
ကမ္ဘာ့ပထမဆုံး လူသားပုံစံ စက်ရုပ်တွေရဲ့ အားကစားပြိုင်ပွဲကို ပေကျင်းမြို့တော်မှာ ဩဂုတ် ၁၅ ရက်က ၁၇ ရက်အထိ ကျင်းပနေပါတယ်။
ဩဂုတ် ၁၄ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားအတွင်း လူပုံစံစက်ရုပ်တွေဟာ ကပြဖျော်ဖြေတာနဲ့ ကိုယ်ခံပညာ သရုပ်ပြတာမျိုး အပါအဝင် ဂစ်တာ၊ ကီးဘုတ်နဲ့ ဒရမ်တွေပါ တီးခတ်ရင်း သရုပ်ပြခဲ့ကြပါတယ်။
“စက်ရုပ်အိုလံပစ်” ဆိုတဲ့ ဒီပြိုင်ပွဲမှာ အမေရိကန်၊ ဂျာမနီနဲ့ ဂျပန် အပါအဝင် ကမ္ဘာ့ ၁၆ နိုင်ငံရဲ့ အသင်းပေါင်း ၂၈၀ ဟာ ပါဝင်ယှဉ်ပြိုင်လျက် ရှိပါတယ်။
အဲဒီထဲမှာ ပါဝင်တဲ့ လူပုံစံစက်ရုပ် ၅၀၀ ကျော်ကလည်း အပြေးပြိုင်တာ၊ ဘောလုံးကန်တာနဲ့ လက်ဝှေ့ထိုးတာ စတဲ့ အားကစားနည်းမျိုးစုံကို လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။
ဒါဟာ လက်ရှိ စက်ရုပ်နည်းပညာတွေကို စမ်းသပ်လေ့ကျင့်နိုင်ဖို့နဲ့ ပိုမိုကောင်းအောင် ပြုပြင်မွမ်းမံဖို့အတွက် ရည်ရွယ်တာဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ပြောပြပါတယ်။
ဒီလိုမျိုး အားကစားပြိုင်ပွဲတွေက စက်ရုပ်တွေရဲ့ ဆုံးဖြတ်နိုင်စွမ်း၊ လှုပ်ရှားမှုစွမ်းရည်နဲ့ ထိန်းချုပ်စနစ်တွေကိုပါ စမ်းသပ်ပေးနိုင်ပြီး ဒါဟာ နေအိမ်တွေနဲ့ စက်ရုံလိုမျိုး လက်တွေ့အခြေအနေမှာ တကယ်အသုံးချနိုင်ဖို့ပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာ တရုတ်နိုင်ငံဟာ လူသားပုံစံ စက်ရုပ်နည်းပညာရဲ့ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်လာဖို့ အားထုတ်ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၇ မတိုင်ခင် ကမ္ဘာ့အဆင့်မီ လူပုံစံစက်ရုပ်လုပ်ငန်း တည်ဆောက်နိုင်ဖို့ရာ ပေကျင်းအစိုးရက နိုင်ငံတော်အဆင့် အစီအမံတခုကို ချမှတ်ထားပါတယ်။
ဒါကြောင့်ပဲ စက်ရုပ်နည်းပညာကဏ္ဍဟာ ပြီးခဲ့တဲ့နှစ်အတွင်း အစိုးရထောက်ပံ့ကြေးအဖြစ် ဒေါ်လာ ၂၀ ဘီလီယံထက်မနည်း ရရှိခဲ့ပါတယ်။
ဒါ့အပြင် AI နဲ့ စက်ရုပ်နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒေါ်လာ ၁၃၇ ဘီလီယံအထိ ရန်ပုံငွေထူထောင်ပေးဖို့ ပေကျင်းအစိုးရက စီစဉ်လျက်ရှိပါတယ်။
၃ ရက်တာ ကျင်းပသွားမယ့် စက်ရုပ်အားကစားပြိုင်ပွဲရဲ့ လက်မှတ်စျေးနှုန်းကိုတော့ ၂၅ ဒေါ်လာကနေ ဒေါ်လာ ၈၀ အထိရှိကြောင်း ဖော်ပြထားပါတယ်။
Source: Reuters