Home
နိုင်ငံတကာ
ရုရှားကမ်းလွန်တွင် ပြင်းအား ၈ ဒသမ ၈ ရှိ ငလျင်ကြီးလှုပ်ခတ်၊ ဆူနာမီလှိုင်းများဖြစ်ပေါ်
DVB
·
July 30, 2025
Photo: NNN / JAPAN

ရုရှားနိုင်ငံ အရှေ့ဖျား၊ ကမ်ချတ်ကာကျွန်းဆွယ်ကမ်းလွန်မှာ အင်အား ရစ်ချ်တာစကေး ၈ ဒသမ ၈ ရှိတဲ့ ငလျင်ကြီးတခု ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၂၄ မိနစ် (မြန်မာစံတော်ချိန်အရ ၃၀ ရက် မနက် ၅ နာရီ ၅၄ မိနစ်ဝန်းကျင်) မှာ လှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီငလျင်ကြောင့် ကမ်ချတ်ကာကျွန်းဆွယ် နေရာတချို့မှာ ၄ မီတာ (၁၃ ပေ) အထိမြင့်တဲ့ ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။ ဒဏ်ရာရသူအချို့ ရှိတယ်လို့လည်း သိရပါတယ်။

ပစိဖိတ်သမုဒ္ဒရာတဝန်းလုံးမှာ သတိပေးချက်တွေထုတ်ပြန်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းထားပါတယ်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကတော့ ဒီငလျင်ဟာ အနက် ၁၉ ဒသမ ၃ ကီလိုမီတာ (၁၂ မိုင်) ပဲရှိတဲ့ ရေတိမ်ငလျင်ဖြစ်ပြီး လူဦးရေ ၁၆၅,၀၀၀ ရှိတဲ့ ပီထရိုပါဗလော့ဗ်စ်-ကမ်ချက်စကီမြို့ရဲ့ အရှေ့တောင်ဘက် ၁၁၉ ကီလိုမီတာ (၇၄ မိုင်) အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ပြောပါတယ်။

အစောပိုင်းမှာ ငလျင်ပြင်းအားကို ၈ ဒသမ ၀ လို့ ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၈ ဒသမ ၈ လို့ တိုးမြှင့်ပြင်ဆင်ခဲ့ပါတယ်။

အင်အား ၆ ဒသမ ၉ အဆင့်ရှိတဲ့ နောက်ဆက်တွဲငလျင်တခု ထပ်လှုပ်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးက မြို့တမြို့ကို ၃၀ စင်တီမီတာ (၁၂ လက်မ) မြင့်တဲ့ ပထမလှိုင်းတွေ ရိုက်ခတ်လာခဲ့ပြီး နောက်ဆက်တွဲလှိုင်းတွေဟာ ပိုကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။

အမေရိကန်အာဏာပိုင်တွေကတော့ အလာစကာနဲ့ ဟာဝိုင်ယီအတွက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီကလည်း သတိပေးချက်အဆင့်ကို မြှင့်တင်လိုက်ပြီး ၃ မီတာ (၁၀ ပေ) အထိ မြင့်တဲ့ ဆူနာမီရေလှိုင်းတွေဟာ ကမ်းရိုးတန်းဒေသတွေကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အစိုးရက ဒေသတချို့အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရေးအမိန့်တွေ ထုတ်ပြန်ထားတယ်လို့ NHK ရုပ်သံလိုင်းက ဖော်ပြပါတယ်။

အမေရိကန် ဆူနာမီသတိပေးစနစ်ကလည်း လာမယ့် ၃ နာရီအတွင်း “အန္တရာယ်ရှိတဲ့ ဆူနာမီရေလှိုင်းတွေ” ဝင်ရောက်လာနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနဲ့ အီကွေဒေါနိုင်ငံတွေရဲ့ ကမ်းရိုးတန်းတချို့မှာ ရေလှိုင်းအမြင့် ၃ မီတာကျော်အထိ ဖြစ်နိုင်ပြီး ဂျပန်၊ ဟာဝိုင်ယီ၊ ချီလီနဲ့ ဆော်လမွန်ကျွန်းစုတွေမှာတော့ ၁ မီတာကနေ ၃ မီတာအထိ မြင့်တဲ့ ရေလှိုင်းတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းဒေသအများစု၊ အမေရိကန်အနောက်ဘက်ကမ်းခြေ အပါအဝင် နေရာတွေမှာတော့ အဲဒီထက်နိမ့်တဲ့ ရေလှိုင်းတွေ ဖြစ်နိုင်ပါတယ်။

ဟာဝိုင်ယီမှာတော့ ကမ်းရိုးတန်းဒေသတချို့ကနေ လူတွေကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားသိပ္ပံအကယ်ဒမီကတော့ ဒီငလျင်ဟာ ၁၉၅၂ ခုနှစ်နောက်ပိုင်း ဒီဒေသမှာ လှုပ်ခတ်ခဲ့သမျှထဲမှာ အပြင်းထန်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကမ်ချတ်ကာနဲ့ ရုရှားအရှေ့ဖျားဒေသဟာ ပစိဖိတ်မီးကွင်းပေါ်မှာ တည်ရှိပြီး ဒီဒေသဟာ ငလျင်ကြီးတွေနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ ဒေသတခု ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013