
စစ်တပ်နဲ့လာ၊ မသိမ်းပါဘဲ
ရိုးရာဓလေ့၊ ထုံးစံမေ့အောင်
သိမ်းလေ့ရှိမင်း၊ အိမ်နီးချင်းများ
ဝါးမြိုသွားကာ၊ “ပါတော်မူ” ပြီ
ကိုလိုနီသစ်၊ တဖန်ဖြစ်နေ
မြန်မာပြည်ကို၊ မောင်သာချို က
ပြုပြင်ကြရေး ပြောကြားသွားခဲ့တကား။ ။
ဆရာ မောင်သာချို ကွယ်လွန်တော့ အမှတ်တရ လွမ်းစာရေးချင်လို့ မောင်သာချိုပြောဟောခဲ့တဲ့ ၂၀၁၉ ခုနှစ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့က ၇၂ နှစ်မြောက် အာဇာနည်နေ့ စာပေဟောပြောပွဲကို သတိရမိတယ်။ အဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ၉ ဦးတို့ အသက်ပေး တိုက်ခဲ့တာက ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေ ကိုယ်ပိုင်ဖြစ်ဖို့တဲ့။ အခုတော့ ပြည်ပနိုင်ငံတွေက စစ်တပ်နဲ့ လာမသိမ်းကြပါဘဲနဲ့ မြန်မာပြည်ရဲ့ အနှစ်သာရတွေ ပါတော်မူကုန်ပြီတဲ့။ အသေးငယ်ဆုံး ဥပမာကလေး တခုကို ပြရရင် ဘိန်းမုန့် မုန့်ပျားသလက်၊ မုန့်စိမ်းပေါင်းစတဲ့ မြန်မာမုန့်တွေ ပျောက်ကုန်ပြီး တရုတ်မုန့်တွေ တခြား နိုင်ငံခြားမုန့်တွေက မြန်မာဆိုင်တွေကို ဝင်သိမ်းထားပြီတဲ့။ ဆရာပြောခဲ့တဲ့ထဲက စဉ်းစားမိတာလေးပါ။
ဆရာ မောင်သာချို ပြောခဲ့တာတွေနဲ့ ဆက်စပ်တွေးရင် အခုကြည့်ဗျာ။ ပြည်ပအားကိုး ပုဆိန်ရိုးလို့ အာဏာသိမ်းစစ်တပ်က ပြောပေမဲ့ အခုဆိုရင် မန္တလေးမြို့ခံတွေဟာ မြို့ပြင်ရောက်ကုန်ကြပြီ။ မြို့တွင်းမှာဆို မျက်ပေါက်ကျဉ်းကျဉ်း လူမျိုးတွေက ပိုင်ကုန်ကြပြီ။ အခုနောက်ဆုံး လားရှိုးမြို့ကိုပဲကြည့်ပေါ့။ အိမ်နီးချင်းနိုင်ငံကြီးရဲ့ သဘောထားက အဓိကကျနေပြီ။ တရုတ်ထောက်လှမ်းရေးတွေက လက်နက်ပါကိုင်ပြီး မြန်မာပြည်မှာ နေခွင့်ရနေပြီ။ အမျိုးဘာသာ သာသနာလို့ ကြွေးကြော်နေတဲ့ စစ်တပ်က ဒါကို ခွင့်ပြုထားတယ်။ မြန်မာတပြည်လုံးလည်း တရုတ်မုန့်၊ တရုတ်အထည်၊ တရုတ်စက်၊ တရုတ်ဆိုင်ကယ်၊ တရုတ်ကားတွေ ဖြစ်ကုန်ကြပြီလေ။ တဖက်မှာလည်း ထိုင်းနယ်စပ်ကနေ ထိုင်းကုန်ပစ္စည်းတွေ၊ ထိုင်းဟင်းသီးဟင်းရွက်တွေ၊ ထိုင်းစက်တွေ၊ ထိုင်းမုန့်တွေ၊ ထိုင်းစားသောက်ကုန်တွေဟာ နေ့စဉ် တင်သွင်းနေကြပြီ။ မြန်မာပြည်သား လယ်ယာသမားတွေ စိုက်ပြီး မစားကြတော့ဘူး။ တနေ့ထက်တနေ့ ပိုဆိုးဆိုးလာနေပြီပေါ့။
