
အောင်ဆန်းသမီး၊ လူထုကြီးနှင့်
စပြီးမိတ်ဆက်၊ စင်ပေါ်တက်ရေး
တုံးခုပေးခဲ့၊ လူထုရဲ့မင်းသား
စကားပြောကောင်းလွန်း၊ အကယ်ဒမီထွန်းဝေ
ကွယ်လွန်လေခဲ့ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီ။ ။
လက်ရှိမှာ ရုပ်ရှင်မင်းသား ဒေါင်းက ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကိုလာဖို့ ကြော်ငြာတာ တွေ့လိုက်တယ်။ နွေဦးတော်လှန်ရေးဘက်မှာ မင်းသား ဒေါင်း၊ မင်းသား မင်းမော်ကွန်း၊ မင်းသား ဇဏ်ခီ၊ မင်းသမီး ပိုင်ဖြိုးသု၊ မင်းသမီး ချစ်သုဝေ၊ မင်းသား အောင်မြင့်မြတ်၊ မင်းသား ခါရာ စသူတို့က နွေဦးတော်လှန်ရေးဘက်မှာ တိုက်ပွဲဝင်နေကြတယ်လေ။ သူတို့ရုပ်ရှင်တွေကို ပြပြီး တော်လှန်ရန်ပုံငွေတွေ ရှာကြတယ်။ တချို့က ဂီတပွဲတွေလုပ်ကြပြီး ရန်ပုံငွေရှာကြတာပါ။ အခုလို ရုပ်ရှင်သရုပ်ဆောင်တွေက ပြည်သူ့ဘက်ရပ်တည် တိုက်ပွဲဝင်နေကြတော့ တချိန်က ပြည်သူ့ဘက် ရပ်ခဲ့ကြတဲ့ အနုပညာရှင်တွေကို သတိရလာမိတာပါ။ ကွယ်လွန်သူ ရုပ်ရှင် အကယ်ဒမီ မင်းသမီး အေးအေးသင်း ဆိုရင် စစ်တပ်က ရုပ်ရှင်ရိုက်ခွင့်ပေးတာတောင် လက်မခံဘဲ ဒီမိုကရေစီဘက်က ရပ်တည်သွားခဲ့တယ်။ နောက်တဦးကတော့ သုံးထပ်ကွမ်း အကယ်ဒမီ ထွန်းဝေပေါ့။
ရုပ်ရှင်မင်းသား အကယ်ဒမီထွန်းဝေ (၂၃ အောက်တိုဘာ ၁၉၂၀ – ၈ ဩဂုတ် ၂၀၀၅) ဟာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ပြီး အကယ်ဒမီဆု သုံးကြိမ်ရရှိထားသူပါ။ မြန်မာ့ရုပ်ရှင်လောကမှာ မင်းသား မြတ်လေးနဲ့ ထွန်းဝေတို့ဟာ စကားပြောကောင်း မင်းသားတွေလေ။ နာမည်ကျော် ပြဇာတ်မင်းသား ဘီအီးဒီအောင်သိုက်က ထွန်းဝေရဲ့ စကားပြောဟန်ကို ကြိုက်လွန်းလို့ ဆင်တူ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ ထွန်းဝေဟာ အသံအောင်တယ်။ အသံပြတ်တယ်။ သူ့ရယ်သံဟာ တမူထူးတယ်။ ရုပ်ရှင်မှာတင်မက ကက်ဆက်ခွေ ဇာတ်လမ်းတွေမှာလည်း လူကြိုက်များကြပါတယ်။ ဒီလိုအပြောကောင်းတာတွေဟာ ရုပ်ရှင်မှာထက် နိုင်ငံရေးလောက ဒီမိုကရေစီတိုက်ပွဲတွင်းမှာက ပိုကောင်းနေပြန်ရော။
သူ့ရဲ့ဒိုင်ယာလော့တွေပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ စက်တင်ဘာ ၂၆ ပထမဆုံး လူထုသိန်းချီနဲ့ တွေ့ဆုံပွဲကြီးကို ထွန်းဝေရဲ့ ဒိုင်ယာလော့နဲ့ စခဲ့တာပါ။
ထွန်းဝေရဲ့ အမေစုကို ပထမဆုံး စင်တင် ဒိုင်ယာလော့
