
အတွေးထဲမှာ၊ ထင်ဟပ်လာပြီး
တခါတခါ၊ ပေါ်ပေါ်လာသည့်
ကဗျာလေးများ ရွတ်ဆိုနေမိပါကြောင်း။ ။
သိနေတယ်
မျက်ဝန်းတကြည့်
တို့ကသိတယ်
ညွတ်ကွင်းထောင်မယ် မရွယ်နဲ့။
နေခြည်ဦး (သုံးခွ)
ဟိုး ငယ်ငယ်တုန်းက ကျောင်းအတူသွားခဲ့ကြဖူးတဲ့ အစ်မကြီးတယောက် သူ စပ်ထားတဲ့ ကဗျာစာအုပ်လေးထဲက ကဗျာလေးတပုဒ်ပါ။ နှစ်ပေါင်း ၅၀ ကြာ မှတ်မိနေတာ ကိုယ့်ကိုယ်ကိုယ် ကျနော် အံ့ဩတယ်။ တခါတခါ အဲသည်လို ရုတ်တရက် ဖတ်မိလိုက်တာနဲ့ မမေ့တဲ့ ကဗျာလေးတွေ ငါ့မှာ ရှိနေပါလား။
မြန်မာပြည်
အပြင်ကခွေး
အိမ်ကခွေး
နှစ်ခွေးပေါင်းတော့ ခြံကြက်ပြောင်။ ။
ကိုလေး (အင်းဝဂုဏ်ရည်)
ဆရာကြီး ကိုလေးဟာ အမှန်တွေ သိပ်ရေးတာကလား။ ရန်ကုန် ဆူးလေဘုရား ဘေးနားက စာအုပ်အဟောင်းဆိုင်လေးက ကဗျာစာအုပ်ကလေး တအုပ် ရခဲ့တာပါ။ လူငယ်တွေ စုပြီး ထုတ်ထားတဲ့ စာအုပ်ပေါ့။ အဲသည်မှာ ဆရာကြီး ကိုလေးရဲ့ “မြန်မာပြည်” ခေါင်းစဉ်နဲ့ အဖွင့်ကဗျာလေးကို မှတ်မိနေမိတာ။
ကျနော်တို့ရွာ
ရွာအမည်က လက်ခုပ်ကုန်း
အိမ်ခြေက ခြောက်လုံး
ခင်စန်းမြင့်က အလှဆုံး။ ။
ရေးသူအမည်ကတော့ မေ့သွားပါပြီ။ မဂ္ဂဇင်းတခုမှာ အယ်ဒီတာက လက်ခုပ်ကုန်းက ကဗျာချစ်သူတဦး ရေးထားတဲ့ ကော်ပီစာအုပ်လေးတွေကို ပြန်ပြီး ဆောင်းပါးရေး ဖော်ပြတာကို ဖတ်ရင်းက မှတ်မိနေတဲ့ ကဗျာလေးပါ။ လက်ခုပ်ကုန်းက ကဗျာဆရာလေးရေ ဆောရီးပါနော်။ မမှတ်မိတော့လို့ပါ။
တိုက်ဝါလှပ
ဆောက်လုပ်ရလည်း
ညညတဲမှာ အိပ်ရသတည်း။ ။”
ဆရာမ ခင်မာလာကြာဖြူက သူ ၆ တန်းနှစ်မှာ ဖတ်ခဲ့ရပြီး အခုထိ မမေ့ဘူးလို့ သူ့ဆောင်းပါးထဲမှာ ထည့်ရေးထားတဲ့ ကဗျာလေးပါ။ မြားနတ်မောင်မဂ္ဂဇင်းပါ “အလှအပနှင့်ကဗျာ” အမည်ရှိ ဆရာမရဲ့ ဆောင်းပါးပါ ကဗျာလေးပါ။ ကျနော်လည်း ဒီကဗျာကလေးကို ရွတ်ဆိုနေမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်က ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်၊ မဲ့စရီးယန်းနဲ့ မဲ့ဟောင်ဆောင်မြို့တွေမှာ နေခဲ့တော့ မြန်မာပန်းရန်အလုပ်သမား မိသားစုတွေရဲ့ ဘဝတွေကို တွေ့ဖူးလို့ပါ။ သူတို့ဟာ ထိုင်းလူမျိုးတွေအတွက် တိုက်ဝါဝါကြီးတွေကို အလုံးပေါင်း ရာချီ ဆောက်ပေးခဲ့ကြရပါတယ်။ ဒါပေမဲ့ သူတို့ နေကြရတာကတော့ ယာယီအိမ်တွေ တဲတွေနဲ့ပါ။ “ငါတို့ဟာ ဦးအောင်ဇေယျခေတ် မြန်မာဘုရင့်တပ်သားတွေ ဖြစ်ခဲ့ဖူးပြီး ထိုင်းအိမ်တွေကို ဖျက်ဆီးခဲ့ကြဖူးတာ ဖြစ်မယ်။ အခု ရာဇဝင်ကြွေးဆပ်တဲ့အနေနဲ့ တိုက်တွေ လာဆောက်ပေးနေကြရတာလေ။ နေရတော့ တဲစုတ်” ဆိုပြီး အလုပ်သမားခေါင်း ကိုဦးက ခဏခဏ ပြောလေ့ရှိတယ်။
