Home
ဆောင်းပါး
ဒေါ်နယ်ထရမ့်ပ်နဲ့ အက်ပ်စတိန်း သက်ငယ်လိင်အရှုပ်တော်ပုံ
DVB
·
August 3, 2025

နာမည်ကျော်ပုဂ္ဂိုလ်တွေပါဝင်တဲ့ သက်ငယ်လိင်အရှုပ်တော်ပုံကြီးကို ဖန်တီးခဲ့တဲ့ ဂျက်ဖရီ အက်ပ်စတိန်းဟာ ပြစ်မှုတွေအတွက် တရားရင်ဆိုင်နေရချိန်မှာပဲ ကိုယ့်ကိုယ့်ကိုယ် သတ်သေသွားခဲ့ပါတယ်။

အက်ပ်စ်တိန်းဟာ ဒေါ်နယ်ထရမ့်ပ်နဲ့  နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သူဖြစ်ပါတယ်။  ဒါပေမဲ့ ထရမ့်ပ်ရဲ့ Mar a lago အပန်းဖြေစခန်းမှာဖွင့်ထားတဲ့ Spa မှာ မာဆက်နှိပ်တဲ့ ကောင်မလေးတွေကို အက်ပ်စ်တိန်းက ဆွဲထုတ်သွားခဲ့တာကြောင့် ခွာပြဲသွားခဲ့တာလို့ ထရမ့်ကိုယ်တိုင် မကြာသေးခင်က အတည်ပြုခဲ့ပါတယ်။

ကမ္ဘာကျော်တွေပါဝင်တဲ့ "ဖောက်သည်စာရင်း" ဆိုတာရှိတယ်လို့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး  ဒေါ်နယ်ထရမ့်ပ်ဟာ သူသမ္မတပြန်ဖြစ်ရင် မှတ်တမ်းတွေ ထုတ်ပြန်ပေးမယ်လို့ ကတိပေးထားပေမဲ့ သမ္မတဖြစ်လာချိန်မှာတော့ "ဖောက်သည်စာရင်းဆိုတာ မရှိဘူး" လို့သူ့အစိုးရက ထုတ်ပြန်ပါတယ်။ 

အက်ပ်စတိန်းရဲ့မှတ်တမ်းတွေထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နာမည်ပါ ပါဝင်နေတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ ဒီစွပ်စွဲသူတွေထဲမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ကစလို့  ထိပ်တန်းသတင်းစာ Wall Street Journal အထိ ပါဝင်ပါတယ်။ နာမည်ပါရုံနဲ့ သက်ငယ်လိင်ကိစ္စကျူးလွန်သူလို့တော့ ပြောလို့မရပြန်ဘူး။ ဒါပေမဲ့ထုတ်ပြန်ဖို့ နှောင့်နှေးတာက ဝေဖန်စရာဖြစ်လာပါတယ်။

ဒီကိစ္စကို ထရမ့်ပ် ထောက်ခံတဲ့ အဓိကအင်အားစုဖြစ်တဲ့ MAGA လို့ ထင်ရှားတဲ့  Make America Great Again လှုပ်ရှားမှုမှာ ပါဝင်သူတွေကလည်း မကျေနပ်ကြပါဘူး။ ဒါကြောင့် အမေရိကန်အစိုးရက မဖြစ်မနေ ထုတ်ပြန်ပေးဖို့ လွှတ်တော်မှာ မဲခွဲ ဖိအားပေးဖို့လည်း ကြိုးပမ်းလာကြပါတယ်။ အဲဒီအခါမှာလည်း  အောက်လွှတ်တော်ဥက္ကဋ္ဌမိုက်ဂျွန်ဆင်က လွှတ်တော်အစည်းအဝေးကို အချိန်စောပြီးတော့ ရပ်နားပစ်ခဲ့ပြန်ပါတယ်။

ဒါ့ကြောင့် အက်ပ်စတိန်းမှတ်တမ်းဆိုတာဘာလဲ၊ ဖောက်သည်စာရင်းဆိုတာ တကယ်ရှိသလား၊ ထရမ့်ပ်နဲ့ ဘယ်အတိုင်းအတာအထိ ပတ်သက်မှုရှိနေသလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

