Home
ဆောင်းပါး
အခြေခိုင်ခိုင်
DVB
·
July 27, 2025
Photo: NaypyiTaw PDF

အဆောက်အအုံတခု ရေရှည်တည်တံ့ခိုင်မြဲနိုင်ဖို့အတွက် ခိုင်မာသည့်အုတ်မြစ် လိုပါသည်။ အဆောက်အဦ မြင့်လေ အခြေခံအုတ်မြစ် ခိုင်မာအားကောင်းရလေ ဖြစ်၏။ ခိုင်မာအားကောင်းသည့် အုတ်မြစ်ရှိနေခြင်းသည်ပင်လျှင် အဆောက်အဦကောင်းတခု၏ ဂုဏ်သတ္တိ ဖြစ်၏။

ယနေ့ခေတ် ကမ္ဘာကြီးသည် အယူဝါဒအမျိုးမျိုးကို အခြေပြုကာ ကိုယ်ကျိုးစီးပွားအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြသော နိုင်ငံများ၊ အစုအဖွဲ့များဖြင့် စုစည်းထားခြင်းဖြစ်သည်။ ထိုသို့သော ကမ္ဘာကြီးတွင် နိုင်ငံတခုကို တည်ဆောက်ရန်မှာ ခိုင်မှာသော အုတ်မြစ်ချနိုင်ရန် အထူးပင်လိုအပ်လှ၏။ အထူးသဖြင့် ဆွေးမြည့်ယိုယွင်းနေသော နိုင်ငံတခုကို ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသော မိမိတို့ မြန်မာပြည်သူများအနေဖြင့် နိုင်ငံသစ်တခု တည်ဆောက်နိုင်ရန် လိုအပ်သော အခြေခံအုတ်မြစ်များကို စနစ်တကျ တည်ဆောက်ကြရမည် ဖြစ်သည်။

ယနေ့ခေတ်ကမ္ဘာနိုင်ငံများအလယ်တွင် အစ္စရေးနိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အတွက် ဂျူးလူမျိုးများသည် ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခခံ၍ ကြိုးစားအားထုတ်ခဲ့ရခြင်း ဖြစ်သည်။ မိမိတို့ မြန်မာပြည်သူများအနေဖြင့် ယနေ့အချိန်တွင် ၁၉ ရာစုနှောင်းပိုင်းက ကိုယ်ပိုင်မြေ မရှိသည့် ဂျူးလူမျိုးများလောက် ခက်ခဲသော အခြေအနေမျိုး မကြုံရသေးပေ။ မိမိတို့ မြန်မာပြည်သူများတွင် တိုင်းရင်းသားလူမျိုးစုအလိုက် ကိုယ်ပိုင်နယ်မြေရှိပြီး ဖြစ်သည်။

မိမိတို့ မြန်မာပြည်သူများအနေဖြင့် မတရား ကုပ်သွေးစုပ် အမြတ်ထုတ်လိုသော စစ်အာဏာရှင်များကြောင့် ဆွေးမြည့်ယိုင်နဲ့နေသော နိုင်ငံကို ပြန်လည်တည်ဆောက်ကြရခြင်းသာ ဖြစ်၏။

အဆောက်အဦတခု ပြန်လည်တည်ဆောက်သကဲ့သို့ပင် ယခုအချိန်သည် ခြစားပျက်စီးနေသော အပိုင်းများကို အပြီးတိုင်ဖယ်ရှားပြီး အသုံးပြု၍ရနေသေးသော အစိတ်အပိုင်းများနှင့် လိုအပ်သော အစိတ်အပိုင်းသစ်များ ပေါင်းစပ်ကာ ခိုင်မာအေးချမ်း၍ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော၊ အများပြည်သူတို့ လွတ်လပ်အေးချမ်းစွာ စီးပွားရှာပြီး ကြီးပွားခွင့်ရှိသော နိုင်ငံတော်သစ်ကို တည်ဆောက်ရန် ကြိးပမ်းကြရမည့်အချိန် ဖြစ်သည်။ နိုင်ငံသစ်ကို ပြန်လည်တည်ထောင်ရန် လိုအပ်သော အချက်အလက်အချို့လည်း အတော်အသင့်ပြည့်စုံနေပြီ ဖြစ်သည်။

