
သိုးရေခြုံသော ဝံပုလွေ ပုံပြင်သည် မြန်မာပြည်သူတို့နှင့် မစိမ်းလှသော ပညာပေးပုံပြင်တပုဒ် ဖြစ်သည်။ လှည့်စားကောက်ကျစ်တတ်သူတို့၏ ဇာတ်သိမ်းမလှပုံကို သာဓကပြထားသော ပုံပြင် ဖြစ်၏။ မြန်မာပြည်၏ ပစ္စုပ္ပန်အခြေအနေတွင် အာဏာလုစစ်အုပ်စု၏ ခြေလှမ်းများသည် ပုံပြင်ထဲတွင် ပါသည့် သိုးရေခြုံသော ဝံပုလွေကဲ့သို့ ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားပြီး ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် ကြိုးစားနေကြောင်း တွေ့ရ၏။ အာဏာလု စစ်အုပ်စု ခြုံမည့် သိုးရေကား ဟန်ပြရွေးကောက်ပွဲ ဖြစ်လေ၏။
စစ်အုပ်စုနှင့် အလိုတူအလိုပါ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ ကိုယ်ကျိုးရှာ အာဏာရှင် နိုင်ငံကြီးများသည် ဟန်ပြရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အထူးအားစိုက်ကြိုးပမ်းလာကြသည်ကို တွေ့ရ၏။ စစ်အုပ်စုလက်ဝေခံ လော်ဘီများကလည်း ပြည်သူလူထု၏ ဆန္ဒမှန်ဖြင့် ပေါက်ဖွားလာသော နွေဦးတော်လှန်ရေးကို ပုံဖျက်နိုင်ရန် ရုပ်မြင်သံကြား၊ လူမှုမီဒီယာများ အပါအ၀င် စာပေလောကပါမကျန် နယ်ပယ်စုံ အသုံးပြုကာ နည်းအမျိုးမျိုးဖြင့် ကြိုးစားလာကြသည်ကို သတိပြုဖွယ် တွေ့ရ၏။ ပို၍သတိထားရမည်မှာ ပညာတတ် အမည်ခံကာ နောက်ကွယ်တွင် စစ်အုပ်စုနှင့် အကျိုးစီးပွား ဆက်နွှယ်နေသော နိုင်ငံရေးပွဲစားများ၏ ငြိမ်းချမ်းရေး ခေါ်သံပေးသည့် လှည့်စားမှုများ ဖြစ်၏။ ပျားသကာလို ချိုသာသည့် ၎င်းတို့၏ လှည့်ဖြားတက်သော ပါးစပ်များသည် မြွေဟောက်ထက်ပင် ကြောက်စရာကောင်းသည်ကို မြန်မာပြည်သူများအနေဖြင့် အမြဲသတိပြု ဆင်ခြင်နိုင်မှ တော်ကာကျပေလိမ့်မည်။
အာဏာလုစစ်အုပ်စုသည် ပုံပြင်ထဲက ဝံပုလွေထက်ပင် ကောက်ကျစ်ယုတ်မာကြသူများ ဖြစ်ရာ မြန်မာပြည်သူများအနေဖြင့် သတိကြီးကြီးထားကာ ၎င်းတို့၏ခြေလှမ်းများကို စောင့်ကြည့်နေကြရမည် ဖြစ်သည်။ အာဏာလုစစ်အုပ်စုသည် အခွန်၀န်ထမ်းပြည်သူလူထုကို ပြန်လည် သတ်ဖြတ်အနိုင်ကျင့်နေသူများ ဖြစ်၏။
ယခုအချိန်၌ အာဏာလုစစ်အုပ်စုသည် နိုင်ငံအနှံ့က စစ်ပွဲများတွင် အထိနာနေသောကြောင့် အင်အားပြန်လည်စုစည်းတည်ဆောက်နိုင်ရန် အချိန်များစွာ လိုအပ်နေ၏။ ထို့ကြောင့် ၎င်းတို့ ရင်ဆိုင်နေရသော စစ်ရေးဖိအားများကို နည်းမျိုးစုံဖြင့် ဖြိုခွဲနိုင်ရန် ကြိုးစားနေသည်ကို ထင်ရှားစွာ တွေ့ရ၏။ စစ်အုပ်စုသည် ပထမအဆင့်အနေဖြင့် ကိုယ်ကျိုးရှာနိုင်ငံကြီးများ၏ အကူအညီကို အရယူကာ မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးကို အရှိန်တန့် ပြိုကွဲစေရန် ကြိုးစားပေလိမ့်မည်။ ထို့နောက် ၎င်းတို့အင်အားပြန်လည်စုစည်းပြီးသည်နှင့် မြန်မာတိုင်းရင်းသား ပေါင်းစုံတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဒီမိုကရေစီရရှိရေး ရည်မှန်းချက်များကို ချေမှုန်းဖျက်ဆီးပြီး ၎င်းတို့အကျိုးစီးပွားကိုသာ ရှာဖွေအမြတ်ထုတ်မည်မှာ မလွဲဧကန်အမှန်ပင် ဖြစ်၏။ သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးလည်း ဖြစ်၏။
