန်ကလည်း သိသာ၏။ ထိုစဉ်မှာပင် တရုံးတည်း လုပ်ဖော်ကိုင်ဖက် “မသီတာ” ဆီက စကားတခွန်း ကြားလိုက်ရ၏။

“ဦးငြိမ်း ဦးထုပ်က အဘွားကြီးတွေဆောင်းတဲ့ ဦးထုပ်များလားလို့”

ကျနော့်တကိုယ်လုံး ကျင်စက်နှင့်တို့သလို ဖြစ်သွားရ၏။ သို့သော် ဘာကြောင့်ရယ်မသိ အန်တီပြုံးက မျက်နှာလွှဲပြီး သူ့ရှေ့က နော်ဝေအမျိုးသမီးနှင့် စကားပြော၏။ ကျနော်လည်း ထမင်းစားပွဲမှ အသာပြန်ထကာ တဖက်အခန်း ကျနော်ထိုင်နေကျ ခုံတန်းဆီ ထလာလိုက်၏။

ခဏအကြာတွင် အခန်းထဲသို့ အန်တီပြုံး ဝင်လာ၏။ ကျနော်က အန်တီပြုံး စကားမဟခင် “အဲဒီဦးထုပ် အန်တီပြုံးပဲ ယူလိုက်တော့နော်” ဟု ဦးအောင်ပြောကာ စာဖတ်နေလိုက်၏။

ကျနော်က အဟောင်းဆိုင်က ထွက်လာသောအခါ ရုံးသို့တန်းမပြန်ဘဲ လူစည်ကားသော ကာရိုဟန်လမ်းမကြီးဘက် ခဏမျှ လှည့်လိုက်သေး၏။ လမ်းပေါ်တွင် ပန်းနုရောင်ဦးထုပ်ကလေး ဆောင်းကာ ဟန်ပါပါလျှောက်လာနေသည့် ကျနော့်ကိုကြည့်ပြီး အဘိုးကြီး အဘွားကြီး စုံတွဲနှစ်တွဲခန့်က ပြုံး၍ နှုတ်ဆက်ကြသည်ကို ပြန်တွေးလာမိသောအခါ ကျနော့်မှာ တော်တော်လေး တုန်လှုပ်ရတော့၏။ အဲဒီတုန်းကမူ အဘွားအိုများသာ ဆောင်းသည့် ဦးထုပ် ဆောင်းထားသည့်အတွက် ထိုအဘိုးအို အဘွားအို စုံတွဲများက ပြုံးပြကြသည်ကို ကျနော်က အကြောင်းရင်းမှန်မသိ။ နော်ဝေလူမျိုးတွေက ဖော်ရွေလှချည့်လားဟုပင် ထင်ခဲ့မိသေး၏။

ကျနော်သည် နော်ဝေနိုင်ငံတွင် လေးနှစ်မျှနေပြီး ထိုင်း-မြန်မာနယ်စပ် ပြန်လာသည့်အချိန်အထိ သည် ပန်းနုရောင် ဦးထုပ်ကလေးဆောင်းကာ လူစည်ကားရာလမ်းမပေါ် လမ်းလျှောက်လာခဲ့သည့် အကြောင်း အဘိုးအို အဘွားအို စုံတွဲများက ပြုံးပြခဲ့ကြကြောင်းကိုမူ မည်သူတဦးတယောက်ကိုမျှ မဟဘဲ နေခဲ့၏။

(၄)

ညနေ လေးနာရီခန့်တွင် ကိုဒေါင်းညိုထံ အိမ်အလည်လာမည်ဖြစ်ကြောင်း ကျနော် ဖုန်းဆက်ထားလိုက်သည်။

ကိုဒေါင်းညို (ဒေါက်တာမောင်မောင်မြင့်) သည် DVB တွင် အချိန်ပိုင်း အလုပ်ဝင်လုပ်ပေးနေသူ ဖြစ်သည်။ ကျနော်တို့အားလုံးနှင့် မိသားစုလို ဖြစ်နေသူတဦး ဖြစ်သည်။