ဆရာမောင်သာချိုက အာဇာနည်နေ့အကြောင်း ဆက်ပြောတော့ သခင်မြက ကျည် ၁၅ ချက်နဲ့ အများဆုံးထိပြီး ဆုံးတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်က ၁၃ ချက်ထိပြီး ကျဆုံးတယ်။ ရုပ်ကလာပ်ကို အိမ်ကို ပြန်ယူလာတော့ ၂ နှစ်သမီးကလေးသာ ရှိသေးတဲ့ စုကလေးက အဖေ သေနေတာကို မသိရှာဘူးတဲ့။ အလောင်းဘေးမှာ လျှောက်ပြေးနေတာတဲ့။ ဗိုလ်ချုပ်အလောင်းကို ကြည့်တော့လည် ပိန်လို့ ကပ်လို့၊ ပြားလို့၊ ချပ်လို့၊ လှီလှီကလေး၊ ဗိုက်ကလည်း ချပ်ချပ်ကလေးတဲ့။ အခု အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေလို စားထားတာတွေ မရှိတော့ ဗိုက်ကြီးပူမနေဘူးတဲ့။ ကုပ်ပိုးကြီးတွေ တက်မနေဘူးတဲ့။ ဒီလို ပြောလိုက်ချိန်မှာ ကြာအင်းဆိပ်ကြီးမြို့က ပရိသတ်က လက်ခုပ်တီးတယ်။ အဲ့သည်အခါ ဆရာ မောင်သာချိုက ကျုပ်ပြောတာ ရိုးရိုးပဲနော်၊ ခင်ဗျားတို့ လက်ခုပ်တီးပြီး မြှောက်ပေးမှ အမှုပိုကြီးဦးမယ်လို့ ပြောလိုက်ပါတယ်။
ဟုတ်ပါတယ်။ စာရေးဆရာတွေ အမှန်တွေ ဟောတော့ စစ်ထောက်လှမ်းရေးက ဟောပြောခွင့် ပိတ်တယ်။ စာအုပ်ထုတ်ဝေခွင့်တောင် ပိတ်တာကိုး။
ဒီလိုပြောတော့ စာရေးဆရာကြီးအောင်သင်း ပြောခဲ့တာကို သတိရမိပါတယ်။ ဆရာအောင်သင်းက အခုလို ပြောခဲ့တယ်။ “တခါတုန်း သူကြီးက အရူးမကို ဘာသွားလုပ်တယ် မသိဘူးတဲ့။ အရူးမက ဗိုက်ကြီးသတဲ့။ ညည်းဗိုက်က ဘယ်သူနဲ့လည်း၊ သူကြီးနဲ့တော့။ အဲ့သည်လိုပြောတော့ အရူးမကို သူကြီးလူတွေက ရိုက်တာပေါ့။ နောက်ပိုင်း ညည်းဗိုက် ဘယ်သူနဲ့လဲလို့ မေးရင် အရူးမက မပြောရဲဘူးတော့။ ရှင်တို့ရွာက မှန်တာပြောရင် ရိုက်တယ်တော့လို့ ပြန်ပြောသတဲ့။ အခုတော့ ဆရာကြီးအောင်သင်း ပြောသလို ဆရာမောင်သာချို ပြောသလို ကျနော်တို့ မြန်မာနိုင်ငံလည်း မှန်တာပြောရင် ဖမ်းတယ်၊ ရိုက်တယ်၊ ထောင်ချတယ် ဖြစ်နေပါပြီ။ စစ်ကောင်စီ အာဏာသိမ်း ၄ နှစ်အတွင်း သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ သတင်းသမား ၅၀ လောက်ကတော့ ထောင်ထဲမှာ ရှိနေတုန်းပါ။ သတင်းဌာန ၁၅ ခုလည်း ပိတ်သိမ်းခံခဲ့ရပါတယ်။ ဆရာမောင်သာချိုကိုယ်တိုင် အရင် ၈ နှစ်အကြာက ဆောင်းပါးတပုဒ် ရေးသားမှုနဲ့ နောက်ကြောင်းပြန် ထောင် ၂ နှစ် ချမှတ်ခံခဲ့ရတာပါ။ အာဏာသိမ်းစစ်ကောင်စီက သတင်းတွေကို အမှန်လုပ်ဖို့ ဆိုတာမျိုး ပြောနေပေမဲ့ အရူးမကို ရိုက်ခိုင်းတဲ့ သူကြီးလို လူတွေပါ။ စစ်တပ်ဟာ အမှန်မကြိုက်ပါဘူး။ အလိမ်အညာတွေ အစီရင်ခံတာကိုပဲကြိုက်တာပါ။