၎င်းတို့၏ လုပ်ငန်းစဉ်ပထမအဆင့်ကို ယခုအချိန်တွင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ပထဝီနိုင်ငံရေးဆိုင်ရာ ပေးထားချက် အကန့်အသက်ရှိနေသော တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များကို နွေဦးတော်လှန်ရေးမှ သီးခြားခွဲထုတ်နိုင်ရန် အပြင်းအထန် ကြိုးစားနေ၏။
၎င်းတို့၏ လုပ်ငန်းစဉ်အရ ဟန်ပြရွေးကောက်ပွဲမှ တက်လာမည့် စစ်တပ်လက်အောက်ခံ ရုပ်သေးအစိုးရသည် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များကို အကျိုးစီးပွားများ မက်လုံးပေး၊ အယုံသွင်း လှည့်ဖြားပြီး မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးမှ ခွဲထုတ်နိုင်ရန် ကြိုးစားပေလိမ့်မည်။ ယခုအချိန်အထိ စစ်အုပ်စုနှင့်ဆက်နွှယ်ကာ ဒုစရိုက်လုပ်ငန်းများဖြင့် ကြီးပွားချမ်းသာနေသော လက်နက်ကိုင်အဖွဲ့များ ရှိနေခြင်းသည် စစ်အုပ်စု၏ အာဏာသက် ဆွဲဆန့်နိုင်ရေး အိပ်မက်ကို လောင်စာထည့်ပေးနေသည်ကဲ့သို့ ရှိ၏။
အကယ်၍ စစ်အုပ်စုသည် ၎င်းတို့ရည်မှန်းချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်နိုင်ပါက မြန်မာပြည်အလယ်ပိုင်းဒေသကို ခြေကုပ်မြဲမြဲရယူရန် ဦးစွာကြိုးစားမည် ဖြစ်၏။ လက်နက်အင်အားချို့တဲ့သော မြန်မာပြည်အလယ်ပိုင်းဒေသများရှိ တော်လှန်းရေးတပ်ဖွဲ့များကို စစ်အုပ်စုသည် ကိုယ်ကျိုးရှာ အာဏာရှင်နိုင်ငံကြီးများထံမှ လက်နက်၊ နည်းပညာအကူအညီဖြင့် ချေမှုန်းနိုင်လျှင် ၎င်းတို့ ခဏတာ လက်ရှောင်ထားသော တိုင်းရင်းသားဒေသတွေကိုပါ ပြန်လည်သိမ်းပိုက်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
ဤသည်ကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ကောင်းစွာသိရှိကြပြီး ဖြစ်သည်။ သို့သော် ကန့်သတ်ချက်အမျိုးမျိုးကြားမှ လူးလွန့်လှုပ်ရှားနေကြရသော မြန်မာတိုင်းရင်းသားပေါင်းစုံတို့၏ တော်လှန်ရေးသည် စစ်အုပ်စု၏ ယုတ်မာသော အကြံအစည်များကို တွန်းလှန်နိုင်ရန်အတွက် အမြော်အမြင်ကြီးကြီးဖြင့် ကြိုးစားရဦးမည် ဖြစ်သည်။
မြန်မာပြည်သူများအနေဖြင့် စစ်အုပ်စု၏ ခြေလှမ်းများကို တဆင့်ချင်း ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် အစီအမံကောင်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးစားကြရမည် ဖြစ်၏။ အခြေအနေအလိုက် ဖြစ်ပေါ်လာနိုင်သော အခင်းအကျင်းများကို စုစုစည်းစည်း အတူတကွ လက်တွဲကျော်လွှားနိုင်ရန် အလွန်အရေးကြီးလှ၏။ ခက်ခဲလှသော တော်လှန်ရေးခရီးတွင် ဇွဲစိတ်သန်သန်ဖြင့် ရင်ဆိုင်ကြရမည် ဖြစ်၏။
