
ရန်ကုန်တိုင်း၊ သုံးခွမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၇ ရှိတဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တခု ဒီနေ့မနက်က ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။
သြဂုတ် ၂၁ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၈ မိနစ်မှာ ရန်ကုန်တိုင်း၊ သုံးခွမြို့ရဲ့ တောင် - အရှေ့တောင်ဘက် ၆၆ ကီလိုမီတာအကွာ၊ မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ မိုးဇလဌာနကတော့ အဆိုပါငလျင်ဟာ ပြင်းအား ၅ ဒသမ ၁ ရှိပြီး ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် ၅၄ မိုင်ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်၊ ကွမ်းခြံကုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၈ မိုင်ခန့်အကွာ အနက် ၂၈ ကီလိုမီတာကို ဗဟိုပြုလှုပ်သွားတာလို့ ထုတ်ပြန်ပါတယ်။
ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေလည်း သိရှိခံစားရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မြန်မာ့ကမ်းရိုးတန်းအနီးမှာ ငလျင်ငယ်တွေ တောက်လျှောက်လှုပ်ခတ်နေပြီး သြဂုတ်လ ၂၀ ရက် မနေ့ ည ၇ နာရီ ၁၆ မိနစ်အချိန်မှာလည်း ဖျာပုံမြို့ရဲ့အရှေ့တောင်ဘက် ၂၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပါသေးတယ်။
ရန်ကုန်တိုင်း သုံးခွမြို့နယ်အနီ မြန်မာ့ပင်လယ်ပြင်ထဲမှာ ဩဂုတ် ၂၀ ရက်ညက ငလျင် ၃ ကြိမ် လှုပ်သွားတယ်လို့လည်း သိရပါတယ်။