
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ရည်းစားဖြစ်သူကို ဓားနဲ့ထိုးပြီး ဘတ်ငွေ ၄,၀၀၀ ပါ လုယူသွားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ကို ထိုင်းရဲတွေက ဩဂုတ် ၁၄ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
အသက် ၂၂ နှစ်ရွယ် စိုင်းနော် ဆိုသူ မြန်မာလုပ်သားဟာ ဩဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ဆီဖုမ်းရပ်ကွက်ရှိ အဆောင်တခုမှာ ငှားနေတဲ့ အသက် ၁၉ နှစ်အရွယ် ရည်းစားဟောင်းဖြစ်သူထံ သွားရောက်ခဲ့တယ်၊ မိန်းကလေးက စိတ်ကောက်နေလို့ သွားပြန်ချော့ရာမှာ မအောင်မြင်တဲ့အပြင် ချစ်သူသစ်ရနေပြီလို့ ပြောတာကြောင့် စိတ်ဆိုးပြီး ဓားနဲ့ထိုးခဲ့တာလို့ ဝန်ခံထားကြောင်း တာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။
အဲဒီနေ့က ဆီဖုမ်းရပ်ကွက် တိုက်ခန်းတခုမှာ မိန်းကလေးတယောက် ဓားထိုးခံရကြောင်း တိုင်ကြားချက်ရလို့ သွားရောက်စစ်ဆေးခဲ့တယ်၊ အခင်းဖြစ်တဲ့နေရာမှာ မိန်းကလေးဟာ ဘယ်ဘက်လက်မောင်းမှာ ဓားထိုးရာအပြင် မျက်နှာနဲ့ ဦးခေါင်းမှာလည်း ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာရှိတယ်၊ ဒါ့အပြင် ဘတ်ငွေ ၄,၀၀၀ ပါ အလုခံရပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ သိရတာကြောင့် ဒဏ်ရာရသူကို ဆေးရုံပို့ပြီး ကျူးလွန်သူကို လိုက်လံစုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက စီစီတီဗီကင်မရာဖွင့်ပြီး ကျူးလွန်သူ ထွက်ပြေးရာနောက် လိုက်လံစုံစမ်းကာ ဩဂုတ် ၁၄ ရက် မနေ့ညနေ ၆ နာရီလောက်က သူနေထိုင်ရာ ဆန်ပါတောင်းမြို့နယ် ဆန်ကလန်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ ဖမ်းမိခဲ့ပါတယ်။
ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဟွန်ဒါဆိုင်ကယ်တစီး၊ အဲဒီနေ့က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစား တွေ့ရှိပြီး လုယူသွားတဲ့ ငွေ ၄,၀၀၀ ကတော့ ဘတ် ၂,၅၀၀ သာ ကျန်တော့တယ်လို့ ဆိုပါတယ်။
ရဲစခန်းက စိုင်းနော်ကို လုယက်မှု၊ လက်နက်မှု၊ တပါးသူ နာကျင်ဒဏ်ရာရအောင် အကြမ်းဖက်မှု၊ အများဆိုင်နေရာမှာ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
Source: Chiangmai News