အပိုင်း (၁)  အက်ပ်စတိန်းအမှုရဲ့ ဇာစ်မြစ်

ဒီရှုပ်ထွေးတဲ့ နိုင်ငံရေးဇာတ်လမ်းတွေကို မဆွေးနွေးခင်မှာ၊ ဇာတ်လမ်း ဗဟိုချက်မှာရှိနေတဲ့ ဂျက်ဖရီ အက်ပ်စတိန်းဆိုတာ ဘယ်သူလဲ၊ သူ့ရဲ့အမှုက ဘယ်ကနေ ဘယ်လိုစတင်ခဲ့သလဲဆိုတာကို အရင်ဆုံး လေ့လာကြည့်ရအောင်ပါ။

အက်ပ်စတိန်းဟာ ချမ်းသာကြွယ်ဝတဲ့ အမေရိကန်ဘဏ္ဍာရေးစီမံခန့်ခွဲသူတဦးဖြစ်ပါတယ်။ သူ့နာမည်ကို ၂၀၀၆ ခုနှစ်လောက်မှာ လူတွေစ သတိထားမိကြတာပါ။ ဖလော်ရီဒါပြည်နယ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးရဲ့ မိဘတွေက သူတို့သမီးကို အက်ပ်စတိန်းက သူ့အိမ်မှာ  လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ ရဲကိုတိုင်ကြားရာကနေ ဒီအမှု စတင်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက အက်ပ်စတိန်းဟာ တသက်တကျွန်းအထိ ကျခံရနိုင်တဲ့ ဖက်ဒရယ်ပြစ်မှုတွေကို ရင်ဆိုင်ရခဲ့ပေမဲ့ အစိုးရရှေ့နေတွေနဲ့ အပြစ်ရှိကြောင်း ဝန်ခံပြီးတော့ ပြစ်ဒဏ်လျှော့ပေါ့ဖို့ သဘောတူညီချက် (plea deal) တခုယူနိုင်ခဲ့ပါတယ်။ အဲ့ဒီအပေးအယူကြောင့် သူဟာ ထောင်ဒဏ် ၁၃ လနီးပါးပဲ ကျခံခဲ့ရပြီး ပြစ်ဒဏ်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါဟာ အများပြည်သူ အမျက်ထွက်စေခဲ့တဲ့ အမှုတခုလည်းဖြစ်ခဲ့ပါတယ်။

နှစ်တွေကြာပြီးတဲ့နောက် ၂၀၁၉ ခုနှစ် ဇူလိုင်လမှာတော့ သူ့ကို နယူးယောက်မြို့မှာ ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ စွဲချက်တွေက ပိုပြီးကြီးမားခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ဒါဇင်ပေါင်းများစွာကို ငွေကြေးပေးပြီး လိင်ကုန်ကူးတာ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်တာ စတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အစိုးရရှေ့နေတွေရဲ့အဆိုအရ အက်ပ်စတိန်းဟာ သူ့ရဲ့ဝန်ထမ်းတွေ၊ တွဲဖက်တွေနဲ့ပေါင်းပြီး "အလွဲသုံးစားလုပ်ဖို့ သားကောင်အဖြစ်သုံးမယ့် အရွယ်မရောက်သေးသူတွေကို စဉ်ဆက်မပြတ် ရရှိနေအောင်" စနစ်တကျ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အက်ပ်စတိန်းကတော့ သူ့အပေါ်စွဲချက်အားလုံးကို အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်မှာတော့ တရားခွင်ကို စောင့်ဆိုင်းနေတုန်းမှာပဲ အကျဉ်းခန်းထဲမှာ သူ့ကိုယ်သူ ဆွဲကြိုးချသေဆုံးလျက်သားတွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

သူသေသွားပေမယ့် ဇာတ်လမ်းက မပြီးဆုံးခဲ့ပါဘူး။  မိန်းကလေးငယ်တွေကို လိင် အလွဲသုံးစားလုပ်ရာမှာ ကူညီမှုနဲ့  အက်ပ်စတိန်းရဲ့ ရည်းစားဟောင်းနဲ့ အဓိကတွဲဖက်ဖြစ်တဲ့ ဂီလိန်း မက်စ်ဝဲလ်ကို ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ မက်စ်ဝဲလ်ရဲ့တရားခွင်ကနေတဆင့် အက်ပ်စတိန်းဟာ လက်ရှိဗြိတိန်ဘုရင်ချားစ်ရဲ့ ညီတော် မင်းသားကြီး အင်ဒရူး၊ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တို့လို ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ခဲ့ကြောင်း အသေးစိတ်အချက်အလက်တွေပါ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ် နှစ်ဦးစလုံးကတော့ ဘာမှမှားယွင်းလုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အပိုင်း (၂) ထရမ့်ပ်ရဲ့  Mar-a-Lago  အနှိပ်ခန်းရန်ငြှိုး

