ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂)ကို သြဂုတ် ၁၈ ရက် ဒီနေ့ မနက်ပိုင်းက စတင်ကာ ကားတွေ ဖြတ်သန်းသွားလာခွင့်နဲ့ ကုန်စည်တွေ တင်သွင်းခွင့်ကို ယာယီပိတ်ထားလိုက်ပါတယ်။
မြန်မာ စစ်ကောင်စီ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ယာယီပိတ်ထားလိုက်တာလို့ မြဝတီ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။
လတ်တလော စစ်ကောင်စီက မြန်မာပြည်တွင်းသို့ သွင်းကုန်ပစ္စည်းတွေအများအပြား ကန့်သတ် တင်းကျပ်လိုက်ပြီး တရားမဝင်ကုန်စည်တင်သွင်းမှု အဖမ်းအဆီးတွေ များနေတာကြောင့် မြန်မာ-ထိုင်းနယ်စပ်အပါအဝင် နယ်စပ်ကုန်သွယ်ရေးထိခိုက် ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။
မဲဆောက်မြို့ နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးတံတားအနီးမှာ မြန်မာဘက်ကိုသွားမယ့် ထိုင်း ကုန်စည်တင်ကားတွေ ရာနဲ့ချီ ပိတ်မိရပ်တန့်ထားရတာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေတဲ့အတွက် ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ် ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။