
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်ထဲမှာ ဇူလိုင် ၁၄ ရက် တနေ့တည်း မြေငလျင် ၃ ကြိမ် လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ မနက် ၇ နာရီလောက်ကတကြိမ်၊ မွန်းလွဲပိုင်း ၂ နာရီခွဲလောက်ကတကြိမ်နဲ့ ည ၉ နာရီကျော်လောက်မှာ တကြိမ် စုစုပေါင်း ၃ ကြိမ်လှုပ်ခတ်သွားတာပါ။
မနေ့ မနက် ၇ နာရီ ၄ မိနစ် ၆ စက္ကန့်အချိန်က ကျိူင်းတုံမြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် ၄၂ မိုင်အကွာ၊ မိုင်းခတ်မြို့အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာမှာ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
မနေ့မွန်းလွဲပိုင်း ၂ နာရီ ၃၆ မိနစ် ၃၈ စက္ကန့် မှာတော့ ကျိုင်းတုံမြေငလျင်စခန်းကနေ မြောက်ဘက် ၂၈ မိုင်အကွာ၊ မိုင်းခတ်မြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ မြေငလျင် လှုပ်ရှားသွားပါတယ်။
ဒါ့အပြင် မနေ့ ည ၉ နာရီ ၄၉ မိနစ် ၅၃ စက္ကန့်က ကျိုင်းတုံမြေငလျင်စခန်းရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ လောက်အကွာ၊ အထူးဒေသ ၄ မိုင်းလားမြို့ရဲ့ အနောက်တောင်ဘက် ၂၂ မိုင်ခန့်အကွာမှာ အနက် ၇ ကီလိုမီတာကို ဗဟိုပြပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် လှုပ်ရှားသွားတယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာတော့ မြန်မာဘက်မှာ လှုပ်ခတ်သွားတဲ့ ငလျင်အား ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိတဲ့အကြောင်းနဲ့ ငလျင်လှုပ်ခတ်မှုကို မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ကနေ သိရှိခံစားရတယ်လို့ ရေးပါတယ်။
ကျိုင်းတုံမြို့သစ် ရပ်ကွက် ၃ မှာနေထိုင်သူတယောက်က “အိမ်ပေါ်ထပ်မှာ စုထိုင်နေတုန်း လှုပ်ခါ သလိုခံစားရတယ်။ တစုံတယောက်က ဒူးနှံ့တယ်ပဲထင်တာ။ ဒုတိယအကြိမ်လှုပ်တော့ ငလျင် မှန်းသိသွားတယ်။ အိမ်ပေါ်ကဆင်းပြေးဖို့ ပြင်ပေမဲ့ ထပ်မလှုပ်တော့ဘူး”လို့ ပြောပါတယ်။
ရပ်ကွက် ၁ နေသူကတော့ “ညနေ ၂ နာရီခွဲကျော်လောက်က မြေကြီးတုန်ခါတယ်။ ခဏပဲတုန်ပြီး မပြင်းထန်ဘူး။ တချို့ဆိုရင် ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး”လို့ ဆိုပါတယ်။
ကျိုင်းတုံမြို့ပြင်ဘက်ရောက်နေသူသူတယောက်က “မနက်ပိုင်းက လှုပ်သွားတာ သိလိုက်တယ်။ တုန်ခါမှုမပြင်းထန်တော့ ထိတ်လန့်တာ ၊ ထွက်ပြေးရတာတွေ မရှိဘူး” လို့ ပြောပါတယ်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိတဲ့သတင်းတွေကတော့ မကြားသိရပါဘူး။ မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြီး အပြီး နောက်ဆက်တွဲငလျင်တွေလည်း ဆက်တိုက်လှုပ်ခတ်နေတာဖြစ်ပါတယ်။
မြန်မာပြည်အရှေ့ပိုင်း ရှမ်းကုန်းပြင်မြင့်မှာ မြေငလျင်ဖြစ်ပေါ်စေတဲ့ ကျောက်ကြမ်း ပြတ်ရွေ့ကြော တွေရှိနေတယ်လို့ ငလျင်ပညာရှင်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံဘက်အထိ ၅၁၀ ကီလိုမီတာခန့် အရှည်တည်ရှိတဲ့ ပြတ်ရွေ့ကြော တခုရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ကြီး၊ နောင်ချို၊ ပြင်ဦးလွင်နဲ့ အနီးနားတဝိုက်ထိ အရှည် ၂၀၀ ကီလိုမီတာခန့်ရှိကာ အနောက်မြောက်ဘက်ကနေ အရှေ့ တောင်ဘက် ဆက်တိုက်ဖြတ်သန်းတယ် ၊ ပြတ်ရွေ့အမျိုးအစားဟာ Strike-slip fault ( ဘေးတိုက်ပြတ်ရွေ့ ) ဖြစ်ပြီး မြေကြီးက အပြန်အလှန်ဘက်ကို ရွေ့လျားတယ်၊ ကျောက်ကြမ်း ပြတ်ရွေ့ဟာ တိတ်ဆိတ်ပေမဲ့ အန္တရာယ်ရှိတဲ့ပြတ်ရွေ့ ဖြစ်တယ်လို့ ငလျင်ပညာရှင်တွေ ခန့်မှန်းကြပါတယ်။