Home
မြန်မာသတင်း
ထိုင်းနိုင်ငံအလယ်ပိုင်းတွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၅ ဦး ဖမ်းဆီးခံရ
DVB
·
August 13, 2025

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဥထိုင်းဌာနီခရိုင်ထဲမှာ မဲဆောက်ဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၅၅ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့ အတွက် အမှတ် ၆ တိုင်းဒေသရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ လဝကရဲနဲ့ အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက် ညက ဥထိုင်းဌာနီခရိုင်၊ ထပ်ထန့်မြို့နယ်ထဲမှာ ကွင်းဆင်းစစ်ဆေးရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

နယ်မြေထဲစစ်ဆေးစဉ် ခေါင်ခိဖွယ်အုပ်စု ခေါင်နတ်တောင်ခြေတောစပ်မှာ ရပ်နားထားတဲ့ ကား ၃ စီးကို တွေ့ရတယ်၊ တာဝန်ရှိသူတွေက မသင်္ကာလို့ သွားရောက်စစ်ဆေးရာမှာ ယာဉ်မောင်း ၃ ယောက်လုံးကို မတွေ့ရဘဲ ကားပေါ်စီးနင်းလိုက်ပါသူတွေသာ တွေ့ရပါတယ်။

သူတို့တွေဟာ ထိုင်းစကားလည်းနားမလည်၊ အထောက်အထားလည်း မရှိတာကြောင့် ဘာသာပြန်ခေါ်ယူ စစ်ဆေးမေးမြန်းရာမှာ အားလုံး မြန်မာနိုင်ငံသားတွေဖြစ်ပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ မဲဆောက် တောလမ်းဘက်ကနေ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

လမ်းပိုင်းတနေရာမှာ ဒရိုင်ဘာတွေက ကားရပ်ပြီး ထွက်သွားပြီး သူတို့တွေ ကားထဲစောင့်နေစဉ် ခုလို အဖမ်းခံရတာလို့ ဆိုပါတယ်။

သူတို့ထဲမှာ အမျိုးသား ၃၆ ယောက်၊ အမျိုးသမီး ၁၉ ယောက် စုစုပေါင်း ၅၅ ယောက်ပါရှိပြီး လူကုန်ကူးမှုနဲ့ ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးကာ လဝကဥပဒေနဲ့ အရေးယူဖို့ ရဲစခန်းကို ခေါ်ဆောင်သွားတယ်၊ ဆက်လက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ယာဉ်မောင်းတွေကို လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး၊ လုံခြုံရေး အကျပ်အတည်းတွေကြောင့် ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရတာပါ။

ဩဂုတ် ၉ ရက်ကလည်း တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၂ ယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ဩဂုတ် ၈ ရက်ကလည်း ထိုင်းတောင်ပိုင်း ဖတ်ထလုန်းခရိုင်ထဲမှာ မလေးရှားဆက်သွားမယ့် တရားမဝင် မြန်မာ ၂၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

Source: Dailynews / JoChoNews / Thainewsonline.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013