
ဇွန် တဆယ့်ကိုး၊ အမျိုးသမီးနေ့
စုမွေးနေ့အား၊ သတ်မှတ်ထားခဲ့ကြပါ၏။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန်လ ၁၉ ရက်ကို နှစ်စဉ် ကျင်းပကြပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ကျင်းပကြတာ သိပ်မတွေ့ရတော့ပါ။ ကျနော့်ရဲ့ DVB သတင်းထောက် ဘဝ သက်တမ်း ၃၃ နှစ်အတွင်း လိုက်ခဲ့သမျှသတင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကလည်း ထိပ်ကပါ။ ၁၉၉၀ နှစ်များတွေကဆို သူ့ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ဆိုပြီး ကျင်းပနေခဲ့ကြပါတယ်။ တောတွင်း ဒေါင်းခွင် ABSDF ဌာနချုပ်၊ မာနယ်ပလော ဌာနချုပ် စတာတွေအပြင် မဲဆောက် ဘန်ကောက် ချင်းမိုင် နယူးဒေလီ စသဖြင့် နိုင်ငံတကာရောက် မြန်မာတွေကလည်း (ဇွန် ၁၉ ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့) အဖြစ် ကျင်းပခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ကုန်ဌာနချုပ် အပါအဝင် တပြည်လုံးမှာလည်း မွေးနေ့နဲ့အတူ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို စည်စည်ကားကား ကျင်းပခဲ့ကြတာပေါ့။
လက်မခံဟု၊ ကန့်ကွက်မှုကြောင့်
ယခု မကျင်းပကြပါပြီ။
နောက်ပိုင်း ပြည်ပမှာ မွေးနေ့ကိုသာ ကျင်းပကြတာများပြီး မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် မကျင်းပကြတောပါ။ မေးကြည့်တော့ လက်မခံကြတဲ့ ကန့်ကွက်ကြတဲ့ သူများ အဖွဲ့များ ရှိနေတာကြောင့် အမျိုးသမီးအဖွဲ့တွေ အချင်းချင်းကြား သဘောထား မကွဲစေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် မကျင်းပကြတော့ပါ။ တင်းတင်းမာမာ လက်မခံသူတဦးကို မေးကြည့်တော့ ဒေါ်စုဟာ အမျိုးသမီးအားလုံးကို ကိုယ်စားမပြုတာကြောင့်လို့ ပြောပါတယ်။ ဒါဆို ဘယ်လို နေ့မျိုးကို သတ်မှတ်မလဲလို့ မေးတော့ ဒေါ်ဦးဇွန်းမွေးနေ့တဲ့။ ဒေါ်ဦးဇွန်း ဆိုတာ လူအိုရုံတွေ တည်ဆောက်ခဲ့လို့ ထင်ရှားသူပါ။ ဒါပေမဲ့ နိုင်ငံလုံးဆိုင်ရာကတော့ ထင်ရှားမှုနည်းပါမယ်။ ဒါတွေကြောင့် ဒေါ်စု မွေးနေ့ကို အမျိုးသမီးနေ့ အဖြစ် ပြည်ပမှာ မကျင်းပကြတော့တာပါ။ ဒါကြောင့်လည်း စစ်အာဏာရှင်တွေက ဇူလိုင် ၃ ရက်ကို အမျိုးသမီးနေ့ သတ်မှတ်ပြီး လုယူသွားပါတော့တယ်။ ဒီအခါ အမျိုးသမီးနေ့အတုနဲ့ အစစ် ၂ ခု ဖြစ်လာပါတော့တယ်။
အမျိုးသမီးနေ့၊ စုမွေးနေ့အား
လုယူသွားခဲ့ကြပါသည်။
ဇူလိုင် ၃ ရက်၊ သတ်မှတ်လျှက်သာ
အာဏာရှင်က၊ နှစ်စဉ်ကျင်းပစေခဲ့သည်။
"မြန်မာနိုင်ငံအမျိုးသမီးများနေ့အတုနဲ့ အစစ်"
မဲလ်ဘုန်းမြို့မှာ နေထိုင်ပြီး နွေဦးတော်လှန်ရေးကို ထောက်ပို့ပေးနေသူ ကိုမျိုးအေးက အောက်ပါအတိုင်း ရေးထားပါတယ်။