ထရမ့်ပ်နဲ့ ပတ်သက်ပြီး နောက်ဆုံးထွက်လာတဲ့ သတင်းတွေဘက် ဆက်ကြည့်ရအောင်ပါ။  မကြာသေးခင်ကပဲ သမ္မတထရမ့်ဟာ သူနဲ့ အက်ပ်စတိန်း ဘာကြောင့် ခွာပြဲခဲ့ရသလဲဆိုတာ အတိအလင်း ပြောကြားခဲ့ပါတယ်။ စကော့တလန်ခရီးစဉ်အပြီး Airfoce One လေယာဉ်ပေါ်မှာ ထရမ့်ပ်ကိုယ်တိုင် သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။ အက်ပ်စတိန်းဟာ သူ့ရဲ့ နာမည်ကျော် Mar-a-Lago အပန်းဖြေစခန်းက Spa မှာ အလုပ်လုပ်တဲ့ မိန်းကလေးငယ်တွေကို "ခိုးယူ" သွားခဲ့လို့ အခင်မင်ပျက်ခဲ့ရတာလို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။ သတင်းထောက်တယောက်က အဲ့ဒီမိန်းကလေးတွေဟာ အရွယ်မရောက်သေးသူတွေလားလို့ မေးတဲ့အခါမှာလည်း ထရမ့်ပ်က "ဟုတ်ပါတယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီပြောဆိုချက်ကို ပိုပြီးလေးနက်သွားစေတာကတော့ ဒီလို "ခိုးယူ" ခံခဲ့ရတဲ့ မိန်းကလေးတွေထဲမှာ နောက်ပိုင်းမီဒီယာတွေမှာထင်ရှားတဲ့ လိင်အလွဲသုံးစားလုပ်ခံရသူ ဗာဂျီးနီးယား ဂျူးဖရီး ပါဝင်နေတဲ့အချက် ဖြစ်ပါတယ်။ သူဟာ အသက် ၁၆ နှစ်အရွယ်မှာ Mar-a-Lago မှာ အလုပ်စလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ဂီလင်းမက်စ်ဝဲလ်က သူ့ကို အက်ပ်စတိန်းအတွက်  မာဆက်လုပ်ပေး၊ နှိပ်နယ်ပေးဖို့ စည်းရုံးခေါ်ဆောင်သွားခဲ့တယ်လို့ စွပ်စွဲခဲ့သူပါ။ နောက်ပိုင်းမှာ ဗြိတိန်တော်ဝင်မင်းသားကြီး အင်ဒရူးကပါ သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂျူးဖရီးဟာလည်း မကြာသေးခင်ကပဲ သြစတြေးလျမှာ အသက် ၄၁ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပြန်ပါတယ်။

အပိုင်း (၃ )  ဝါရှင်တန်က နိုင်ငံရေးမုန်တိုင်း

ဒီအမှုရဲ့ ဂယက်ဟာ လွှတ်တော်ထဲအထိ ရိုက်ခတ်လာပါတယ်။ ပြည်သူတွေရဲ့ ဖိအားကြောင့် ဒီမိုကရက်တွေသာမက ထရမ့်ပ်ရဲ့ ရီပတ်ဘလီကန်ပါတီဝင် အမတ်တချို့ကိုယ်တိုင်က အက်ပ်စတိန်းဖိုင်တွေ ထုတ်ပြန်ပေးဖို့ မဲခွဲဆုံးဖြတ်ရအောင် ကြိုးစားလာကြပါတယ်။

