Home
ဆောင်းပါး
“တူဖူး” ရဲ့ စစ်ဆန့်ကျင်ရေး ရင်ခုန်သံ
DVB
·
July 30, 2025

(က)

၁၉၇၃-ခုနှစ်လောက်က ဖြစ်သည်။

ကျနော်က ကျောင်းပိတ်ရက်တွင် ရန်ကုန်သို့ နေ့ချင်းပြန် အလည်သွားတတ်၏။ ရန်ကုန် ၂၇ လမ်းထဲတွင် အလုပ်လုပ်သည့် ကဗျာဆရာ “မုံရွာအောင်ရှင်” နှင့် ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ငွေစာရင်းချုပ်ရုံးတွင် အလုပ်လုပ်သည့် ကဗျာဆရာ “အောင်ဇင်မင်း” တို့ထံ ချီတက်သွားလေ့ရှိ၏။ သူတို့ဆီက ရသမျှ စာအုပ်စာတမ်းများကိုယူကာ ပဲခူးသို့ ပြန်လေ့ရှိ၏။

ပဲခူးတွင် စာပေဝါသနာရှင် လူငယ်တစု ရှိခဲ့၏။ မင်းခိုင်ဦး၊ ကိုခါး (ကိုခါး- ကွမ်းခြံကုန်း မဟုတ်ပါ။) ကိုစန်းမောင် (ယခု - ဗဟိုတရားရုံးရှေ့နေ)၊ ကိုခင်ဦး၊ စိုးမိုးတင် (ခရေ) အစရှိသည့် ကဗျာရေးသူ လူငယ်တစုအဖို့ ထိုအချိန်က စာအုပ်စာတမ်းတွေထဲ တောနင်းသွားလာလျက် ရှိသောအချိန် ဖြစ်၏။ ကျနော်နှင့် ကိုစန်းမောင်က မိုးဝေစာပေမဂ္ဂဇင်း ကဗျာဆရာများနှင့် ထိတွေ့နီးစပ်သဖြင့် ပဲခူးက ယင်းလူငယ်တစုကို အများဆုံး အကူအညီပေးနိုင်ခဲ့၏။ ထိုစဉ်အချိန်က ကျနော်တို့ရဲ့ လေ့လာရေး ရေချိန်မှာ အမြင့်ဆုံးဖြစ်ခဲ့၏။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အရှေ့လေက အနောက်လေကို ဖိတိုက်နေသောအချိန် ဖြစ်၏။ နယ်ချဲ့နိုင်ငံများ၊ အရင်းရှင်နိုင်ငံများကို ထိုးနှက်တိုက်ခိုက်နိုင်သည့် တော်လှန်ရေး လက်ဝဲအယူအဆများကို နှစ်နှစ်ကာကာ လေ့လာနေခဲ့ကြ၏။

ကဗျာဆရာ “အောင်ဇင်မင်း” အလုပ်လုပ်သည့်ရုံးမှာ စိနသံရုံးနှင့် မဝေးလှ။ လမ်းလျှောက်သွားလျှင် ရောက်၏။ ထို့ကြောင့် ရန်ကုန်ရောက်သည့်အချိန်တိုင်း (ကို) အောင်ဇင်မင်းထံ ကျနော်ရောက်၏။ သူက စိနသံရုံးကို လိုက်ပို့၏။ စိနသံရုံးက ရသမျှ စာအုပ်စာတမ်းများကို တောင်း၏။ (ကို) အောင်ဇင်မင်းမှာ စိနသံရုံးကို အ၀င်အထွက်များသူဖြစ်၏။ သူနှင့်ခင်မင်သမျှ စာပေသမား လူငယ်တိုင်းကို စိနသံရုံးဆီ စေတနာ့၀န်ထမ်း ပို့ပေးနေခဲ့ဟန်တူ၏။ သံရုံးတာ၀န်ရှိသူများက သူ့ကိုသိ၏။ သူက သံရုံးယဉ်ကျေးမှု ကောင်စစ်၀န် အမျိုးသမီးနှင့်လည်း ရင်းနှီး၏။