ဧည့်သည်
လာရောက်ခိုနား
သူပျံသွားသော်
ကိုင်းဖျားသိမ့်သိမ့်ခါသတည်း။ ။
မောင်ပေါက်စည် (မန်းတက္ကသိုလ်)
ဆရာတင်မိုးရဲ့ ဧည့်သည်ကြီး ကဗျာကို မှတ်မိနေသလိုပဲ ဆရာမောင်ပေါက်စည်ရဲ့ ဧည့်သည် ကဗျာကိုလည်း မှတ်မိနေခဲ့ပါတယ်။ ပိုမှတ်မိစေတာက ဒေါက်တာ အန်ဒရူးမြဟန် (ခ) စာရေးဆရာ ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ဟာ ၂၀၀၆ ခုနှစ်၊ မေလ ၃၁ ရက် မနက် ၁၁ နာရီ ခရစ်တော်၌ အိပ်ပျော်သွားခဲ့တယ်။ အဲသည်နေ့က ကျနော်နဲ့ ဆရာတင်မိုးတို့ ချင်းမိုင်မြို့က DVB ရုံးမှာ BBC ရေဒီယို နားထောင်နေပါတယ်။ BBC ကနေ မောင်ပေါက်စည်ရဲ့ နောက်ဆုံး သတင်းကြေညာတော့ ဧည့်သည် ကဗျာလိုပဲ သူ ထွက်ခွာသွားတော့ သိမ့်သိမ့်ခါသွားကြရပါတယ်လို့ ကြေညာပေးတာပါ။ ကျနော်က ကိုင်းဖျားဆတ်ဆတ်ခါသတည်းလို့ အကြား မှားခဲ့တာကို ဆရာတင်မိုးက ကိုင်းဖျားသိမ့်သိမ့်ခါသတည်း ဆိုပြီး ပြင်ပေးခဲ့သေးတာပါ။
ဧည့်သည်ကြီး
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။ ။
(တင်မိုး)
၁၉၅၉ ခုနှစ်က ဒီကဗျာလေးကို ဆရာက မန္တလေးမှာ ကျောင်းသားဘဝက ရေးခဲ့တာပါ။ ဒူးယားဘူးခွံလေးမှာ ရေးမိခဲ့ပြီး သူငယ်ချင်းတယောက် ရေးနေတာကို ကြည့်ရင်း သိပ်ကောင်းတဲ့ ကဗျာလို့ ပြောသတဲ့။ ဆရာကတော့ သာမန်ကလေးပဲ ရေးလိုက်တာပါ။ မထူးခြားပါဘူးလို့ ပြောခဲ့သတဲ့။ ဆရာတင်မိုးကိုယ်တိုင် အင်းစိန်ထောင်ထဲ ရောက်မှာ ထောင်နံရံမှာ ဒီကဗျာကို ရေးထားတာ တွေ့သတဲ့။ လူတိုင်း ပါစပ်ဖျား နာမည်ကြီးလှတဲ့ ငါ့ကဗျာ ငါ့ထက်အရင်တောင် ထောင်ထဲကို ကြိုရောက်နေပါ့လားလို့ တွေးခဲ့ဖူးသတဲ့။
ခွေးတကောင်
ကျားသား
စားချင်တဲ့ခွေး။
သစ်ကိုင်းခြောက်
"ဖျောက် "
ကြောက်လန့်လို့ပြေး။ ။
(ကြည်အောင်)
၁၉၇၀၊ အောက်တိုဘာ-၃၀
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ပြောနေသူတွေဟာ ပုရွက်ဆိတ်ကိုက်တာကို နာလို့ အော်နေသလို ဖြစ်နေတတ်တာမျိုးတွေ ဆရာကြည်အောင်က ကဗျာဖွဲ့ခဲ့ပုံပါ။ နွေဦးတော်လှန်ရေးမှာလည်း အကြီးကြီးတွေပြောပြီး ဒုက္ခလေးနည်းနည်းတွေ့တာနဲ့ လက်လျှော့ချင်သူတွေကို သတိပေးတဲ့ သဘောလို့ ယူဆနိုင်ပါတယ်။