ဒါပေမဲ့ ရီပတ်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် ကတော့ ဒီမဲခွဲမှုကို ရှောင်လွှဲဖို့အတွက် လွှတ်တော်အစည်းအဝေးကို ရုတ်တရက် အချိန်စော ရပ်နားပြီး အမတ်တွေကို နွေရာသီအားလပ်ရက်အတွက် အိမ်ပြန်လွှတ်လိုက်ပါတယ်။ သူက "ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး သူများတွေရဲ့ ဟောပြောပို့ချတာကို ခံနေမှာမဟုတ်ဘူး" လို့ ဒေါသတကြီး ပြောကြားခဲ့သလို ဒီကိစ္စကို နိုင်ငံရေးကစားကွက်တခုအဖြစ် ပုံဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို လွှတ်တော်စောနားလိုက်တာကြောင့် ရီပတ်ဘလီကန်တွေ အဆိုပြုထားတဲ့  ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေကြမ်းလိုကိစ္စတွေတောင် ဆက်မဆွေးနွေးနိုင်ဘဲ ရပ်သွားခဲ့ရပါတယ်။ 

ဒီလုပ်ရပ်ကို ရီပတ်ဘလစ်ကန်ပါတီအတွင်းမှာတောင် အားလုံးက သဘောတူတာတော့ မဟုတ်ပါဘူး။  တောမတ်မာဆီနဲ့ မာဂျရီတေလာဂရင်း တို့လို ထင်ရှားတဲ့ အမတ်တွေက ဒီကိစ္စကို အချိန်ဆွဲမနေဘဲ မဲခွဲဆုံးဖြတ်သင့်တယ်လို့ လူသိရှင်ကြား ဝေဖန်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဂီလင်းမက်စ်ဝဲလ်ကို လွှတ်တော်ကော်မတီက သက်သေထွက်ဆိုဖို့ ဆင့်ခေါ်ထားပါတယ်။ ဒါပေမဲ့ မက်စ်ဝဲလ်ရဲ့ ရှေ့နေတွေကတော့ သူ့ကို တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့် (immunity) ဒါမှမဟုတ် သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် (clemency) ပေးမှသာ သူသိသမျှကို ပွင့်ပွင့်လင်းလင်း ထွက်ဆိုမယ်လို့ အကြောင်းပြန်ထားပါတယ်။

အပိုင်း (၄) ရှေ့နေချုပ် ဘွန်ဒီရဲ့ အစီရင်ခံစာ

ဒီနိုင်ငံရေးမုန်တိုင်းရဲ့ နောက်ကွယ်မှာ အိမ်ဖြူတော်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရေးကြီးတဲ့ တွေ့ဆုံမှုတခုလည်း ရှိခဲ့ပါတယ်။ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ မေလတုန်းက ရှေ့နေချုပ် ပမ်ဘွန်ဒီဟာ သမ္မတထရမ့်ပ်ကို အက်ပ်စတိန်းအမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာ တင်ပြခဲ့ပါတယ်။ ဘွန်ဒီက ထရမ့်ပ်ကို "သမ္မတရဲ့ နာမည်ဟာ အက်ပ်စတိန်းရဲ့ မှတ်တမ်းဖိုင်တွေထဲမှာ ပါဝင်နေတယ်" လို့ အတိအလင်း ပြောကြားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အိမ်ဖြူတော်အရာရှိတွေကတော့ ဒါဟာ "ပုံမှန်အစီရင်ခံတင်ပြမှု" တခုဖြစ်ပြီး ထရမ့်ပ်နာမည်ပါတာ တခုတည်းကိုပဲ အဓိကထား ဆွေးနွေးတာမဟုတ်ဘူးလို့ ပြောပါတယ်။ နောက်ပိုင်းမှာ သတင်းထောက်တွေက ထရမ့်ပ်ကို သူ့နာမည်ပါဝင်ကြောင်း ရှေ့နေချုပ်က ပြောခဲ့သလားလို့ မေးတဲ့အခါ ထရမ့်ပ်က “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ သူက ကျုပ်တို့ကို အကျဉ်းချုပ်လေးပဲ တင်ပြခဲ့တာ”လို့ ဆိုပြီး လူသိရှင်ကြား ငြင်းဆိုခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ တရားဝင်ရပ်တည်ချက်ကတော့ ထရမ့်ပ်နာမည်ပါတာအံ့ဩစရာမဟုတ်ဘူး၊ ဘာမှ မှားယွင်းကြောင်းသက်သေမရှိဘူး၊ ဒါတွေအားလုံးဟာ ဒီမိုကရက်တွေနဲ့ မီဒီယာတွေက ဖန်တီးနေတဲ့ "သတင်းတု" တွေပဲဆိုပြီးတော့ Obama Russiagate အရှုပ်တော်ပုံလိုပဲ တမင်ဖွပြီးတော့ အပုပ်ချတာသပ်သပ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ကွယ်မှာတော့ အိမ်ဖြူတော်အတွင်းမှာ တင်းမာမှုတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပြန်ပါတယ်။ ဖေဖော်ဝါရီလတုန်းက MAGA လောကရဲ့  သြဇာရှိသူတွေကို ဖြန့်ဝေခဲ့တဲ့ အက်ပ်စတိန်းမှတ်တမ်းတွေထဲကနေ ရှေ့နေချုပ်ဘွန်ဒီက ထရမ့်ပ်ရဲ့နာမည်ကို မဖျက်ဘဲ ထည့်ပေးလိုက်တဲ့အတွက် အိမ်ဖြူတော်အရာရှိတွေက ဒေါသထွက်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