ကျနော်က ရန်ကုန်ရောက်သည့်အချိန်တိုင်းလိုလို စိနသံရုံးနှင့် မြောက်ကိုရီးယားသံရုံးများသို့ မရောက်သည့်အခေါက်ဟူ၍ မရှိသလောက်ပင် ဖြစ်၏။ ရုရှားသံရုံးသို့မူ ကျနော်တို့ မသွား။ ကျနော်တို့က ရုရှားတို့ကို ပြန်လည်ပြင်ဆင်ရေးသမားများဟု သတ်မှတ်၏။ ထို့ကြောင့် သူတို့သံရုံးသို့မူ မသွားခဲ့။

သံရုံးမှ စာအုပ်စာတမ်းများ၊ လမ်းဘေးစာအုပ်အဟောင်းဆိုင်များမှရသည့် စာအုပ်စာတမ်းများမှ တဆင့် တော်လှန်ရေးဆင်နွှဲနေသော နိုင်ငံများ၏ ကဗျာများကို ကျနော်တို့ စုဆောင်းခဲ့၏။ ကျနော်၊ ကိုစန်းမောင်၊ ကိုခါး၊ မင်းခိုင်ဦးတို့ ၄ ဦးပေါင်းပြီး “ဒီရေ” နှင့် “ဆီးပွင့်” ဟု အမည်ပေးထားသော ကဗျာစာအုပ်များ ထုတ်ကြ၏။ နိုင်ငံတကာ ကဗျာဘာသာပြန်စာအုပ်များ ဖြစ်၏။ လက်ရေးကျောက်ပုံနှိပ် လက်ချုပ်စာအုပ်ငယ်များ ဖြစ်၏။ အာဏာရှင်အစိုးရ၏ တည်ဆဲဥပဒေကို ဆန့်ကျင်ကာ ထုတ်ဝေကြခြင်းဖြစ်သည်။ ထိုစဉ်က ကျနော်က စစ်ဆန့်ကျင်ရေးကဗျာများကိုသာ ရွေးပြီး ဘာသာပြန်ခဲ့သည်။ အထူးသဖြင့် တရုတ်နှင့် ဂျပန်စစ်ဆန့်ကျင်ရေးကဗျာများကို ရှာ၏။ ရွေး၏။ သည်လိုနှင့် တရုတ်ကဗျာဆရာ “တူဖူး” ရဲ့ ကဗျာများကို ကျနော် ဖတ်ခွင့်ရလာခဲ့၏။

(ခ)

တရုတ်ကဗျာဆရာ “တူဖူး” ပေါ်ထွန်းခဲ့သည့်ခေတ်မှာ နှယ်နှယ်ရရခေတ်မဟုတ်။ တရုတ်ကဗျာ သမိုင်းတွင်၊ ကဗျာရွှေခေတ်ကြီးဟု တင်စားရလောက်အောင် လူတွေက ကဗျာကို အထူးတလည် ချစ်မြတ်နိုးကြသော ခေတ်ကြီးဖြစ်၏။ အင်မတန်ထင်ရှားသည့် “တူဖူး”၊ “၀မ်ဝေ”၊ “လီပို” တို့လို ကဗျာဆရာကြီးများ ပေါ်ပေါက်ခဲ့သည့်ခေတ် ဖြစ်၏။ ထိုခေတ်မှာ “တန်မင်းဆက်ခေတ်” ဖြစ်၏။

“တန်မင်းဆက်ခေတ်” က လူတွေ ကဗျာကို အလေးအနက်ထားကြပုံမှာ သြချယူရလောက်၏။ ဥပမာ ... စျေးဆိုင်တွေ၊ အိမ်နံရံတွေမှာ ကဗျာတွေ ရေးကပ်ထားကြ၏။ လူတချို့သည် ကဗျာစာသားများကို ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ရည်စုတ်ထိုးပြီး ရူးသွပ်ခဲ့ကြ၏။ ထိုခေတ်က ပေါ်သည့် ကဗျာဆရာများကလည်း သဘာ၀ပတ်၀န်းကျင်အပေါ် အလေးအနက်ထား စုံမက်ကြပုံမှာ အံ့သြရလောက်၏။ ဥပမာ ကဗျာဆရာ “လီပို” သည် ယန်စီမြစ်ထဲက “လ” ကို ဆင်းဆယ်ဖို့ ကြိုးစားရင်းက ရေနစ်ပြီး သေခဲ့ရသည်ဟု ဆို၏။ သည်လို ၀န်းကျင်၊ သည်လို အနေအထားမျိုးတွင် ကဗျာဆရာ “တူဖူး” ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