အရင်ကမူ ကိုဒေါင်းညိုထံ လုပ်ဖော်ကိုင်ဖက် အဖော်များနှင့် နှစ်ကြိမ်မျှ အတူသွားခဲ့ဖူး၏။ ကိုဒေါင်းညိုတို့မိသားစု နေထိုင်သောနေရာမှာ မြေအောက်ရထားလိုင်း အမှတ် ၂ ၏ လမ်းအဆုံး ကုန်းထိပ်တွင် ရှိ၏။ မှတ်ရလွယ်၏။ ထို့ကြောင့် သည်တခါတော့ ကျနော်တယောက်တည်းသွားဖို့ ဆုံးဖြတ်ပြီး ကိုဒေါင်းညိုကို ကျနော်ထွက်လာပြီဖြစ်ကြောင်း ဖုန်းဆက်ထားလိုက်၏။

ပထမ ကျနော်တို့အိမ်မှ မသီတာတို့အိမ်နားက မြေအောက်ရထားဘူတာရုံသို့ ဘတ်စ်ကားဖြင့် သွားရ၏။ ထိုမှတဆင့် မြေအောက်ရထားစီးရ၏။ ထိုနေ့က ကျနော်စီးလာသော ရထားလမ်းအဆုံးဘူတာမှ မြေပေါ်သို့ တက်လိုက်သောအခါ ကိုဒေါင်းညိုတို့နေသော နေရာမဟုတ်မှန်း အထိတ်တလန့် သိလိုက်ရ၏။ အသေအချာ လိုက်ကြည့်သောအခါ ကျနော် နေရာမှားနေပြီ ဆိုသည်ကို သိလာရ၏။ ရထားလိုင်း မှားစီးလာခဲ့ပြီကိုလည်း သိလာရ၏။ ထို့ကြောင့် မြေအောက်ပြန်ဆင်းကာ ကိုယ်တက်စီးလာသော ဘူတာသို့ ပြန်သွားရန် စဉ်းစားရတော့၏။ ထို့ကြောင့် မြေအောက်ဘူတာရုံသို့ ပြန်ဆင်း၏။ လာလမ်းအတိုင်း ရထားပြန်စီးပြီး ကိုယ်တက်စီးလာခဲ့သော ဘူတာကို ပြန်ရောက် လမ်းဘေးအများသုံးဖုန်းဖြင့် ကိုဒေါင်းညိုကို အကျိုးအကြောင်းမေးမည်ဟု တွေး၏။

ရထားက ဘူတာနှစ်ခုသုံးခုကို ကျော်လာခဲ့ပြီ။ ဖြတ်လာသမျှ ဘူတာလေးများမှာ တခုနှင့်တခု တပုံစံတည်း ဖြစ်နေ၏။ ကျနော်က ကိုယ်တက်စီးလာခဲ့သည့်ဘူတာ၏ ပုံပန်းသဏ္ဌာန်ကို အသေအချာ မှတ်ထားသည်မှာ မှန်သော်လည်း ဖြတ်လာသမျှ ဘူတာရုံတွေက တခုနှင့်တခု သုပ်ထားသည့် ဆေးရောင်ကအစ တဘူတာနှင့်တဘူတာ အတူတူချည်းဖြစ်၏။ ဘူတာနာမည်များကလည်း နော်ဝေလိုချည်း ရေးထားသဖြင့် ကျနော်မဖတ်တတ်။

ကြံရာမရသည့်အဆုံး ထိတ်ထိတ်ပြာပြာဖြင့်ပင် ဘူတာအတော်များများရောက်ကာမှ ရထားခုံးကျော်မှတဆင့် တဖက်သို့ကူးကာ လာရာလမ်းအတိုင်း ပြန်စီးလာ၏။

မည်ကဲ့သို့ ဆက်လုပ်ရမည်ကို မကြံတတ်အောင်ဖြစ်နေစဉ် ဘူတာတခုအရောက်တွင် “အက်ဗတ်မွန့်ခ်ပြတိုက်သို့” ဟူသော ဆိုင်းဘုတ်တခု အင်္ဂလိပ်လို ရေးထားသည်ကို လှမ်းမြင်လိုက်ရ၏။ ထိုအခါ ကျနော်သည် ထီပေါက်သလို ဝမ်းသာအားရဖြစ်ကာ အရှိန်ရနေသော ရထားအတိုင်း ဆက်စီး၊ ရှေ့ဘူတာကြ ခုံးကျော်မှတဆင့် တဖက်လမ်းသို့ကူးကာ ကမ္ဘာကျော် ပန်းချီဆရာ အက်ဗတ်မွန့်ခ် ပြတိုက် ဆိုင်းဘုတ်တွေ့ခဲ့ရာဘူတာသို့ ပြန်စီးလာရ၏။ ယင်းဘူတာမှတဆင့် မြေပေါ်တက်ခဲ့ရ၏။ မြေပေါ်ရောက်သောအခါ အက်ဗတ်မွန့်ပြတိုက်ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရလေတော့သည်။ ထိုအခါကျမှ ကျနော့်မှာ သက်ပြင်းအကြိမ်ကြိမ် ချနိုင်တော့၏။