"စကစ မအလရဲ့ မွေးနေ့နဲ့ ဖန်တီးထားတဲ့ အမျိုးသမီးများနေ့အတုနဲ့ အမျိုးသမီးများနေ့အစစ်ကို ကွဲပြားစွာ သိဖို့ပါ။ စစ်အာဏာရှင်တွေ ဖန်တီးခဲ့တဲ့ “မြန်မာအမျိုးသမီးများနေ့” ဆိုတာ ဘာလည်း သိကြပါသလား။ ဇူလိုင်လ ၃ ရက်နေ့မှာ မြန်မာပြည်တွင်းမှာ ကျင်းပတဲ့ "မြန်မာအမျိုးသမီးများနေ့" ဆိုတာ အတုအယောင်နေ့ပါ။ ဒီ "မြန်မာအမျိုးသမီးများနေ့" ကို ဇူလိုင်လ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ဆိုပြီး စတင်ခဲ့တဲ့သူတွေက စစ်အာဏာရှင် သန်းရွှေလက်ထက်က သူတို့ အာဏာရူးတွေရဲ့ ကတော်တွေ ဖွဲ့စည်းခဲ့တဲ့ "မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ" ကနေ သတ်မှတ်ခဲ့တာပါ။ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ နေ့ကို ယူပြီး "မြန်မာအမျိုးသမီးများနေ့" ဆိုပြီး လုပ်ဇာတ် ခင်းခဲ့တာပါ။ တကယ်တမ်း သာမန်ပြည်သူ အမျိုးသမီးတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် လုပ်တာ မဟုတ်ဘဲ၊ စစ်အာာဏာရှင်တွေရဲ့ အကျိုးစီးပွားအတွက် ဝါဒဖြန့်ချိရေးနဲ့ ဗိုလ်ချုပ်ကတော်တွေအချင်းချင်း အကျိုးရှိအောင် လုပ်ခဲ့ကြတာပါ။
စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာပြည်တဝန်း အမျိုးသမီးတွေ အနိုင်ကျင့်စော်ကားခံနေရတာတွေ၊ ကိုယ်ဝန်သည်မရှောင် အရွယ်မရောက်သေးတဲ့ ကလေးငယ် မချန် အဓမ္မ မုဒိမ်းကျင့်ခံရတာတွေ၊ စစ်ပြေးဒုက္ခသည် အမျိုးသမီးတွေ၊ ကျန်းမာရေး ပညာရေး နိမ့်ပါးနေရတဲ့ အမျိုးသမီးတွေ အများကြီးပါ။ ယခုဆိုရင် စကစ မအလ မင်းအောင်လှိုင်ရဲ့ ရူးသွပ်သော ယုတ်မာသော လုပ်ရပ်ဖြစ်တဲ့ စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခအတိနဲ့ ဘေးရန်အပေါင်းကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေ ပိုများပြားလို့ နေပါတယ်။
နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် အခုဆိုရင် စကစ မအလ မင်းအောင်လှိုင်ရဲ့ မွေးနေ့ရက်ပါ ဖြစ်နေတာမို့ ကျက်သရေတုံးတဲ့နေ့ ပိုဖြစ်သထက် ဖြစ်နေပါပြီ။
ဒီအတွက် "မြန်မာအမျိုးသမီးများနေ့ - ဇူလိုင် ၃ ရက်" ဟာ စကစ မအလ အာဏာရှင်တို့ရဲ့ အတုအယောင်နေ့ရက် တရက်သာ ဖြစ်တယ်ဆိုတာ သိရှိကြဖို့ပါ။