ဥပမာ - CDM ၀န်ထမ်းများကဲ့သို့ အများပြည်သူအတွက် အကျိုးပြုနိုင်သောသူများ နွေဦးတော် လှန်ရေးတွင် များစွာပါ၀င်လာ၏။ တိုက်ရည်ခိုက်ရည် အတော်အသင့်ပြည့်၀သော ပြည်သူကာကွယ်ရေးတပ်သားများလည်း များစွာမွေးထုတ်နိုင်ခဲ့ပြီ ဖြစ်၏။ အာဏာလု စစ်တပ်ကဲ့သို့သော ခြစားဆွေးမြည့်နေသော အာဏာရှင်၏ ဒေါက်တိုင်များကိုတော့ အပြီးတိုင်ဖယ်ရှားနိုင်မှ တော်ပေလိမ့်မည်။ နိုင်ငံသစ်တွင် မြန်မာစစ်တပ်၏ ခြစားပိုးထိုးနေသာ စိတ်ဓာတ်များသည် အခြား ကောင်းမွန်သောအစိတ်အပိုင်းများ၊ ကဏ္ဍများကိုပါ ကူးစက်ဖျက်ဆီးနိုင်သည်ကို ကြိုတင်သတိပြုကြရမည်ဖြစ်၏။

မိမိတို့မြန်မာပြည်သူများအနေဖြင့် ထို့သို့ ပျက်စီးယိုယွင်းနေသော နိုင်ငံကို ပြန်လည် တည်ဆောက်နိုင်ရန်အတွက်ဦးစွာ အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာချရမည် ဖြစ်သည်။ ဖိနှိပ်ခံရသော မိမိတို့မြန်မာပြည်သူများ၏ အထွေထွေ မကျေနပ်မှုများကြောင့် ပေါက်ကွဲပေါ်ထွက်လာခဲ့သော နွေဦးတော်လှန်ရေးသည် ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုကြောင့် အောင်မြင်မှု အတိုင်းအတာတခုထိ ရခဲ့ပြီးဖြစ်သည်။ ထို့အတူ တော်လှန်ရေးပီသစွာပင် အခက်အခဲ၊ အကျပ် အတည်းများ၊ အားနည်းချက်များလည်း များစွာပေါ်ထွက်လာခဲ့၏။ ဤသည်မှာ တော်လှန်ရေး၏ သဘာဝပင် ဖြစ်၏။ 

မိမိတို့မြန်မာမြန်မာပြည်သူများသည် ယခုအချိန်တွင် နွေဦးတော်လှန်ရေးခရီးအတွင်း အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ရရှိနေသော အခြေအနေကောင်းများအတွင်း တော်လှန်ရေးနှင့် တော်လှန်ရေးအလွန် နိုင်ငံတည်ထောင်ရေးအတွက် အခြေခံအုတ်မြစ်များကို ခိုင်ခိုင်မာမာ စိုက်ထူရမည့် အချိန် ဖြစ်၏။ ထိုအုတ်မြစ်များသည် နိုင်ငံတခုအတွက် အမှန်ပင် မရှိမဖြစ်လိုအပ်သော ကာကွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများပင်ဖြစ်၏။ အခြားဆက်စပ်သော နိုင်ငံတကာဆက်ဆံရေးလည်းရှိရမည် ဖြစ်သည်။ ထိုကဏ္ဍများကို အုတ်မြစ်ချ တည်ဆောက်ရာတွင် အနာဂတ်အတွက် ကြိုတင်မျှော်မြင်သော ဉာဏ်ပညာနှင့် နိုင်ငံသားအချင်းချင်း၊ တော်လှန်ရေး အဖွဲ့အစည်းများအချင်းချင်း စည်းလုံးချစ်ကြည်စွာ လက်တွဲဆောင်ရွက်နိုင်ရေး နည်းနာများဖြင့်လည်း အထောက်အပံ့ပြုကြရမည်ဖြစ်သည်။