ကျနော်သည် အက်ဗတ်မွန့်ပြတိုက်ကိုမူ အိမ်မှတဆင့် တယောက်တည်း လေးငါးကြိမ်မက လာခဲ့ သွားတတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဘတ်စ်ကားစီးကာ အိမ်ကို ကောင်းကောင်းပြန်နိုင်သွားတော့၏။

အိမ်သို့ရောက်သောအခါ နာရီကိုကြည့်တော့ ၇ နာရီထိုးပြီ ဖြစ်သည်။ အိမ်ရောက်တော့ အတူနေအိမ်သားများ စိတ်ပူနေကြသည်ကို တွေ့ရတော့သည်။ ကိုဒေါင်းညိုနှင့် ဖုန်းအပြန်အလှန် ဆက်နေကြရကြောင်း၊ ညနေလေးနာရီကတည်းက အိမ်ကထွက်သွားသော ကျနော်မှာ ၇ နာရီထိုးသည့်အချိန်အထိ ကိုဒေါင်းညိုဆီ မရောက်ဘဲ အဆက်အသွယ် ပြတ်နေသည့်အတွက် စိတ်ပူနေကြရကြောင်း ဝိုင်းပြောကြ အပြစ်တင်ကြ၏။ ကျနော်က အကျိုးအကြောင်းပြောပြမှ ကျနော့်ကို ဝိုင်းရယ်ကြ၏။

ထိုစဉ်မှာပင် ကိုဒေါင်းညိုဆီမှ ဖုန်းဝင်လာ၏။ ကျနော်က အိမ်ပြန်ရောက်နေကြောင်းနှင့် အကျိုးအကြောင်း ပြောရ၏။ နောက်နေ့တွေကျမှ ထပ်လာမည်ဟုလည်း ပြောရ၏။ သို့သော် ကိုဒေါင်းညိုက လက်မခံပါ။ “ခင်ဗျား သည်အတိုင်းဆိုရင် သွားတတ်မှာဟုတ်ဘူး၊ အခု ၇ နာရီပဲ ရှိသေးတယ်၊ ရထားစီးရင် ကျုပ်ဆီကို နာရီဝက်သာသာပဲ၊ အခု အိမ်ကပြန်ထွက် ကျုပ်ဆီကို အခုလာခဲ့” ဟု ကရုဏာဒေါသောနှင့် ပြောလာတော့၏။ ကျနော်က နောက်နေ့မှ ထပ်လာမည် ပြောသော်လည်း မရ။ သို့နှင့်ပင် ကိုဒေါင်းညိုပြောပြသော လမ်းညွှန်ချက်အရ ရထားနံပါတ်ကအစ အသေအချာမှတ်ပြီး ကိုဒေါင်းညို ကျေနပ်အောင် နောက်တကြိမ် ထပ်သွားရပြန်၏။ ထိုအကြိမ်တွင်မတော့ ကျနော်သည် ကိုဒေါင်းညိုတို့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လေ၏။

ငြိမ်းဝေ

မှတ်ချက်။ ။ စာဖတ်သူများ တခုတော့ စကားဆက်ချင်ပါသေးသည်။ အထက်က ရေးခဲ့သည်များကို ဖတ်ကာ ကျနော့်အား အထင်မသေးစေချင်ပါ။ နော်ဝေရောက်ကာစ အနှီအဖြစ်အပျက်များ ကြုံခဲ့ပြီး အချိန်ကြာလာသောအခါ ကျနော်တို့ဆီလာလည်သော နိုင်ငံခြား အသိမိတ်ဆွေဟူမျှကို ကျနော်တယောက်တည်း အော်စလိုမြို့အနှံ့ တာဝန်ယူ လိုက်လံပို့ဆောင်ရသူဖြစ်လာကြောင်း သိစေအပ်ပါသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024