အပိုင်း (၅)  MAGA လောကရဲ့ ဖိအား

ဒီလောက်အထိ နိုင်ငံရေးအရပွက်လောရိုက်နေရတဲ့ အကြောင်းရင်းကို နားလည်ဖို့ဆိုရင် ထရမ့်ပ်ရဲ့ အမာခံထောက်ခံသူတွေဖြစ်တဲ့ Make America Great Again (MAGA) လှုပ်ရှားမှုရဲ့ အတွေးအခေါ်ကို ကြည့်ရပါမယ်။ MAGA အုပ်စုထဲမှာ "Deep State" လို့ခေါ်တဲ့ အစိုးရနဲ့ အဖွဲ့အစည်းတွေကို နောက်ကွယ်ကနေ ချုပ်ကိုင်ထားတဲ့၊ ဖောက်ပြန်ယိုယွင်းနေတဲ့ လျှို့ဝှက် ပူးပေါင်းကြံစည်တဲ့ အုပ်စုတစုရှိတယ်ဆိုတဲ့ ယုံကြည်ချက် အရမ်းအားကောင်းပါတယ်။

သူတို့အမြင်မှာတော့ အက်ပ်စတိန်းဟာ အဲ့ဒီလို အာဏာရှိတဲ့၊ ချမ်းသာတဲ့ Elite အသိုက်အဝန်းရဲ့ ဖောက်ပြန်မှုတွေကို ဖော်ပြနေတဲ့ သက်သေတခုပါပဲ။ လျှို့ဝှက်ပူးပေါင်းကြံစည်မှု Conspiracy theory တွေကို ယုံကြည်မှု အားကောင်းတဲ့ ဒီအုပ်စုက အက်ပ်စတိန်းရဲ့ "ဖောက်သည်စာရင်း" ထဲမှာ ဒီမိုကရက်တစ်ပါတီက ဘီလ်ကလင်တန်လို ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ နာမည်တွေပါဝင်ပြီး ဒါတွေကို ဖော်ထုတ်ရမယ်လို့ ယုံကြည်နေကြတာပါ။

ထရမ့်ပ်ကိုယ်တိုင်ကလည်း အစပိုင်းမှာ ဒီယုံကြည်မှုကို အားပေးခဲ့ပါတယ်။ သူ သမ္မတမဖြစ်ခင်က အက်ပ်စတိန်းဖိုင်တွေကို ထုတ်ပြန်ပေးမယ်လို့ ကတိပေးခဲ့ဖူးတယ်။ ဒါပေမဲ့ သမ္မတဖြစ်လာပြီးနောက်ပိုင်း တရားရေးဌာနနဲ့ FBI က "ဖောက်သည်စာရင်း" ဆိုတာမျိုး မရှိဘူး၊ အက်ပ်စတိန်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ MAGA အုပ်စုတွေဟာ ဒီအပေါ်မှာ အရမ်းကို စိတ်ပျက်နေပြီးတော့ အစိုးရရနဲ့ မရရင်လွှတ်တော်ကနေ ပါ ဖိအားပေးလာကြတာဖြစ်ပါတယ်။