စစ်အာဏာရှင် စစ်အကြမ်းဘက်အုပ်စုလက်အောက်မှာ ဆုံးရှုံးနေရတဲ့ အမျိုးသမီးအခွင့်အရေးတွေနဲ့ နေ့စဉ် ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှု၊ ဘ၀ မလုံခြုံမှု၊ သေကြေပျက်စီးရမှုတွေအတွက် ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်ကြပါ။ ကျနော်တို့ လက်ခံထားတဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ဟာ ဇွန် ၁၉ ရက် ဖြစ်ပါတယ်။ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပြည်သူလူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကျရောက်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်လည်း ကျင်းပလေ့ ရှိကြပါတယ်။ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နှစ်ပေါင်း ၂၀ ကျော်ကတည်းက နှစ်စဉ်နှစ်တိုင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ (မြန်မာနိုင်ငံအမျိုးသမီးများနေ့ - ဇွန်လ ၁၉ ရက်) ကို ကျင်းပခဲ့ပါတယ်။ မဲလ်ဘုန်းမြို့မှာ ၁၉၉၀ ခုနှစ် ဝန်းကျင်ကတည်းက စတင်ပြီး မြန်မာပြည်အရေးကို တက်ကြွစွာလှုပ်ရှားခဲ့သူ၊ သြစတြေးလျနိုင်ငံကို မြန်မာလူမျိုးတွေ ရောက်ရှိအခြေစိုက်နေထိုင်ရေးအတွက် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သူ၊ Australia Burma Society (ABS) အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သူဖြစ်တဲ့ ဒေါ်ပက်ထရစ်ရှာပွန်း (Patricia Pond) နဲ့ Mr. Hong Lim (Former member of the Victorian Legislative Assembly MP) တို့ဟာမဲ့လ်ဘုန်းက မြန်မာနိုင်ငံအမျိုးသမီးများနေ့ (ဒေါ်အောင်ဆန်းစုကြည် မွေးနေ့) အခမ်းအနားတွေကို တက်ရောက်ကြလေ့ရှိပါတယ်။ "
အမျိုးသမီးနေ့ကား၊ မိန်းမများတွက်
ထင်ရှားခွင့်ရေး ရလမ်းပေးရမည်သာ။
စစ်တပ်ကြိုးကိုင်၊ အမျိုးသမီးနေ့ကား
မိန်းမများအရေး လုံးဝမပေးနိုင်ပါ။
ကျနော်ကိုယ်တိုင် ဇွန် ၁၉ ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို သတိမေ့နေတာကို အစပြန်ဖော်ပေးသူက ကိုမျိုးအေး (မဲလ်ဘုန်း) တဦးတည်း မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က အမေစုမွေးနေ့မှာ NLD အဖွဲ့ဝင်ဖြစ်တဲ့ ကဗျာဆရာ ကိုထိန်လင်းကလည်း အခုလို ပြောခဲ့ပါတယ်။
"ဒေါ်စုမွေးနေ့ ၁၉ ဇွန်ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့လို့ ကျနော်တို့ ကျင်းပခဲ့ကြပါတယ်။ ၁၉၉၀ ကျော်ကတည်းက NLD ရုံးမှာ ကျင်းပပါတယ်။ ၁၉၉၉ ခုနှစ် ၂၀၀၀ ပြည့်နှစ်တွေမှာ ပြည်တွင်းမှာ ပုံနှိပ်ထုတ်ဝေခွင့်တွေ မရတဲ့အချိန်မှာ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ကဗျာစာအုပ်တွေလို့ ခေါင်းစဉ်တပ်ပြီး လက်ရေးစာစောင်တွေအဖြစ် ထုတ်ကြပါတယ်။ ဒါကို နောက်မျိုးဆက်တွေ သိစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးမပေးလိုသူတွေ ဂုဏ်မပြုလိုသူတွေနဲ့ စစ်အာဏာရှင်တွေက ဇူလိုင် ၃ ရက်ကို အမျိုးသမီးများနေ့ သတ်မှတ်ပြီး အပြိုင်ကျင်းပတယ်။ တကယ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန် ၁၉ ကို အမျိုးသမီးများနေ့ သတ်မှတ်တာက အရင်ဦးဆုံးပါ။ စစ်အုပ်စုရဲ့ ဇူလိုင် ၃ ရက် အတော် နောက်ကျပြီးမှ ပေါ်လာတာပါ။ "