အဖေအောင်ဆန်း
အိပ်နေမှန်း၍
စု ဝမ်းနည်းရကောင်းမသိခဲ့။ ။
အသုဘ လာကြသူတွေက နိုင်ငံ့ခေါင်းဆောင်တွေ၊ နာမည်ကျော်တွေ၊ ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ တဲ့။ ဆရာမောင်သာချိုက စာပေဟောပြောပွဲမှာ ပြောခဲ့တာပါ။ စုကလေးက ပြေးနေတယ်။ ဧည့်သည်တွေက ကောက်ချီကြတယ်။ စုကလေးက ပြောရှာသတဲ့။ သူ့စကားက မျက်ရည်ကျမိစေတယ်။ စုက “ဖေဖေ နေမကောင်းလို့ အိပ်နေတယ် တဲ့။ သမီး သွားနှိုးတာ မထဘူး တဲ့။ ယောက်ျားကြီးတွေတောင် မျက်ရည်ကျခဲ့တယ်တဲ့။ ဆရာမောင်သာချိုက ပြောခဲ့တယ်။ သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူး မပြီးစီးခဲ့ဘူးတဲ့။ အောင်ဆန်းရာပြည့် ၂၀၁၅ ခုနှစ်မှာ သူ့ဖခင်ရုပ်ရှင်ကို ရုံတင်ပြသချင်ကြောင်း အမေစုက ပြောခဲ့တယ်တဲ့။ ဒါပေမဲ့ ရုပ်ရှင်ဟာ ရိုက်တောင်မရိုက်ဖြစ်ခဲ့ဘူးတဲ့။ တကယ်တော့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ဆရာမောင်သာချို ကွယ်လွန်ချိန် အခုအထိလည်း ပျောက်ကွယ်နေဆဲပါ။ ဆရာမောင်သာချို ကွယ်လွန်ချိန် ၂၀၂၅ ခုနှစ် ဗိုလ်ချုပ် အသက် ၁၁၀ အထိ ဗိုလ်ချုပ်ရုပ်ရှင် မရိုက်ရသေးတဲ့အကြောင်း မှတ်မှတ်ရရ ရှိလာမိပါရဲ့။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို နိုင်ငံတကာမှာတော့ ရိုက်ကူးပြီးသွားခဲ့တာ နှစ်များစွာ ကြာပြီလို့ ဆရာ မောင်သာချိုက ပြောခဲ့ပါတယ်။ WHO REALLY KILLED AUNG SAN ? အမည်ရှိ ရုပ်ရှင်ကားကို မြန်မာပြည်အတွင်း လမ်းဘေးဆိုင်တွေမှာ ဝယ်နိုင်ပါတယ်တဲ့။
ကတညုတ ကတဝေဒီ
တင်ဖူးကျေးဇူး၊ နားလည်ထူး၍
ကျေးဇူးပြန်လည်၊ တုံ့လှယ်မဆပ်
အမြင်ကပ်စရာတိုင်းပြည်
မောင်သာချို ပြောခဲ့သည်။ ။
ပြောတဲ့နေရာက ချောက်မြို့။ စာပေဟောပြောပွဲ ပထမဆုံးအကြိမ်ပေါ့။ ဒီလောက် သမိုင်းဝင် နယ်ချဲ့ကို စတိုက်ခဲ့ရာ သခင်ဖိုးလှကြီးမြို့မှာ ဘာလို့ စာပေဟောပြောပွဲက အခုမှ လုပ်ခွင့်ရသလဲ တဲ့။ သခင်ဖိုးလှကြီးရဲ့ သမိုင်းကိုလည်း စစ်တပ်က ဖျောက်ဖျက်ထားတယ်တဲ့။ မောင်သာချိုက “ကတညုတ ကတဝေဒီ” မိမိအပေါ် ကျေးဇူးပြုဖူးသူရဲ့ ကျေးဇူးကို သိရှိနားလည်ပြီး ဒီကျေးဇူးကို တုံ့ပြန်မဆပ်ဘဲ ကျေးဇူးကန်းတယ်လို့ ပြောခဲ့တာပါ။ မောင်သာချိုတို့က တရုတ်ပြည်ကို စာပေဟောပြောပွဲသွားတော့ တရုတ်ယွမ်ငွေ ၁ ယွမ်တန် ငါးယွမ်တန် စတဲ့ ငွေ စက္ကူအသီးသီးမှာ တရုတ်လွတ်လပ်ရေး ခေါင်းဆောင်ကြီး မော်စီတုံးပုံတွေနဲ့ပါတဲ့။ မြန်မာပြည်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွေပေါ်ကနေ ဖယ်ရှားထားတာတဲ့။ မောင်သာချိုက စာရေးဆရာကြီး ဒဂုန်တာရာရဲ့ စကားကို ပြန်ပြောခဲ့တယ်။ ဒဂုန်တာရာက “ကျေးဇူးရှင်တွေကို ပြစ်မှားတဲ့ တိုင်းပြည် ဘယ်တော့မှ မကောင်းဘူးကွ” ဆိုပြီး ပြောခဲ့တာကို ဆရာသာချိုက ပြန်ပြောပြတာပါ။ သခင်ကိုယ်တော်မှိုင်းကို ရန်သူထင်နေတဲ့ကောင်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းကို ရန်သူ ထင်နေတဲ့ကောင်တွေ၊ စာရေးဆရာကြီး ကဗျာဆရာကြီး မင်းသုဝဏ်ကို အလကားလူ ထင်နေတဲ့ကောင်တွေဟာ မကောင်းပါဘူးတဲ့။ သူတို့အားလုံးဟာ ကိုယ်ကျိုးစွန့် စွန့်လွှတ်ခဲ့ကြတာပါတဲ့။ ဆရာမောင်သာချိုက ဆက်ပြောတာက သခင်ဖိုးလှကြီးလို ကျေးဇူးကြီးတဲ့ ခေါင်းဆောင်ကြီးရဲ့ မြို့၊ ဒီ သမိုင်းဝင် ချောက်မြို့မှာ စာပေဟောပြောပွဲ ကျင်းပခွင့် မပေးတာကိုတော့ ရှုတ်ချပါတယ်တဲ့။ ဘယ်လိုလူမျိုးက စာပေဟောပြောပွဲခွင့်မပြုတဲ့ အမိန့်ကို ပေးတာလဲတဲ့။ သူဟာ ဒေါနဲ့ မောနဲ့ ပြောနေခဲ့တာပါ။ စာပေဟောပြောပွဲ တက်လာတဲ့ ချောက်မြို့သူ မြို့သားတွေကလည်း လက်ခုပ်တီးကြပါတယ်။ ဒါပေမဲ့ လူကြိုက်ရုံ သာမန်ကလေး လက်ခုပ်ချူရုံ ပြောတာမဟုတ်၊ ကျေးဇူးရှင်တွေကို ကျေးဇူးကန်းခဲ့ကြသူတွေ၊ ကျေးဇူးကန်းနေကြသူတွေကို နာကျည်းတဲ့ စိတ်နဲ့ ပြောနေခဲ့တာပါ။ ဒါကြောင့်လည်း စောစောက ကြာအင်းဆိပ်ကြီး ဟောပြောပွဲမှာ ပရိတ်သတ် လက်ခုပ်တီးတာကို တားဆီးသလို သူက မတားခဲ့တာ တွေ့ရပါတယ်။
ဆရာ မောင်သာချိုဟာ အခုလို အမြဲ ဟောပြောသလို ဆောင်းပါးတွေမှာလည်း ဒီအမှန်တရားတွေကို လည့်ရေးလေ့ရှိပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး သူ့ကို ဖမ်းတော့ ဆောင်းပါးတပုဒ်ကြောင့် သူကို ထောင် ၂ နှစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆောင်းပါးတပုဒ်တည်းကြောင့် မဟုတ်ဘဲ သူ ရေးတဲ့ အလားတူ အမှန်တရား ဆောင်းပါးတွေအတွက်ကြောင့် သူ့ကို ထောင်ချခဲ့တာလို့ ပြောသင့်ပါတယ်။ နောက်ဆုံးအနေနဲ့ ၂၀၁၂ ခုနှစ်က လုပ်ခဲ့တဲ့ ဆရာမောင်သာချိုနဲ့ မေမြို့အခြေစိုက် Tha Zin FM ရေဒီယို အင်တာဗျူးနဲ့ အဆုံး သတ်ပါမယ်။