ကဗျာဆိုတာ
လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ
လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ
လူ့စိတ်ဓာတ်ရဲ့ မြည်ဟည်းသံ
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ
ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။ ။
အောင်ဆန်းစုကြည်
၃၀ ဇွန် ၂၀၁၁ ညနေ ၄ နာရီကျော်ခန့်က လက်ရေးနဲ့ ရေးခဲ့၊ ရွတ်ဆိုနေမိတဲ့ ကဗျာလေးပါ။ အမေစုကတော့ ဆရာမင်းထင်ကိုကိုကြီးက ကဗျာတောင်းလာတာကို အခုလို အစချီ ရေးပေးခဲ့တာပါ။
“ကျွန်မက ကဗျာဆရာမ မဟုတ်ပါဘူး။ ကဗျာလေးတပုဒ် ရေးပေးပါဆိုတော့ ကဗျာကို မြတ်နိုး တန်ဖိုးထားတဲ့သူ တယောက်အနေနဲ့ပဲ ကဗျာအပေါ် အမြင်ကို ကဗျာပုံစံမျိုးနဲ့ ရေးလိုက်ပါတယ်” လို့ အစချီပြီး ဒီကဗျာကို ရေးပေးခဲ့တာပါ။ ကဗျာအပေါ် အမြင်ကို ကဗျာနဲ့ ရေးခဲ့တာပါ။ ဒီကဗျာဟာ အမေရိကန်ဒေါ်လာ တသိန်းရှစ်သောင်း (ကျပ် သိန်း ၂၄၀၀ ) တန် ကဗျာပါ။ ၂၀၂၀ စက်တင်ဘာ ၅ ရက်က လေလံတင်ရောင်းခဲ့တာပါ။
ငါးရောင်ခြယ်
ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော တို့တိုင်းပြည်။ ။
(မောင်လွမ်းဏီ)
၂၀၀၇ စက်တင်ဘာ သံဃာ ရွှေဝါရောင်တော်လှန်ရေးကို ခံစားပြီး ရေးဖွဲ့ခဲ့တဲ့ ကဗျာပါ။ ဒီကဗျာလေးဟာလည်း မေ့မရတဲ့ ရွတ်ဆိုနေမိတဲ့ ကဗျာတပုဒ်ပါ။
ခရမ်းဦးတင်မောင်ဝင်း ဈာပနကဗျာ
ကြယ်ကြွေတာ
ကင်ဆာတဲ့လား
ကင်ဆာ ကျဆုံးပါစေ။ ။
(သင်္ဃန်းကျွန်း NLD )
NLD ခရမ်းအမတ် ဦးတင်မောင်ဝင်းရဲ့ ဈာပန ပန်းခွေပါကဗျာပေါ့။ ၁၉၉၁ ဇန်နဝါရီ ၁၈ မှာ စစ်တပ်ရဲ့ နှိပ်စက်မှုနဲ့ ဦးတင်မောင်ဝင်း ကျဆုံးတယ်။ ဒီကဗျာလေးကတော့ ကျနော်တို့ အမြဲသတိရနေတဲ့ ကဗျာပါ။ နောက်ထပ် အမှတ်ရနေတာက ၉၀ ရွေးကောက်ပွဲကာလ ဦးတင်မောင်ဝင်း ပြောခဲ့တဲ့ မိန့်ခွန်းပါ။