“တူဖူး” သည် ခရစ်သက္ကရာဇ် ၇၁၂ ခုနှစ်တွင် မွေး၏။ ၇၇၀ ခုနှစ်တွင် ဆုံး၏။ ခရီး အင်မတန်သွား၏။ ပဒေသရာဇ် မင်းစိုးရာဇာ စာမေးပွဲများတွင် အကြိမ်ကြိမ်ရှုံးနိမ့်သော်လည်း ကဗျာဆရာတဦးအနေနှင့်မူ ပဒေသရာဇ် စစ်ဘုရင်များက အစ၊ သာမန် ဆင်းရဲသားအဆုံး လေးစားခြင်းခံခဲ့ရ၏။ သူသည် လူပေါင်း ၁၆ သန်းကျော် သေဆုံးသည်ဟု ယူဆခဲ့ကြသည့် “လူရှန်ပုန်ကန် အုံကြွမှုကြီး” ကို အသက် ၄၀ ကျော်မှာ ကြုံတွေ့ခဲ့ရ၏။ စစ်ဘုရင်တွေ အချင်းချင်း ဖြစ်ကြသည့် စစ်ပွဲမှာ ၉ နှစ် ကြာခဲ့၏။ “တူဖူး” သည် အဖမ်းခံခဲ့ရသေး၏။ နယ်နှင်ခံခဲ့ရ၏။ ပြည်ပြေးဖြစ်ခဲ့ရ၏။ စစ်ဘေးဒုက္ခသည် ဖြစ်ခဲ့ရ၏။ သည်အဖြစ်အပျက်ကြီးက “တူဖူး” ကို မည်ကဲ့သို့ ရိုက်ခတ်ခဲ့သနည်း။ သူ့ကဗျာများထဲ၌ သူက မည်ကဲ့သို့ ထည့်သွင်းရေးစပ်ခဲ့သနည်း။

မိသားစုဘ၀မှာလည်း “တူဖူး” သည် ကံမကောင်းပါ။ မိခင်က သူ့ကို မွေးပြီးကာစမှာပင် ဆုံး၏။ ဖခင်က နောက်အိမ်ထောင်ပြု၏။ သူက အဒေါ်ဖြစ်သူထံသွားနေရင်း ကြီးပြင်းရ၏။ သူ့ကဗျာများထဲ၌ သူ့ဖခင်၊ သူ့ညီအစ်ကိုသားချင်း ...၊ သူ့အဒေါ်တို့အကြောင်း ရေးဖွဲ့တတ်သော်လည်း သူ့မိဒွေးကိုမူ စာတလုံးမျှ ထည့်မရေးခဲ့။ “တူဖူး” သည် ကဗျာပုဒ်ရေ ၁,၅၀၀ ကျော် ရေးဖွဲ့သွားခဲ့၏။ နေရာဒေသမျိုးစုံ ခရီးသွားခဲ့၏။ သူ့ဘဝနှောင်းပိုင်း ၉ နှစ်လုံးလုံး ဆင်းရဲကြီးစွာ နေသွားခဲ့၏။ ငှက်ပျောဖက် တဲအိမ်ဆောက်ပြီး နေခဲ့သည်များလည်း ရှိ၏။ အသက် ၅၈ နှစ်တွင် လှေတစင်းပေါ်၌ ဖျားနာရင်း သေဆုံးခဲ့ရ၏။