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ အမေစုရဲ့ လူထုတွေ့ဆုံပွဲကြီးဟာ မြန်မာပြည် ဒုတိယလွတ်လပ်ရေး တိုက်ပွဲကြီးရဲ့ အစ ဖြစ်ပါတယ်။ ဒီလိုပဲ ပထမဆုံး အမေစု လူထုတွေ့ဆုံပွဲကြီးကိုလည်း အကယ်ဒမီထွန်းဝေရဲ့ အပြောကောင်းလှတဲ့ ဒီစကားနဲ့ စခဲ့တာပါ။
(“ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ ဆန္ဒသဘောထားကို တင်ပြပြီး ပြည်သူလူထု အစည်းအဝေးကြီးမှ ထောက်ခံမှုယူနိုင်ရန် အဆိုပြုချက်များကို တင်ပြပါမည်။ ဒေါ်အောင်ဆန်းစုကြည် ကြွပါခင်ဗျား။”)
ဒေါ်အောင်ဆန်းစုကြည် ကြွပါခင်ဗျားလို့ နောက်မှာရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့ကနေ လက်ကိုမြှောက်ပြီး ဦးထွန်းဝေက ဟန်ပါပါ လှည့်ထွက်လိုက်ပုံကလေးဟာ ကျနော့်မျက်စိထဲ စွဲနေပါတယ်။ ဒီဗွီဒီယို ယူကျုမှာ ကြည့်နိုင်ပါတယ်။ အဲသည်နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေ ညီညွတ်ကြမှ အောင်ပွဲရမယ်ဆိုတဲ့ မိန့်ခွန်းကြီး ပေါ်ထွက်လာပါတယ်။ ပြည်သူ့အောင်ပွဲပါ။ အမေစုရဲ့ ခေါင်းဆောင်မှု အစနေ့။ ပထမဆုံး ပြည်သူသို့ ပြောစကား။ ပွဲဖွင့်ပေးသူက အကယ်ဒမီထွန်းဝေ။
ထွန်းဝေအား စစ်အာဏာရှင်များ အငြိုးထားပြီ
လူရွှင်တော် မေတ္တာကိုတော့ ဆယ်တန်းအောင်ရင် ကျောင်းပြီးသွားပြီပေါ့ ဆိုတဲ့ ပြက်လုံးကြောင့် အနုပညာအလုပ်တွေ တားမြစ်ခံရတယ်။ အလားတူ အကယ်ဒမီ ကျော်သူကိုလည်း သူတို့ စစ်တပ်နဲ့ ကြံ့ဖွတ်နဲ့ မပူးပေါင်းလို့ ရုပ်ရှင်ရိုက်ခွင့်ပိတ်တယ်။ အကယ်ဒမီ အေးအေးသင်းကိုလည်း စစ်တပ်ကို ထောက်ခံကြောင်း လက်မှတ်မထိုးလို့ ရုပ်ရှင်မရိုက်ရ။ အလားတူ အကယ်ဒမီထွန်းဝေကိုလည်း ရုပ်ရှင်မရိုက်ရ၊ ကက်ဆက်ဇာတ်လမ်း အသံ သရုပ်မဆောင်ရ၊ ကြော်ငြာမရိုက်ရ၊ အနုပညာလုပ်ငန်း အကုန်ပိတ်တာပါ။ အဲသည်လို ပိတ်တာကလည်း ၂၀၀၅ ခုနှစ် ဩဂုတ်လ ၈ ရက် ကွယ်လွန်ချိန်အထိပါပဲ။ အခု ၃၇ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်မှာ စကားပြောကောင်းသော အကယ်ဒမီထွန်းဝေ ကွယ်လွန်သွားခဲ့တာလည်း နှစ်ပေါင်း ၂၀ ရှိပြီပေါ့။
အကယ်ဒမီထွန်းဝေနဲ့ DVB အင်တာဗျူး
မကွယ်လွန်မီ တနှစ်လောက်က ထင်ပါရဲ့၊ DVB က ဦးထွန်းဝေကို တယ်လီဖုန်းနဲ့ အင်တာဗျူးတယ်။ သူက စကားပြောရင် ရယ်ပြီး ပြောတတ်တာကလား။ အသက်တော်တော်ကြီးတဲ့အထိ သူ့အသံက ကောင်းနေတုန်း။ အောင်နေတုန်း။ DVB သတင်းအယ်ဒီတာ ကိုမိုးအေးက ဖုန်းနဲ့ မေးမြန်းနေစဉ်မှာရော DVB ရေဒီယိုက ပြန်လည်ထုတ်လွှင့်တဲ့ အခါမှာရော ဖြေဆိုသံကို အခုအထိ ပြန်ကြားယောင်ဆဲပါ။ သူက အခုလို ပြောခဲ့တယ်။