အပိုင်း (၆)  ထရမ့်ပ်နဲ့ စာတစောင် နောက်ကွယ်က ဇာတ်လမ်း

ထရမ့်ပ်နဲ့ အက်ပ်စတိန်းဟာ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းအထိ ဆယ်စုနှစ်တခုကျော်ကြာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး ပါတီပွဲတွေမှာ အတူတူတွဲတွေ့ရတဲ့ ဓာတ်ပုံတွေလည်း အများကြီးရှိပါတယ်။ Wall Street Journal မှာ ရေးသားဖော်ပြထားတာကတော့ ထရမ့်ပ်ဟာ ၂၀၀၃ ခုနှစ်က အက်ပ်စတိန်းရဲ့မွေးနေ့အတွက် စာတစောင် ရေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။  အဲ့ဒီစာထဲမှာ "Enigmas never age" (နားလည်ရခက်ခဲဆန်းကြယ်တဲ့သူတွေက ဘယ်တော့မှ မအိုဘူး) ဆိုတဲ့ စာသားနဲ့ "A pal is a wonderful thing. Happy Birthday - and may every day be another wonderful secret." (မိတ်ဆွေဆိုတာ အံ့ဩစရာကောင်းတဲ့အရာပဲ။ မွေးနေ့မှာပျော်ရွှင်ပါစေ - နေ့ရက်တိုင်းဟာ နောက်ထပ်အံ့ဩစရာ လျှို့ဝှက်ချက်တခု ဖြစ်ပါစေ) ဆိုပြီး အဆုံးသတ်ထားတယ်လို့ ဆိုပါတယ်။ ထရမ့်ပ်ကတော့ ဒီစာကို သူရေးတာမဟုတ်ဘူးလို့ အတိအလင်းငြင်းထားသလို ဖော်ပြခဲ့တဲ့ Wall Street Journal နဲ့  မီဒီယာလုပ်ငန်းရှင်ကြီး ရူးပတ်မားဒေါ့ဂျ်ကိုပါ တရားမနစ်နာမှုနဲ့ တရားစွဲထားပါတယ်။  နောက်ပိုင်းမှာတော့ တယောက်ယောက်က သူ့နာမည်သုံးပြီးတော့ ဒီစာကို ရေးတာဖြစ်နိုင်တယ်လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောထားပါတယ်။ 

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ဘာကြောင့်ပြတ်တောက်သွားလဲဆိုတဲ့အပေါ်မှာလည်း ဇာတ်လမ်းအမျိုးမျိုးရှိပါတယ်။ တခုကတော့ ၂၀၀၄ ခုနှစ်မှာ Palm Beach က ပင်လယ်ကမ်းခြေအိမ်တလုံးကို လေလံဆွဲတဲ့ကိစ္စမှာ ထရမ့်ပ်က အက်ပ်စတိန်းထက် ဈေးပိုပေးပြီး ဝယ်ယူသွားခဲ့လို့ ဆိုတာပါပဲ။ အခုနောက်ဆုံးမှာတော့ ထရမ့်ပ်က Mar-a-Lago က မိန်းကလေးငယ်တွေကိစ္စကြောင့်လို့ ပြောလာတာပါ။

ဒါ့အပြင် ထရမ့်ပ်ကို တိုက်ရိုက်စွပ်စွဲမှုတွေလည်း ရှိခဲ့ဖူးပါတယ်။ ဂျီးလ်ဟာ့တ် ဆိုတဲ့ အမျိုးသမီးက ၁၉၉၇ ခုနှစ်မှာ Mar-a-Lago က ပါတီတခုမှာ ထရမ့်ပ်က သူ့ကို အတင်းနမ်းရှုံ့ပြီး ကိုင်တွယ်ခဲ့တယ်လို့ တရားစွဲခဲ့ပါတယ်။ အဲ့ဒီပါတီမှာ အက်ပ်စတိန်းလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် မော်ဒယ်တဦးဖြစ်တဲ့ စတေဆီ ဝီလျံကလည်း အက်ပ်စတိန်းက သူ့ကို Trump Tower ကို ခေါ်သွားခဲ့ပြီး ထရမ့်ပ်က သူ့ကို မဖွယ်မရာလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ သမ္မတ ထရမ့်ပ်ကတော့ ဒီစွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပါတယ်။