သူ့ကဗျာတွေက သူ့ခေတ် သူ့ကာလ သမိုင်းရေးအဖြစ်အပျက်များကို အခြေခံသဖြင့် သမိုင်းဆရာတို့အတွက် တန်ဖိုးကြီးသောကဗျာများ ဖြစ်လာခဲ့၏။ အထူးသဖြင့် သူ့ကဗျာများထဲတွင် ကျနော် စိတ်အ၀င်စားဆုံးမှာ “စစ်” ကိုဖွဲ့သည့်ကဗျာများ ဖြစ်၏။ ထိုခေတ်က လူတွေ ... စစ်အပေါ် ဘယ်လိုမြင်ကြသလဲ။ စစ်ပွဲတွေအပေါ် ဘယ်လိုသဘောထားကြသလဲ။ အထူးသဖြင့် ကဗျာဆရာတွေက စစ်ကို ဆန့်ကျင်ကြသလား၊ ထောက်ခံခဲ့ကြသလား။ သူတို့သည် စစ်မုန်းသူလား၊ စစ်ကို လိုလားကြသူတွေလား။ ကျနော် သိချင်၏။ ထို့ကြောင့် “တူဖူး” ရဲ့ ကဗျာများကို ရနိုင်သမျှရအောင် ကျနော် စုဆောင်းခဲ့သည်။ ဖတ်ခဲ့သည်။ “တူဖူး” ရဲ့ စစ်ဆန့်ကျင်ရေးအမြင် ရှိသည်ဟု ယူဆရသည့် ကဗျာ ၄ ပုဒ်ကို ဘာသာပြန်ခဲ့သည်။ “ဆီးပွင့်” ကဗျာစာအုပ်တွင် ထည့်ခဲ့သည်။

အခု ... “တူဖူး” ရဲ့ “စစ်ဆန့်ကျင်ရေး” ကဗျာတပုဒ်ကို ဖော်ပြလိုက်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁,၀၀၀ ကျော်က၊ ကဗျာဆရာတယောက်ရဲ့ စစ်ပွဲတခုအပေါ်မြင်တဲ့ အမြင်ကို ခံစားမျှယူလို့ ရနိုင်ကောင်းရဲ့ဟု ကျနော်ယူဆမိ၏။ “တူဖူး” က သူ့ကဗျာထဲမှာ စစ်ပွဲကြောင့် မိသားစုတွေ ပြိုကွဲ ဒုက္ခရောက်ရသည်ဟု ဖွဲ့ဆိုခဲ့၏။

နွေဦးကာလ စစ်ပွဲ

နိုင်ငံတော်သည်ကား

ပြိုကျပျက်စီးသွားခဲ့ပြီ။

တောင်ကုန်းတွေ စမ်းချောင်းတွေသာပဲ

အသက်ရှင်သန်ဆဲ။

နွေးဦးကာလ မြို့တော်ထဲ

မြက်ခင်းနဲ့ သစ်ရွက်တွေ ရှင်သန်ဆဲ။

ပန်းပွင့်တွေကတော့

မျက်ရည်သုတ်ရင်းက အချိန်ကုန်လွန်ကြ။

ငှက်တွေ

ထိတ်လန့်ချောက်ချားနေဘွယ်ထင်ရ

သူတို့လည်းပဲ

ခွဲခွာကြရမှာကို မုန်းတီးကြတာပဲ။

မီးတွေ လောင်ကျွမ်းနေခဲ့တာ

သုံးလပင် ကြာခဲ့ပြီ။

အိမ်တအိမ်က စကားတခွန်းကြားရဖို့ဆိုတာ

ရွှေအချိန်တတန်ထက်ပင် တန်ဖိုးကြီးပြီပေါ့။

သေးသေးမျှင်မျှင်လေးပေါက်လာတဲ့

ငါ့ဆံပင်ဖြူတချောင်းကို ငါနှုတ်တော့

ဆံပင်ဖြူက

ငါ့ဦးထုပ် ဆံထိုးကြား

တွယ်ကပ်လို့ ထားလေရဲ့။ ။

ငြိမ်းဝေ (ကဗျာ့အိုးဝေ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024