
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်သုံးဆီပြတ်လပ်နေလို့ တလီတာကို ကျပ် ၁၀၀၀၀ အထိ ဈေးကြီးပေး ဝယ်နေရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဘားအံမြို့မှာ တရားမဝင်ကုန်စည်တွေ ဖမ်းဆီးမှုနဲ့အတူ ဘားအံကနေ မြဝတီမြို့ဘက်ကို ပို့ဆောင်မယ့် စက်သုံးဆီကားတွေကိုပါ ပိတ်ဆို့ဖမ်းဆီးနေတဲ့အတွက် မြဝတီမြို့ထဲမှာ စက်သုံးဆီဈေး မြင့်တက်ပြီး ဝယ်ယူရခက်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၁၄ ရက်ကစလို့ မြဝတီမြို့က စက်သုံးဆီဆိုင်တွေမှာ အချိန်အကန့်အသတ်နဲ့သာ ရောင်းချပေးတော့တယ်လို့ သိရပါတယ်။
စက်သုံးဆီကို လိုသလောက် ဝယ်ယူမရတော့တဲ့အတွက် မြဝတီမြို့ခံတွေဟာ တဆင့် ဝယ်ယူ ရောင်းချသူတွေဆီကနေ ဈေးကြီးပေးဝယ်နေရတယ်လို့ ဆိုပါတယ်။
မြဝတီမြို့ခံ ပြည်သူတယောက်က “တပုံးဆိုရင် ၂၀,၀၀၀၊ ၃၀,၀၀၀ လောက်တော့ ကွာတယ်။ တချို့က လိုင်းပေါ်က ရောင်းတယ်၊ တချို့ကျတော့လည်း ရပ်ကွက် အဆက်အစပ်နဲ့ပဲ ဝယ်ကြတာများတယ်။ အခုတခေါက်ကတော့ အရင်တခေါက်လောက် မဆိုးဘူး။ အရင်တခေါက်ကဆို ဆီမရဘူးဆိုတည်းက အမှတ် ၁ တံတားထိပ်မှာ တန်းစီပြီးတော့ တော်တော်ရှည်တယ်၊ အဲလိုမျိုး တန်းစီရတာ၊ ဟိုဘက်ကမ်းကို ဝင်ဖို့အတွက်လေ။ ဒီတခေါက်ကျတော့ အဲလောက်ကြီး တန်းစီရတာ မတွေ့ဘူး။ ဆိုင်တွေကလည်း အချိန်နဲ့ပေးတယ်လေ၊ ဥပမာ မနက်ပိုင်းဆို ၂ နာရီလောက်ပေးပြီးရင် ပိတ်လိုက်တာ” လို့ ပြောပါတယ်။
အရင်က မြဝတီမြို့မှာ စက်သုံးဆီ တလီတာကို ကျပ် ၃,၅၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာက ဆီဆိုင်တွေက အကန့်အသတ်နဲ့သာ စတင်ရောင်းချထားတဲ့ ဩဂုတ် ၁၄ ရက်ကစလို့ ဆီတလီတာကို ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ ကျပ်နီးပါးအထိ ပေးဝယ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတွေဟာ မဲဆောက်မြို့မှာ ဆီသွားဖြည့်ပြီး ပြန်ရောင်းချတာတွေ လုပ်တဲ့အတွက် အမှတ် ၁ ချစ်ကြည်ရေးတံတားဂိတ်မှာလည်း ကားတွေတန်းစီပြီး စောင့်ဆိုင်းနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြဝတီမြို့ခံ ပြည်သူတယောက်က “ဆီတွေလည်း ဝယ်ရခက်နေတယ်၊ အခုက လောလောဆယ် မြန်မာဘက်ခြမ်းကို ကုန်ကားတွေ ဝင်ခွင့်ပိတ်လိုက်ပြီ။ တံတား ၁ မဟုတ်ဘူးနော်၊ တံတား ၂။ ဆီကတော့ မြဝတီမှာက သိတဲ့အတိုင်းပဲလေ၊ မဲဆောက်ဘက်ဝင်ပြီး ဖြည့်တယ်၊ တချို့လူတွေကတော့ တခေါက် ၂ ခေါက် ဝင်ပြီး ရောင်းတာပေါ့ကွယ်။ ဈေးတွေကတော့ သိတဲ့အတိုင်းပဲလေ၊ ပုံမှန်မရှိဘူးလေ။ ကိုယ်ရောင်းရင် ကိုယ့်ပါးစပ်ထဲမှာပဲ ရှိတယ်။ သူရောင်းရင် သူ့ပါးစပ်ထဲမှာ ရှိတယ်။ ပုံမှန်မှမရှိတော့တာ။ ရှင်းရှင်းပြောရရင် လူတိုင်းကတော့ လိုတာပေါ့နော်။ ဒါပေမဲ့ မဲဆောက်ဘက်ကို တခေါက်သွားတဲ့သူ ရှိတယ်၊ ၂ ခေါက် ၃ ခေါက် သွားတဲ့သူရှိတယ်။ အဲဒီလိုမျိုး အပြည့်ဖြည့်ပြီးတော့ ပြန်ရောင်းကြတာဆိုတော့ ဘယ်ဈေး ဘယ်ဈေး ဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ မူတည်တယ်၊ အဲလိုမျိုးလုပ်ကြတာပေါ့ အများအားဖြင့်” လို့ ပြောပါတယ်။
ထိုင်း-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီမြို့က အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ကို စစ်ကောင်စီက ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ပိတ်ပင်လိုက်တဲ့အတွက် ကုန်တင်ကားအစီး ထောင်နဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။
သီရိ