Home
မြန်မာသတင်း
မြဝတီမြို့ အဝင်ဂိတ်တွင် ခရီးသွားများကို တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးနေ
DVB
·
August 10, 2025

ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံဘက်အဝင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီ လက်အောက်ခံရဲနဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ခရီးသွားပြည်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးရှာဖွေလာတယ်လို့ သိရပါတယ်။

သြဂုတ် ၇ ရက်နေ့က မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတား နယ်စပ်ဖြတ်ကျော်ဂိတ်မှာ မြဝတီမြို့ဘက်ကနေ ဝင်ရောက်လာတဲ့ အသက် ၆၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတယောက်ဆီကနေ မူးယစ်ဆေးဝါးတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီးနောက် မြဝတီမြို့ဘက်အခြမ်းမှာ ခရီးသွားတွေကို ပိုပြီးရှာဖွေစစ်ဆေးလာတာလို့ ဆိုပါတယ်။

ခရီးသွားအမျိုးသမီးတယောက်က “မဲဆောက်မြို့မှာ အထက်တန်းကျောင်းတက်နေတဲ့ ကလေးတွေဆီ သွားတာ၊ အသွားတုန်းကတော့ ပုံမှန်စစ်ဆေးတာလောက်ပဲရှိတယ်။ သြဂုတ် ၉ ရက်နေ့က မဲဆောက်ကအပြန် မြဝတီဘက်အခြမ်းမှာရှိတဲ့ ရဲ၊ လဝကနဲ့ အရပ်ဝတ် ဝတ်ထားတဲ့သူတွေက အစစ်အဆေးတွေ ကြမ်းနေတာ၊ ပိုက်ဆံအိတ်တွေကအစ ဖွင့်ခိုင်းပြီး ရှာဖွေစစ်ဆေးနေတာ” လို့ ပြောပါတယ်။

မဲဆောက်မြို့ဘက်အခြမ်းမှာ မူးယစ်ဆေးဝါးတွေမိလို့ သက်ကြီးရွယ်အိုတွေပါ စစ်ဆေးရတာလို့ ပြောကြောင်းနဲ့ ခရီးသွားတွေအနေနဲ့ အစစအရာရာဂရုစိုက်သွားလာစေချင်တယ်လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်ဘက်အခြမ်းကနေ မြန်မာနိုင်ငံဘက် အသွားအပြန်လုပ်တဲ့အခါမှာ အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်ကနေ တရားဝင်လမ်းကြောင်းအဖြစ် သွားလာနေကြရပြီး နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ နှစ်ဖက် တာဝန်ရှိသူတွေရဲ့ စစ်ဆေးတာကို ခံရတာပါ။

မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမြို့အဝင်ဂိတ်ကနေ ခရီးသွားထောက်ခံစာ၊ စမတ်ကတ်နဲ့ ၇ ရက် နေထိုင်ခွင့်တံဆိပ်တုံးထု သွားလာနေရပြီး စမတ်ကတ်ကို စစ်ဆေးရာမှာ CDM ပြုလုပ်ထားခဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စစ်ဆေးတွေ့ရှိ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013