မြန်မာပြည်တွင် စစ်အုပ်စု ရှိနေသရွေ့ မြန်မာပြည်သူတို့အတွက် ကမ္ဘာကြီးနှင့်အပြိုင် တိုးတက်အေးချမ်းရေးမှာ လုံး၀မဖြစ်နိုင်ပေ။ ဤသည်မှာ မြန်မာပြည်သူတိုင်း၏ ကိုယ်တွေ့အသိဉာဏ် ဖြစ်၏။ ထို့ကြောင့် လက်ဗလာဖြင့် စခဲ့ရသော တော်လှန်ရေးကို ရောင်နီ မြင်နေရချိန်ရောက်မှ လမ်းမပျောက်စေရန် အတူကြိုးစားကြရမည် ဖြစ်သည်။
စစ်အုပ်စု ပစ်မှတ်ထားနေသော မြန်မာပြည်အလယ်ပိုင်းမှ တော်လှန်ရေးအင်အားစုများ အပါအ၀င် တိုင်းရင်းသား ပြည်သူလူထုအပေါ် အမှန်တကယ် သစ္စာရှိသော တော်လှန်ရေးတပ်ဖွဲ့တိုင်းအနေဖြင့် အချင်းချင်း စည်းလုံးမှုကို ကြိုးစားတည်ဆောက်ပြီး မိမိတို့အတွက် လိုအပ်သော လက်နက်၊ ခဲယမ်းမီးကျောက်များ၊ ရင်းမြစ်များကို ထုတ်လုပ်ခြင်း၊ ၀ယ်ယူခြင်း၊ မျှဝေသုံးစွဲခြင်း လုပ်ငန်းများအတွက် အစီအမံများ ကြိုတင်ပြင်ဆင်ထားကြရတော့မည် ဖြစ်သည်။ သို့မှသာ ကြိုတင်ချေမှုန်းရေး ထိုးစစ်များ၊ ခုခံစစ်များ၊ တန်ပြန်ထိုးစစ်များဖြင့် အခြေအနေ အချိန်အခါနှင့်အညီ စစ်ဆင်တိုက်ခိုက်ပြီး အာဏာလုပ်စစ်အုပ်စု၏ အာဏာအသက်ဆက်ရေး အိပ်မက်ကို ရိုက်ချိုးနိုင်မည် ဖြစ်သည်။
လက်ဗလာဖြင့် စခဲ့ကြသော မြန်မာတိုင်းရင်းသားပြည်သူတို့၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသည် ယနေ့အချိန်တွင် အအောင်မြင်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်မှာ ငြင်းမရသော အမှန်တရားဖြစ်သည်။ စစ်အုပ်စုသည် အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းနည်းဖြင့် ပေါ်တာဆွဲ လူစုပြီး ကိုယ်ကျိုးရှာနိုင်ငံကြီးအချို့ထံမှ နည်းပညာ အကူအညီရယူကာ မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးကို ဟန့်တားနိုင်ရန် ကြိုးစားနေရ၏။ ရှေ့တန်းတွင် စစ်အုပ်စု၏ ဖိအားဖြင့် စစ်မှုထမ်းရသူများ၏ ကျဆုံးစာရင်းသည် ကြောက်ခမန်းလိလိ မြင့်တက်နေ၏။
ထိုသို့သော လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခံရသည့် အခြေအနေဆိုး အမျိုးမျိုးကို ကျော်လွှားနိုင်ရန်မှာ အာဏာလု စစ်အုပ်စုကို တန်ပြန်ထိုးစစ်ကြီးများဖြင့် မြန်မာ့မြေမှ အပြီးတိုင် ဖယ်ရှားနိုင်မှ ဖြစ်နိုင်ပေမည်။ ထို့ကြောင့် မိမိတို့ မြန်မာပြည်သူများအနေဖြင့် ယုတ်မာကောက်ကျစ်သော အသက်ငင်နေသည့် စစ်အုပ်စုကို သတိမပြတ် စောင့်ကြည့်ကာ ဇွဲ၊ သတ္တိ၊ ဉာဏ်ပညာ အပြည့်ဖြင့် အလဲထိုးနိုင်ရန် ပြင်ဆင်ဖြည့်ဆည်းပြီး ရောင်နီသာမည့် နေ့သစ်များဆီသို့ အတူတူ ကြိုးစားချီတက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ညိုသူ