“အခု ကျနော်နဲ့ယှဉ်ပြိုင် ရွေးချယ်ရမယ့် ဗိုလ်မှူးကြီးဇော်ဝင်း ဆိုရင် ကျနော့် အစ်ကိုကြီးပါ။ တအူထုံ့ဆင်း ညီအစ်ကိုအရင်းပါ။ အဖေ ဆုံးပြီးတဲ့နောက် အစ်ကိုကြီးဟာ အစစ အရာရာ သွန်သင် ဆုံးမ စောင့်ရှောက်ခဲ့ပါတယ်။ ကျနော့် အဖေ ဆိုလည်း ဟုတ်ပါတယ်။ ကျနော် မကျန်းမာတုန်းက နိုင်ငံခြားကတောင် ဆေးတွေမှာယူပြီး ကျနော့်ကို ဆေးကုပေးခဲ့တာပါ။ အသက်သခင် ကျေးဇူးရှင်လို့ ပြောနိုင်ပါတယ်။ ဒီလို ကျေးဇူးတွေ တောင်လို ပုံနေပေမယ့် နောက်ဘ၀ ကျမှ ဆပ်နိုင်ပါတော့မယ်။ ဒီဘ၀ ဒီနေ့ ဒီမိုကရေစီ ရရှိရေးမှာတော့ အစ်ကိုကြီးကို ကျနော် မညှာနိုင်တော့ပါ။ ဒီမိုကရေစီကို ငတ်မွတ်နေကြတဲ့ တတိုင်းတပြည်လုံး ဘက်ကိုပဲ ကျနော် လိုက်ရပါမယ်။ အစ်ကိုကြီး ခင်ဗျာ၊ ကျနော့်ကို ခွင့်လွှတ်ပါ။ ပါလီမန် ဒီမိုကရေစီ အစိုးရကို ဦးနေဝင်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ်ကာလမှာ အစ်ကိုကြီးနဲ့ ကျနော့်ကြား ချောင်းခြားသွားပြီ။ ကျောင်းသားသမဂ္ဂ တကသကြီးကို ဗုံးခွဲပြီး ကျောင်းသားတွေကို အစ်ကိုတို့ မဆလ စစ်တပ်က သတ်ပစ်လိုက်ချိန် ဇူလိုင် ၇ ရက် အရေးအခင်းမှာတော့ အစ်ကို ဗိုလ်မှူးကြီးဇော်ဝင်းနဲ့ ကျနော်ဟာ မြစ်ပြင်ကြီး ခြားသွားပြီ။ နောက်ပိုင်း ဦးသန့်အရေးအခင်း၊ သခင်ကိုယ်တော်မှိုင်းရာပြည့် အရေးအခင်းကြီးတွေကို မဆလ စစ်တပ်က သတ်ဖြတ် ဖမ်းဆီးအပြီးမှာတော့ စစ်ဗိုလ်အစ်ကိုကြီးနဲ့ ကျနော့်ကြား သမုဒ္ဒရာကြီးတောင် ခြားသွားပါပြီ။ ရှစ်လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်းကတော့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေရဲ့ သွေးတွေနဲ့ စီးနေတဲ့ သွေးသမုဒ္ဒရာကြီးတောင် ခြားသွားပြီ” လို့ ဦးတင်မောင်ဝင်းက ပြောခဲ့တယ်။
အခု နွေဦးတော်လှန်ရေးကြီးမှာတော့ စစ်တပ်နဲ့ ကျနော်တို့ ပြည်သူတွေဟာ စကြဝဠာအနန္တ ခြားသွားပါပြီ။ ပေါင်းစပ်လို့ မရတော့ပါ။ အတူယှဉ်တွဲ နေထိုင်လို့ မဖြစ်တော့ပါဘူး။ ဟိုတနေ့ကပဲ စစ်တပ် ပြောခွင့်ရသူက “သူတို့ စစ်တပ်နဲ့ ပေါင်းရင် ပြည်သူ၊ သူတို့နဲ့ မပေါင်းရင် သူပုန်” လို့ ပြောခဲ့ပြီနော်။ စစ်အာဏာရှင်ဘက်က ရန်ငါစည်းပြတ်ပြီ။ ကျနော်တို့ ပြည်သူဘက်က ရန်ငါစည်းပြတ်ဖို့သာ လိုပါတော့တယ်။ ရွေးကောက်ပွဲ မလိုပါ။ တွေ့ဆုံဆွေးနွေးရေး မလိုတော့ပါ။ စစ်အာဏာရှင်ကို အပြုတ်တိုက်ရေးသာ အဓိက ဖြစ်ပါတော့တယ်။ ဥပမာပြရရင် ဦးပုညရဲ့ မေတ္တာစာထဲက ရွတ်ဆိုမိနေတဲ့ ကဗျာလေးလိုပါပဲ။
ကျားနှင့် ဘီလူး
ဤနှစ်ဦးကို
ထူးဤကြပ်ကြပ်
တွေ့တိုင်းသတ်မှ
ကုသိုလ်ရသတဲ့။ ။
မောင်တူး