နိဂုံး

အက်ပ်စတိန်းမှတ်တမ်းတွေမှာ ဘာအမှန်တရားတွေ ရှိနေပါသလဲ။ ရှေ့မှာပြောခဲ့သလိုပဲ မှတ်တမ်းတွေထဲမှာ  နာမည်ပါရုံနဲ့ သက်ငယ်လိင်ကိစ္စ ကျူးလွန်ရာမှာ ပါဝင်သူလို့ စွပ်စွဲဖို့ လုံလောက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖုံးကွယ်ထားဖို့ မလိုအပ်ရင် ဘာကြောင့် မထုတ်ပြန်နိုင်ရတာလဲဆိုတာ မေးစရာထပ်ဖြစ်လာပါတယ်။  ကျူးလွန်ခဲ့ရတဲ့ မိန်းကလေးတွေကို ကာကွယ်ပေးဖို့ ဆိုရင်လည်းသူတို့နဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဆင်ဆာဖြတ်တောက်ပြီး ထုတ်ပြန်ပေးလို့ရပါတယ်။

တခြားထင်ရှားကျော်ကြားအာဏာရှိသူတဲ့ ဘယ်သူတွေပါနေလို့လဲ၊ ဘာတွေများ ဖုံးကွယ် ထားဖို့လိုအပ်တာလဲဆိုတာ မေးစရာထပ်ဖြစ်လာပါတယ်။ အလုံးစုံမထုတ်ပြန်ဘဲ အကန့်အသတ်နဲ့ပဲ ထုတ်ပြန်ပေးပြန်ရင်လည်း ချန်လှပ်ထားတဲ့ မှတ်တမ်းတွေမှာ ဘာတွေ ပါသလဲဆိုတာ မေးခွန်းထုတ်ကြဦးမှာ ဖြစ်ပါတယ်။  လွှတ်တော်ဥက္ကဋ္ဌက မဲခွဲမှာကိုရှောင်ဖို့ လွှတ်တော် ဆက်ရှင်ကိုတောင် အချိန်စောရပ်နားခဲ့တာကို ကြည့်ရင် ပိုပြီးသံသယဖြစ်စရာကောင်းလာပါတယ်။ စက်တင်ဘာလမှာ လွှတ်တော်ပြန်စတဲ့အခါ ဒီကိစ္စကို ထပ်မံကြိုးစားလာဦးမလား၊  အစမဖော်ဖို့အတွက် ပါတီတွင်း ညှိနှိုင်းနိုင်ကြမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ထောင်ကျနေတဲ့ ဂီလင်းမက်စ်ဝဲလ်ကကော တကယ်ပဲ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်ကို မျှော်ကိုးပြီး အမှန်တရားကို ဖွင့်ချလာမလား ဆိုတာတွေကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ်သီအိုရီတခုကတော့ ချမ်းသာသူတွေ၊ ကုမ္ပဏီကြီးတွေကို အခွန်လျှော့ပေးသလို တဖက်မှာလည်း  လူမှုဖူလုံရေးနဲ့ ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေကို လျှော့ချထားတဲ့အငြင်းပွားဖွယ် Big Beautiful Bill အက်ဥပဒေ အရေးကို အာရုံမစိုက်အောင်၊ အက်ပ်စတိန်းမှတ်တမ်းနဲ့ အာရုံလွှဲတာဆိုတဲ့ အယူအဆဖြစ်ပါတယ်။ 

ဒီအမှုဟာ နိုင်ငံရေးကစားကွက်တွေ၊ conspiracy theory တွေနဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ အရှုပ်တော်ပုံတွေကြားမှာ နစ်မွန်းနေတဲ့ ဗာဂျီးနီးယား ဂျူးဖရီးလို မိန်းကလေးတွေရဲ့ တရားမျှတမှုအတွက် တိုက်ပွဲတခုလည်း ဖြစ်ပါတယ်။ အဲဒီတရားမျှတမှုက ဘယ်တော့မှ အပြည့်အဝ ရရှိလာနိုင်မလဲဆိုတာကတော့ ဒီနေ့အထိ အဖြေမရှိသေးတဲ့ မေးခွန်းကြီးတခုအဖြစ် ကျန်ရှိနေဆဲပါပဲခင်ဗျာ။

စိုင်းခေတ်နွေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024