မောင်သာချိုနဲ့ သဇင်ရေဒီယိုအင်တာဗျူး
သဇင်သတင်းထောက် (မေး) - လူတွေ စာဖတ်ဖို့ လိုလား။
မောင်သာချို (ဖြေ)- လိုပါတယ်။
သဇင် (မေး)- ဘာကြောင့် လိုသလဲ။
ချို (ဖြေ) - လူတွေ စိတ်အတွေးခေါ်တွေ တိုးတက်ဖွံ့ဖြိုးဖို့ စာဖတ်ရမယ်။
သဇင် (မေး) - စာမဖတ်ဘဲ လူ့အတွေးအခေါ် တိုးတက်ဖွံ့ဖြိုးအောင် လုပ်မယ့်နည်းရှိသလား။
ချို (ဖြေ) - ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ ဆေးတွေ အစားအစာတွေ စားရပေမဲ့ လူ့အတွေးအခေါ် ကိုယ်ချင်းစာစိတ်ရှိဖို့၊ စိတ်နှလုံးသား နူးညံ့ဖို့၊ ကိုယ်ချင်းစာစိတ် ရှိဖို့ကတော့ ဘာဆေးမှ သောက်လို့ မရနိုင်ပါဘူး။ ဘာအစားအစာ စားလို့မှလည်း မရနိုင်ပါဘူး။ လူ့အတွေးအခေါ် ကိုယ်ချင်းစာစိတ်ရှိဖို့၊ စိတ်နှလုံးသား နူးညံ့ဖို့၊ ကိုယ်ချင်းစာစိတ် ရှိဖို့ကတော့ စာဖတ်မှကို ရပါမယ်။ စာတွေ ဖတ်ရပါမယ်။
ဆရာမောင်သာချိုဟာ ၂၀၂၅ ဇူလိုင် ၁၀ ရက်က ကွယ်လွန်သွားခဲ့ပါပြီ။ ဒါပေမဲ့ ဆရာ့စာတွေကို ဖတ်နေကြရဆဲပါ။ ဆရာ့ရဲ့ ဟောပြောချက်တွေကို ကြားနေရဆဲပါ။ ဆရာ မသေပါ။ ရှင်ဆဲပါ။ ရှင်သန်နေဆဲပါ။ အခုသူ့ရဲ့ စာပေဟောပြောပွဲကို ကျနော် ကြားနေရတယ်။ အောင်ဆန်း ကွယ်လွန်သွားခဲ့ပေမဲ့ လွတ်လပ်ရေးကို ချန်ထားခဲ့တယ်လို့ သူ့ပြောသံ ကြားနေရတယ်။ ယုတ်စအဆုံး နွားကြီး တကောင်တောင် သေသွားခဲ့ပေမဲ့ သူ ထွန်ယက်ပြီး စိုက်သွားခဲ့တဲ့ စပါးတွေ ကျန်နေသေးတယ်တဲ့။
ဒါဆို မောင်သာချို ကွယ်လွန်သွားပေမဲ့ သူ့စာတွေ၊ ကဗျာတွေ၊ စကားတွေ ပြောကြားချက်တွေကတော့ တန်ဖိုးရှိစွာ ကျန်နေခဲ့တယ်ပေါ့။ တဆင့်တက်လို့ ပြောရရင်တော့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ မရှိတော့ပေမဲ့ သူတို့လျှောက်ခဲ့တဲ့ နွေဦးတော်လှန်ရေးလမ်းကတော့ ပန်းတိုင်ရောက်လုပါပြီ။ အလားတူ နွေဦးတော်လှန်ရေးကြီးမှာလည်း အာဇာနည်တွေ အများအပြား ဆုံးရှုံးသွားခဲ့ရပေမဲ့ အလကား မဖြစ်ပါဘူး။ သူတို့ တူမီးလေးတွေနဲ့ လက်လုပ်ဗုံးကလေးတွေနဲ့ စခဲ့တဲ့ နွေဦးတော်လှန်ရေးကြီးကတော့ စစ်အာဏာရှင်ရဲ့ နိဂုံး ပြည်သူ့အောင်ပွဲကြီးဆီကို ဦးတည်နေပါပြီ။ ။