စစ်အုပ်စုကို အနိုင်တိုက်လိုလျှင် မိမိတို့မြန်မာပြည်သူများအတွက် COC ကောင်းသော စစ်တပ်နှင့် လက်နက်၊ ခဲယမ်းရိက္ခာရင်းမြစ်များကို စတင် တည်ဆောက်ရမည့်အချိန် ဖြစ်သည်။ မိမိတို့ မြန်မာပြည်သူများအဖို့ အာဏာအတွတ် ယုတ်မာရမ်းကားတတ်သော စစ်အာဏာရှင်များကို အညံ့မခံသရွေ့၊ မိမိတို့အတွက် မျှော်လင့်ချက်ရောင်ခြည် ပျောက်ကွယ်သွားမည်မဟုတ်ပေ။ အောင်မြင်မှုဆီသို့လည်း တလှမ်းချင်း ချီတက်နိုင်ဦးမည် ဖြစ်သည်။ တော်လှန်နေဆဲ ကာလတွင် လိုအပ်သော အခြေခံအုတ်မြစ်များကို ခိုင်မာအောင်တည်ဆောက်ရင်း စစ်အနိုင်တိုက်နိုင်ရေး အတွက် ညီညွတ်ကြရမည်ဖြစ်သည်။ အခြေခံအုတ်မြစ်ခိုင်မာရေးနှင့် စစ်အနိုင်တိုက်ရေး ဆိုသောအရာများမှာ တခုကိုတခု အထောက်အကူပြုနေလေ၏။

ထို့အတူ တော်လှန်ဆဲကာလတွင် ကြုံတွေ့ရတတ်သော လူ့သဘောသဘာ၀များကို နားလည်သိရှိထားပြီး အပြန်အလှန် ထိန်းကြောင်းပြုပြင်ကြရပေမည်။ အာဏာ၊ စည်းစိမ်ကို ယစ်မူးတတ်သည်မှာ လူ့သဘာ၀ဖြစ်သည်။ တော်လှန်ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် ခိုင်မာသောမူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများဖြင့် တော်လှန်ကိုယ်ကျင့်တရားကို ထိန်းကြောင်းကြရမည်။ မိမိကစ၍ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံအတွက် ပြုပြင်ကြရမည်ဖြစ်သည်။ အလွန်အကျွံ ဖောက်ပြန်မှုများ ပေါ်ပေါက်ပါကလည်း စုပေါင်းအားဖြင့် ဖယ်ရှားနှိမ်နင်းကြရမည် ဖြစ်သည်။

နွေဦးတော်လှန်ရေး၏ လက်ရှိအောင်မြင်မှုသည် ပြည်သူများ၏ထောက်ပို့ကူညီမှု၊ တော်လှန်ရေးတပ်များ၏ ကြိုးစားအားထုတ်မှု၏ စုပေါင်းရလဒ်သာဖြစ်၏။ တော်လှန်ရေးခရီကို ချီတက်နေရသည်မို့ အခက်အခဲလည်းများမည်ဖြစ်သည်။ အောင်မြင်မှု အနိမ့်အမြင့် အတက်အကျ များလည်းရှိမည် ဖြစ်၏။ ထိုအခက်အခဲများကို မိမိတို့ မြန်မာပြည်သူများ၏ စုပေါင်းအား၊ ဉာဏ်ပညာဖြင့် ဖြေရှင်းကျော်လွှားလျင် အမှန်ပင် ကျော်ဖြတ်နိုင်ပါ၏။

မိမိတို့ မြန်မာပြည်သူများအနေဖြင့် တော်လှန်ရေးကိုစွန့်လွှတ်လျှင် မြန်မာစစ်အုပ်စုသည် မိမိတို့ပြည်သူလူထုကို နာလန်မထူအောင် ဖိနှိပ်ပြီး အသိဉာဏ်ပညာကိုပါ ရိုက်ချိုးဖျက်ဆီးပစ်ကြမည်မှာ မြန်မာပြည်သူအားလုံးအသိပင်ဖြစ်၏။ ၎င်းတို့အသုံးချခံ ဌာနများနှင့် ၎င်းတို့အသုံးချခံ စစ်တပ်အတွက် လူသားကျွန်များအဖြစ် မြန်မာတပြည်လုံးကို တိရစ္ဆာန်ဇာတ်သွင်းကြမည်ဖြစ်၏။ ဤသည်ကို ယခုလက်ရှိ စကစ ထိန်းချုပ်နိုင်သေးသော နယ်မြေများတွင် တွေ့ခဲ့ရပြီးဖြစ်သည်။