“ကျနော်က တဘဝလုံးနဲ့ရင်းပြီး ကျေနပ်တာခင်ဗျ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကို စင်ပေါ်တင်ခွင့်ရခဲ့တာ။ ပြည်သူနဲ့ မိတ်ဆက်ပေးခဲ့ရတာ။ သမိုင်းပေး တာဝန်ပေါ့ဗျာ။ အားရတယ်။ ဝမ်းသာတယ်။ ပီတိဖြစ်တယ်။ ကြည်နူးတယ်ပေါ့ဗျာ။ ရုပ်ရှင်မရိုက်ရလည်းနေပေါ့ဗျာ။ အသံ သရုပ်မဆောင်ရလည်း ဘာဖြစ်လဲ။ ကျနော်က ကျေနပ်နေတာဗျ။ သူတို့ ပိတ်နိုင်လှ တသက်ပေါ့ဗျာ။ ဟားဟားဟား။”
“သူတို့ ပိတ်နိုင်လှ တသက်ပေါ့ဗျာ။ ဟားဟားဟား” ဆိုတာ ပေါ့ပေါ့ပါးပါး ပြောသွားခဲ့ပါတယ်။ အဲသည်ကာလတုန်းကတော့ သူနဲ့ ဖုန်းပြောအပြီး ဖုန်းလိုင်းတွေ အဖြတ်ခံရတယ်။ ထွန်းဝေပါတဲ့ ရုပ်ရှင်တွေ ပြခွင့်ပိတ်တယ်။ အတော့်ကို အညွန့်ချိုး ယုတ်မာခံခဲ့ရပါတယ်။ သူကတော့ အနုပညာ လုပ်ငန်း မဟုတ်တဲ့ စီးပွားရေး လုပ်ငန်းငယ်ကလေးတွေ တနိုင်တပိုင်လုပ်ပြီး ရပ်တည်နေကြောင်း DVB ကို ပြောခဲ့တာပါ။
အကယ်ဒမီထွန်းဝေရဲ့ ဘဝဖြစ်စဉ်
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးထွန်းဝေကို ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့မှာ အဖ ဦးကျော်စိန်နဲ့ အမိ ဒေါ်ရွှေရင်တို့မှ မွေးဖွားခဲ့ပါတယ်။ မွေးချင်းတွေအနက် သားကြီး ဖြစ်ပါတယ်။ နတ်တလင်းအထက်တန်းကျောင်းမှာ အထက်တန်းပညာ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် တရုတ်ပြည် ချုံကင်းမြို့မှာ စာနယ်ဇင်းသင်တန်း တက်ရောက်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ နယ်ခြားသတင်းထောက်၊ နေ့စဉ်လမ်းညွှန် သတင်းစာတွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၄၈-၄၉ ခုနှစ်မှာ မန္တလေးမြို့ထုတ် ‘ဘဝသစ်နေ့စဉ်’ မှာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
ရုပ်ရှင်လောကသို့ ဝင်ရောက်ခြင်း
သိန်းဖေမြင့်ကတဆင့် ဗြိတိသျှဘားမားရှိ ရွှေဒုံးဘီအောင်ရဲ့ တပည့်အဖြစ် ရုပ်ရှင်ပညာသင်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်ရံပါရမှာ ၁၉၅၂ ခုနှစ်မှာ ဦးချစ်ခင်ရိုက်တဲ့ ချစ်ရေးမလွယ်ဇာတ်ကား ဖြစ်ပါတယ်။ ၁၉၅၇ ခုမှာ ဦးချစ်စိန် ရိုက်တဲ့ ဗိုလ်မြဒင် ကားကစပြီး ခေါင်းဆောင်မင်းသား ဖြစ်လာခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဗိုလ်မြဒင် ဇာတ်ကား၊ ၁၉၅၉ မှာ ကကြီးရေက ဇာတ်ကား၊ ၁၉၈၃ ခုနှစ်မှာ တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ကားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆု အကယ်ဒမီဆွတ်ခူးရရှိပါတယ်။ ၁၉၅၂ ခုနှစ်မှာတော့ ပီကင်းမှာ ကျင်းပတဲ့ အာရှနဲ့ ပစိဖိတ်ဒေသငြိမ်းချမ်းရေး ကွန်ဂရက်သို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ မြန်မာ့ရုပ်ရှင်ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်သို့ သွားရောက်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ မြန်မာ့ရုပ်ရှင်ပညာရှင်တွေ ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်၊ ပေကျင်းသို့ သွားရောက်ခဲ့သလို ၁၉၆၇ ခုနှစ်ကစပြီး အမြင့်သဘင်နဲ့ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်၊ ၁၉၅၃ ခုနှစ်မှာ တရုတ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ ကောင်စီဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ပါဝင်သော ဇာတ်ကားများ
ချစ်ရေးမလွယ် ၁၉၅၂ ဒါရိုက်တာဦးချစ်ခင်
သည်ဆောင်းဟေမာန် ဒါရိုက်တာဦးသုခ
မာလာရီ ရွှေဒုံးဘီအောင်
ပွဲခါညောင်ရေ ရွှေဒုံးဘီအောင်
ဒေါက်တာ အောင်ကျော်ဦး ရွှေဒုံးဘီအောင်
ဖူးစာနှစ်ခိုင် ဦးလှဦး
ဖြေလျှော့ခွေ ဦးချစ်ခင်
ဘုနဲ့ ဘောက် နေဒွန်း ကန်တော်မိတ် ရုပ်ရှင်
ဗိုလ်မြဒင် ၁၉၅၇ ဦးချစ်စိန် ဘီဘီဘီ ဖလင်
ကကြီးရေ က ၁၉၅၉ သာဓု
မောင့်မူပိုင်ရှင် ၁၉၆၄ အောင်ဝင်း
ဖဆကလပ် ၁၉၆၆ သာဓု
ချစ်တော့ ချစ်တယ် မျိုးအောင်
ဗိုလ်အောင်နိုင် ကျော်သန်း
တတိယအရွယ်၏ ဒုတိယဝေဒနာ ၁၉၈၃
နိုင်ငံရေးမှာပါဝင်လာပုံ
ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ဖြစ်ပွားတဲ့အခါ အနုပညာရှင်တွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ဖြစ်ပြီး သူဟာ နိုင်ငံရေးဝါဒအရ ကွန်မြူနစ်အတွေးအခေါ်ရှိသူတယောက်ဖြစ်ပါတယ်။
ရရှိခဲ့သော ဆုတံဆိပ်များ
ထွန်းဝေဟာ အကယ်ဒမီ ၃ ကြိမ်ရ ရုပ်ရှင်မင်းသားကြီး ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဗိုလ်မြဒင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု၊ ၁၉၅၉ ခုနှစ်မှာ ကကြီးရေက ဇာတ်ကားနဲံလည်းကောင်း၊ ၁၉၈၃ မှာ တတိယအရွယ်ရဲ့ ဒုတိယဝေဒနာ ဇာတ်ကားနဲ့ လည်းကောင်း ဇာတ်ပို့ဆု အကယ်ဒမီတွေရရှိခဲ့ပါတယ်။ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ပြည်သာယာ၊ သီရိဇေယျာလမ်း၊ နေအိမ်မှာ ၂၀၀၅ ခုနှစ် ဩဂုတ် ၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်မှာ ကွယ်လွန်ခဲ့ပြီး ဇနီး ဒေါ်ထွေးထွေးနဲ့ သားသမီး၊ မြေးတွေ ကျန်ရစ်ခဲ့ပါတယ်။
