
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို ပြည်တွင်းက စက်သုံးဆီတွေ ပို့ဆောင်ခွင့် ရပ်ဆိုင်းလိုက်တဲ့အတွက် မြို့ပေါ်မှာ ဒုတိယအကြိမ်အဖြစ် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပွားနေတယ်လို့ မြဝတီမြို့ခံတွေဆီက သိရပါတယ်။
စက်သုံးဆီပြတ်လပ်မှုကြောင့် စက်သုံးဆီအရောင်းဆိုင်တွေမှာ ကား၊ ဆိုင်ကယ်တွေ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရတယ်လို့ ဆိုပါတယ်။
မြဝတီမြို့ခံတယောက်က “သြဂုတ်လ ၁၃ ရက်ကတည်းက ဆီဆိုင်တချို့က ဆီမရှိလို့ ပိတ်ထားကြပြီး ဆီရှိတဲ့ဆိုင်တွေမှာတော့ လူတွေ တိုးကြိတ်ပြီး လက်ရှိ မြဝတီမြို့ စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီ ၅ ဂါလန်တပုံးကို ကျပ် ၄၅,၀၀၀ နဲ့ ရောင်းဝယ်နေကြတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၁၄ ရက် နေ့လယ်ပိုင်းမှာ မြဝတီမြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင် အားလုံးနီးပါး စက်သုံးဆီကုန်သွားတဲ့အတွက် အရောင်းပိတ်သွားကြပြီး စက်သုံးဆီပြတ်လပ်လို့ မြို့ခံတချို့မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက် သွားရောက်ဝယ်ယူနေကြရာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နှစ်စင်းလုံး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
အွန်လိုင်း ငွေလိမ်လုပ်ငန်း ကျားဖြန့်နဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၅ ရက်က မြန်မာဘက်ကို စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်း တင်ပို့မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် မြဝတီမြို့မှာ ပထမအကြိမ် စက်သုံးဆီပြတ်လပ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။
သြဂုတ် ၁၅ ရက် ဒီနေ့မနက်ပိုင်းမှာလည်း မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက် အခြမ်းမှာ ဆီတက်ဝယ်သူတွေများလို့ အမှတ် ၁ ချစ်ကြည်ရေးတံတားမှာ ယာဥ်ကြောပိတ်ဆို့တာတွေ ဖြစ်နေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။