
တရုတ်နယ်စပ်က မြန်မာလုပ်သားတွေကို ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီး ပြန်ပို့နေပြီး ကူးစက်ရောဂါရှိသူတွေကို ရာသက်ပန် တရုတ်ပြည် ဝင်ခွင့်ပိတ်လိုက်ကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။
ရွှေလီရောက် မြန်မာအမျိုးသမီး တယောက်က “ဒီရက်ပိုင်း မြန်မာနိုင်ငံသားတွေကို တော်တော်ပြန်ဖမ်းနေတယ်။ စာအုပ်အဟောင်းရော အသစ်ပါ မရွေးဘူး ဖမ်းနေတယ်။ အပြင်မှာတော့ ရှောင်လို့ရတယ်။ အခန်းထဲထိလာပြီး လာဖမ်းမှာ အရမ်းစိုးရိမ်တယ်” လို့ ပြောပါတယ်။
တရုတ်ဘက် နေထိုင်ဖို့ အထောက်အထား သက်တမ်းလွန်နေပြီဖြစ်လို့ အဖမ်းခံရမှာ စိုးရိမ်နေရကာ တကယ်လို့သာ ဖမ်းမိသွားရင် လွတ်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ဖမ်းဆီး ပြန်ပို့ခံရတဲ့ မြန်မာ မိန်းကလေးတယောက်က “ညီမတို့က ခိုးပေါက်ကနေဝင်လာလို့ အထောက်အထား မရှိလို့ ဖမ်းတာ။ တရုတ်ဘက်က မူဆယ် နယ်စပ်ဂိတ်အထိ လာပို့တယ်။ ပြန်ဝင်လို့ မရဘူး။ နှစ်ချီ တရုတ်ဘက် ဝင်ခွင့် ပိတ်ထားတယ်”လို့ ပြောပါတယ်။
မံစီ ၁၅၆ မှာ လချီ အချုပ်ချပြီးနောက် မူဆယ်ဘက် ပို့ခံရတာဖြစ်ပြီး ဖမ်းမိမိချင်း ရောဂါစစ်ဆေးတာရှိလို့ တရုတ်နိုင်ငံဘက် စစဝင်ချင်းလည်း ရောဂါ ရှိ၊ မရှိ စစ်ပြီး ရောဂါရှိသူတွေဆိုရင် တရုတ်ပြည်ထဲ မထားဘူးလို့ သူက ပြောပါတယ်။
အဖမ်းခံရရင် မြန်မာနိုင်ငံ ပြန်အပို့ခံရတဲ့အပြင် တရုတ်နိုင်ငံအတွင်း ပြည်ဝင်ခွင့် အပိတ်ခံရမှာ ဖြစ်ပြီး တရုတ်နယ်စပ်အတွင်းကနေ မြန်မာနိုင်ငံ မူဆယ်ဘက် ပြန်ပို့ခံနေရသူ မြန်မာနိုင်ငံသားတွေ အများစုကတော့ တရားမဝင်နေထိုင်သူတွေ ဖြစ်တယ်လို့ ရွှေလီမှာ နေထိုင်တဲ့ မြန်မာအမျိုးသားတယောက်က ပြောပါတယ်။
“တရားမဝင် နေထိုင်ပြီး လုပ်ကိုင် စားသောက်နေဆဲမှာ တရုတ်ရဲ ဖမ်းမိပြီး ပြန်ပို့ခံရသူတွေကို ပြည်ဝင်ခွင့် နှစ်ကန့်သတ်ချက်တွေနဲ့ ပိတ်လိုက်တာမျိုး ဖြစ်တယ်။ တချို့ မြန်မာလူငယ်တွေနဲ့ မြန်မာအမျိုးသမီးငယ်တွေကတော့ သူ့တို့ကို သွေးစစ်လိုက်ချိန် ကူးစက်ရောဂါ ကူးစက်ခံထားရလို့ ပြန်ပို့ခံလိုက်ရသူတွေ ဖြစ်တယ်။”
ကူးစက်ရောဂါ ရှိနေကြောင်း တွေ့ရှိသူ မြန်မာနိုင်ငံသားတွေကတော့ တရုတ်နိုင်ငံထဲကို အမြဲတမ်း ပြန်ဝင်လာခွင့်မရှိတဲ့ ပြည်ဝင်ခွင့် အပိတ်ခံလိုက်ရသူတွေ ဖြစ်သွားကြတယ်လို့ သူက ပြောပါတယ်။
မြန်မာလုပ်သားတွေဟာ ပြည်တွင်းမှာ အလုပ်ရှားပါးမှုကြောင့် တရုတ် နယ်စပ်ဘက် အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာကြပေမဲ့ စစ်တပ်ရဲ့ စစ်မှုထမ်း အသက် ကန့်သတ်မှု နဲ့ ကိုက်ညီမှုရှိသူတွေကို နယ်စပ် ယာယီဖြတ်သန်းခွင့်ကတ်လည်း မထုတ်ပေးသလို မူဆယ်ခရိုင် အိမ်ထောင်စုမရှိသူတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီလည်း ပြုလုပ်မပေးတာကြောင့် တချို့ မြန်မာလုပ်သားတွေက ခိုးပေါက်ကနေ တရုတ်ဘက် ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။