စစ်အာဏာရှင် မိသားစုအကျိုးအတွက် သာမန်ပြည်သူလူထုကို စစ်ထဲသွင်းပြီး အသေခံခိုင်းခြင်းမှာ စစ်အုပ်စု၏ ပြည်သူလူထုအပေါ်ထားသော စေတနာကိုမြင်သာသည့် ဥပမာဖြစ်၏။ စစ်အုပ်စုသာ အနိုင်ရပါက မြန်မာပြည်သူတို့၏ ဘ၀အနာဂတ်၊ မြန်မာက‌လေးငယ်များ၏ အနာဂတ်အရေးမှာ လွန်စွာရင်လေးဖွယ် ဆိုးယုတ်မှုများဖြင့် ပြည့်နေမည်ဖြစ်သည်။ ဤသည်မှာ မိမိတို့မြန်မာပြည်သူအားလုံး သိပြီးဖြစ်သော အမှန်တရားဖြစ်၏။ ယခုလက်ရှိ စကစ ထိန်းချုပ်‌နယ်မြေများအတွင်းရှိ မိမိတို့မြန်မာပြည်သူများအနေဖြင့် ထိုအခြေအနေကို ရင်ဆိုင်နေရသည်မှာ များစွာစိတ်မကောင်းဖွယ်ဖြစ်သည်။ လူဖြစ်ပါလျက် လူလိုမနေရဘဲ အာဏာလုစစ်တပ်၏ အနိုင်ကျင့် လူဝါးဝမှုကို ခံနေကြရ၏။ ထိုအခြေအနေမျိုးကို ပြောင်းလဲနိုင်ရန် အားလုံးညီညီ ကြိုးစားမှရမည် ဖြစ်သည်။ 

စစ်အုပ်စု၏ အနိုင်ကျင့်မှုကို ငုံ့ခံပြီး မိသားစုလိုက် ဒုက္ခခံရခြင်းမှာ အမှန်ပင် ဖြစ်သင့်ပါ၏လော။ လူဖြစ်ရတဲ့ ခဏတာအချိန်မှာ မတရားသောအဏာရှင်လက်အောက်၌ တာဝန်ထမ်းရင်း အသက်ဆုံးရခြင်း၊ အလိုမတူဘဲ တာဝန်ထမ်းရခြင်းမှာ အဓိပ္ပာယ်ရှိပါ၏လော။ သေချာဝေဖန် သုံးသပ်ပြီး ရနိုင်သမျှနည်းဖြင့် စစ်အုပ်စုကို ဆန့်ကျင်ကြသင့်ပေ၏။ မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့ပြည်သူများကို စစ်အုပ်စုလက်မှ ကူညီကယ်တင်နိုင်ရန် စဉ်ဆက်မပြတ်ကြိုးစားနေကြရမည်ဖြစ်သည်။

နွေဦးတော်လှန်ရေးအတွင်း နိုင်ငံအရပ်ရပ်တွင် စစ်အုပ်စုအား တော်လှန်နေကြသော ပညာရှင်များစွာရှိရာ တော်လှန်ရေး၏ လိုအပ်သောအခြေခံအုတ်မြစ်ဖြစ်သည့် လက်နက်ခဲယမ်းများ ထုတ်လုပ်နိုင်ရေးသည် အားလုံး စုပေါင်းကြိုးစားလျှင် ပေါ်ပေါက်လာရမည်သာဖြစ်သည်။ အခြား ပညာရေးကဲ့သို့သော ကဏ္ဍများသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။ ထို့ကြောင့် စစ်အုပ်စုအား တော်လှန်နေကြသော မြန်မာပြည်သူများအနေဖြင့် မိမိကိုယ်တိုင်ကစပြီး ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံသစ်အတွက် အုတ်မြစ်ကောင်းများချနိုင်ရန် စတင်လုပ်ဆောင်ကြသင့်ပြီ ဖြစ်သည်။ ‌ဦး‌ဆောင်မှု တာဝန်ယူထားကြသူများ အ‌နေဖြင့်လည်း တော်လှန်ရေးသစ္စာကို စောင့်ထိန်းကာ လက်တွေ့ဖြစ်သင့်သည်များကို တစိုက်မတ်မတ် ကြိုးစားအကောင်အထည်ဖော်ကြရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆင်ခြင်ကြသင့်၏။

သို့မှသာ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော နိုင်ငံသစ်ကို အမြန်ဆုံးပြန်လည်တည်ထောင်နိုင်မည်ဖြစ်သည်။ မိမိတို့မြန်မာပြည်သူများအနေဖြင့်လည်း စိတ်ဓာတ်ခိုင်ခိုင်ထားကာ ဉာဏ်ပညာရှေ့ထား၍ စနစ်တကျ အုတ်မြစ်ချတော်လှန်နေသရွေ့ နွေဦး‌တော်လှန်ရေးသည် မိမိတို့မြန်မာပြည်သူများ၏ အနာဂတ်အတွက်သာ ဖြစ်ပါကြောင်း .....။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024