
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အတွင်း လျှပ်စစ်စက်ဘီး E-bike စီးလို့ရမယ့် အချိန်နဲ့ နေရာကို ထိုင်းစည်ပင်သာယာရေးဌာနက သြဂုတ် ၁၉ ရက် ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
လျှပ်စစ်စက်ဘီး E-bike စီးရမယ့် နေရာနဲ့ အချိန်ကိုပါ တပါတည်း ထိုင်းအာဏာပိုင်က ကြေညာချက် ထုတ်ပြန်တာလို့ မဲဆောက်မြို့နေ မြန်မာတွေက ပြောပါတယ်။
ထိုင်းအာဏာပိုင်နဲ့နီးစပ်တဲ့ မြန်မာအမျိုးသား တယောက်က “ဒီနေ့ ထုတ်ပြန်ကြေညာတဲ့အတိုင်း လိုက်နာပြီး စီးရင်တော့ အဖမ်းမခံရဘူးပေါ့။ မဲဆောက်မြို့မှာက မြန်မာနိုင်ငံသားအများစု ရောက်ရှိ နေထိုင်နေကြတာဖြစ်ပြီး အများစုက လျှပ်စစ်စက်ဘီး E-bike အဖမ်းအဆီးတွေ များနေပြီး မစီးရဘူးဆိုတော့ အခက်တွေ့နေကြရပြီး ခုလိုလေး သတ်မှတ်ပေးတော့ တော်သေးတာပေါ့”လို့ ပြောပါတယ်။
ထိုင်းစည်ပင်ဌာနက ထုတ်ပြန်တာကတော့ မဲဆောက်မြို့အတွင်း E-bike မစီးရမယ့် နေရာတွေကတော့ မိန်းလမ်းတွေဖြစ်တဲ့ (၁) မဲဆောက်အဝင် အဝိုင်းကြီးမှ အမှတ် ၁ တံတားထိ၊ (၂) ထစ်စပန်းမှ မယ်လမထိ၊ (၃) ကာဖီဘန်းမှ အမိုးစိမ်း လမ်းသစ်ထိ၊ (၄) အန်ဖိုတစ်ဝိုက် ထိုင်းစာသင်ကျောင်းများ၊ (၅) ကျောင်းဆင်းချိန် ညနေ ၃ နာရီမှ ၅ နာရီအထိ၊ (၆) မဲဆောက် ဆေးရုံ ညနေ ၃ နာရီမှ ၅ နာရီထိလို့ ဆိုပါတယ်။
မဲဆောက်မြို့နယ်ထဲမှာ ယာဥ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက လျှပ်စစ်စက်ဘီး E-bike တွေ စီးရင် ဖမ်းဆီးတာတွေနဲ့ ဒဏ်ရိုက်တာတွေကို ပြုလုပ်ခဲ့တာပါ။