သူ့အကြောင်း ကြားဖူးနားဝ
၁၉၈၈ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အေးအေးသင်းနဲ့ အမေစုကို စင်ပေါ်တင်ခဲ့သူ ထွန်းဝေ စတဲ့ အကယ်ဒမီဆုရ သရုပ်ဆောင်တွေကို ဇာတ်ကားရိုက်ခွင့် ပိတ်တာတွေကတော့ သိပြီးသားတွေပါ။ ဦးထွန်းဝေရဲ့ နိုင်ငံရေးဘဝဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ခေတ်ကတည်းက လှုပ်ရှားခဲ့တာလို့ ဒါရိုက်တာ ဦးဝင်းဖေကလည်း ပြောခဲ့ဖူးပါတယ်။ သူဟာ သခင်ကိုယ်တော်မှိုင်းရဲ့ အတွင်းရေးမှူးလုပ်ပြီး တရုတ်ပြည်မှာ ငြိမ်းချမ်းရေးညီလာခံတောင် တက်ခဲ့သတဲ့။ ဆရာကြီးအောင်ချိန်ဘွားရဲ့ စံတော်ချိန်ဆောင်းပါးတခုကလည်း ဦးထွန်းဝေနဲ့ မဆလ ဦးနေဝင်းတို့ဟာ တရုတ်ပြည်မွေး တရုတ်လူမျိုး စစ်စစ်ကြီးတွေလို့ ဆိုပါတယ်။ ဦးထွန်းဝေဟာ မြန်မာ့ရိုးရာစာပေ အစားအစာတွေကို နှစ်သက်သလို တရုတ်ရိုးရာ စာပေ အစားအစာတွေကို နှစ်သက် ကျွမ်းကျင်ပါတယ်။ တရုတ်စကား သုံး လေးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သူပါ။ တရုတ်အစားအစာတွေ ချက်တာကိုလည်း ကျွမ်းကျင်တာမို့ ရန်ကုန်မှာ တရုတ်စားသောက်ဆိုင်တွေ ဖွင့်တဲ့အခါ ဦးထွန်းဝေကို ချက်ပြုတ်နည်း အကြံပေးဖို့ ခေါ်တတ်ပါသတဲ့။ နောက်ပြီးတော့လည်း သူဟာ ရုပ်ရှင်မင်းသား မလုပ်ခင်က မန္တလေးမှာ သတင်းထောက်လုပ်ခဲ့လို့ သတင်းလောကနဲ့လည်း နီးစပ်သပေါ့။
ဂုဏ်ပြုထိုက်သူ အကယ်ဒမီထွန်းဝေ ကွယ်လွန်ခြင်း နှစ် ၂၀
ဦးနေဝင်း ဘယ်နေ့ဆုံးတယ် မသိကြပါ။ စိတ်မဝင်စားကြပါ။ အလားတူ နိုင်ငံရေး တော်လှန်ရေးကို သစ္စာဖောက်သွားကြသူတွေကိုလည်း သူတို့ရဲ့ ကွယ်လွန်ရက်တွေကို လူထုက စိတ်မဝင်စားကြပါ။ သို့သော် ဇွန် ၂၆ ကတော့ဖြင့် ဆလိုင်းတင်မောင်ဦး ကြိုးပေးနေ့ ဆိုတာကို မမေ့။ ဇူလိုင် ၁၉ အာဇာနည်နေ့ကို မမေ့ကြ။ NLD အမှတ် ခရမ်းဦးတင်မောင်ဝင်း ထောင်တွင်းကျဆုံး ဇန်နဝါရီ ၁၈ ရက်၊ မောင်သော်က က ဇွန်လ ၁၁ ရက် ကျဆုံးတယ် စသဖြင့် သတိရနေကြတာပါ။ အလားတူ စကားပြောကောင်းသော ရုပ်ရှင်မင်းသားကြီး အကယ်ဒမီထွန်းဝေ ကွယ်လွန်ခဲ့တဲ့ ဩဂုတ်လ ၈ ရက်ကိုလည်း မေ့မရနိုင်ပါ။ အဲဒီ ၈ ရက်ဟာ ၈၈၈၈ အရေးတော်ပုံကြီး ၃၇ နှစ်မြောက်နဲ့ တိုက်ဆိုင်နေလို့လည်း အကယ်ဒမီထွန်းဝေကို ပိုသတိရကြတာပါ။ ။
ပြည်သူ့ဘက်သား၊ အနုပညာရှင်
တိုက်ပွဲဝင်ခဲ့၊ ရုပ်ရှင်မင်းသား
အကယ်ဒမီများရှင်၊ သမိုင်းတွင်နေ
ဦးထွန်းဝေကား၊ ကွယ်လွန်သွားခဲ့
နှစ်များ ၂၀ တိုင်ခဲ့ပါပြီတကား ။ ။
မောင်တူး