
အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်နေချိန်မှာပဲ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုပြီး ပြောနေတာဟာ တောင်ကိုရီးယားနိုင်ငံနဲ့ သမ္မတ အီဂျယ်မြောင် တို့ဟာ စကားနဲ့ အပြုအမူ မကိုက်ညီတဲ့ အကျင့်စရိုက်မျိုး ရှိနေတာပဲ လို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမ ဂင်မ်ယိုးဂျုံက ပြောကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဩဂုတ် ၂၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
“အခုအချိန်မှာ မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ အမေရိကန်-တောင်ကိုရီးယား ကျူးကျော်စစ် စစ်ရေးလေ့ကျင့်မှုကို မဆင်မခြင် ပြုလုပ်နေပြီးတော့ အီဂျယ်မြောင် အစိုးရက သူ့ရှေ့က အစဉ်အဆက်တွေ ပြောခဲ့သလိုပဲ ‘ခံစစ်လေ့ကျင့်ခန်း' ဆိုပြီး ကြက်တူရွေး စာရွတ်သလို ရွတ်ဖတ်နေတာဟာ ဆိုးလ်အာဏာပိုင်တွေရဲ့ ဟိုတမျိုး၊ ဒီတမျိုး ၂ ဖက်ခွ စရိုက်နှစ်ခုကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်ပြနေတာပဲ။”
အီဂျယ်မြောင်ဟာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲပေးမယ့်လူလည်းမဟုတ်ဘူးလို့ ဂင်မ်ယိုးဂျုံက ပြောသွားတယ်လို့လည်း KCNA ရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနဲ့ သူ့မဟာမိတ် အမေရိကန်တို့ဟာ ဒီသီတင်းပတ်အတွင်းမှာ မြောက်ကိုရီးယားနျူကလီးယား ခြိမ်းခြောက်မှုကို အဆင့်မြှင့်တုံ့ပြန်ရေး စမ်းသပ်ခြင်း အပါအဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ခဲ့တာပါ။
ဖြောင်းယန်း (ပြုံယမ်း) ဟာ အဲဒီစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်စစ်အတွက် အစမ်းလေ့ကျင့်မှုအဖြစ် မကြာခဏ ဝေဖန်လေ့ရှိပြီး တခါတရံမှာ လက်နက်စမ်းသပ်မှုတွေနဲ့ တုံ့ပြန်လေ့ရှိပေမဲ့ ဆိုးလ်နဲ့ ဝါရှင်တန် တို့ကတော့ ခုခံကာကွယ်မှု လေ့ကျင့်ရေးသက်သက် ဖြစ်တယ်လို့ ဆိုပါတယ်။
အီဂျယ်မြောင် အစိုးရဟာ ဇွန်လမှာ အာဏာ စယူလာကတည်းက ၁၉၅၀ - ၁၉၅၃ ပဋိပက္ခအပြီး လုပ်ထုံးလုပ်နည်းအရ စစ်ဆက်ဖြစ်ပွားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေအကြားက ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပြီး တောင်ပိုင်းရဲ့ လစ်ဘရယ်သမ္မတက ကမ်းလှမ်းထားတဲ့ အဆိုပြုချက်တွေကို ပယ်ချခဲ့ကြောင်း မြောက်ကိုရီးယား ထိပ်တန်းအရာရှိတွေကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက အစီရင်ခံခဲ့ပါတယ်။
Source: Reuters