အမျိုးသမီးရှေ့ဆောင်၊ ဂုဏ်ရောင်ပြောင်သည့်
အောင်ဆန်းစုကြည်၊ မွေးနေ့သည်သာ
မြန်ပြည်ထူးခြား၊ အမျိုးသမီးများနေ့
ဝှဲချီး ကျင်းပသင့်ကြပါသည်တကား။ ။
နွေဦးတော်လှန်ရေးကြီးဟာ မမှန်တာတွေ မတရားတာတွေကို တိုက်ဖျက်နေတာပါ။ ရှင်းလင်း ဖယ်ရှားနေကြတာပါ။ စစ်ကောင်စီက ကျင်းပတဲ့ ဇူလိုင် ၃ ရက် အမျိုးသမီးများနေ့ဟာ မြန်မာအမျိုးသမီးများ အခွင့်အရေးအတွက် အားကိုးအားထားရမယ့် နေ့ရက်မဟုတ်ပါ။ ကိုမျိုးအေးတို့ ကိုထိန်လင်းတို့ ပြောခဲ့သလို့ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကတော်တွေရဲ့ ပျော်ပါးကြတဲ့ နေ့ရက်တခုပါ။ စစ်တပ်က အမျိုးသမီးတွေကို ဖမ်းတာ သတ်တာ အဓမ္မပြုကျင့်တာ နှိပ်စက်တာ မီးရှို့တာ လေယာဉ်နဲ့ ပစ်တာတွေကို ဘာမှကန့်ကွက်မယ့် နေ့ရက်မဟုတ်နိုင်ပါ။ စစ်တပ်ကောင်းကြောင်းသာ ပြောမယ့် နေ့ရက် အာဏာသိမ်းတာ မဟုတ်ဘဲ အာဏာထိမ်းတာပါလို့ ပြောမယ့် နေ့ရက်တခုသာပါ။ ဇူလိုင် ၃ ဟာ အမျိုးသမီးထုအတွက် အကျိုးမရှိတဲ့ နေ့ရက်တရက်အဖြစ် ရှုတ်ချကြရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေး၊ သက်ကြီးရွယ်အို အခွင့်အရေးတွေကို ကြိုးပမ်းဆောင်ရွက်သူဖြစ်ပါတယ်။ အမျိုးသမီးတွေ ပညာရေး စိတ်ခွန်အားမြှင့်တင်ရေးတို့အတွက် သူဟာ ရှေ့ဆောင် စံပြ အနစ်နာခံ ကိုယ်ကြိုးစွန့်သူ အမျိုးသမီးတဦးလည်း ဖြစ်နေပါတယ်။ သူဟာ အမျိုးသမီးတွေဟာလည်း လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်သူတွေဖြစ်ကြောင်း ကိုယ်တိုင်က လက်တွေ့ လုပ်ပြခဲ့သူပါ။ လုပ်ပြနေသူပါ။ တခြားတပါး အမျိုးသမီးတွေကိုလည်း သင်ကြား ပြောပြပေးနေသူတဦးပါ။
သူ့ဟောပြောပွဲတခုမှာဆိုရင် စစ်ဗိုလ်ချုပ်တဦးက "ကြက်မတွန်လို့ မိုးမလင်းဘူး" လို့ ပြောတာကို " ကြက်ဖတွေ အကုန်ရိုက်သတ်လိုက်။ တကောင်မှ မရှိတော့လို့ မတွန်နိုင်တော့ရင်လည်း မိုးကတော့ လင်းလာမှာပါပဲ။ ရှိတဲ့ကြက်မက တွန်လိုက်လည်း မိုးက လင်းလာမှာ" လို့ အမျိုးသမီး အမျိုးသား တန်းတူ အရည်အချင်း ရှိကြောင်း ရဲရဲဝံ့ဝံ့ ပြောခဲ့သူပါ။ ပြည်သူ့ဒီမိုကရေစီ ခေါင်းဆောင် လူထုခေါင်းဆောင် နိုဘလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန် ၁၉ ရက်နေ့ကိုသာ "မြန်မာနိုင်ငံအမျိုးသမီးများနေ့" အဖြစ် စုစည်းညီညာ ကျင်းပကြသင့်ပါတယ်။ ။