
စက်သုံးဆီကို ဂါလံပုံးတွေနဲ့ သယ်ဆောင်လာတဲ့ကားတွေကို ဘားအံစစ်ဆေးရေးဂိတ်ကနေ စစ်ဆေးအရေးယူနေတယ်လို့ အဲဒီလမ်းပိုင်းမှာ ပုံမှန်သွားလာနေသူတွေဆီက သိရပါတယ်။
သြဂုတ် ၁၄ ရက်ကစပြီး မြဝတီမြို့ကို စက်သုံးဆီဖြန့်ဖြူးရောင်းချတာကို စစ်တပ်က ပိတ်လိုက်ပြီးနောက် တခြားနည်းလမ်းနဲ့ စက်သုံးဆီသယ်ဆောင်တာတွေပါ မလုပ်နိုင်အောင် ပိတ်ဆို့လာတာတယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။
အဲဒီလမ်းပိုင်းကို ပုံမှန်သွားလာနေသူတယောက်က “ဒီနေ့စီးလာတဲ့ အဝေးပြေးကားက ဆယ်ဂါလံပုံးတွေနဲ့ စက်သုံးဆီထည့်သယ်လာလို့ ဘားအံဂိတ်မှာ အဖမ်းခံရတယ်။ တခြားကားတွေကိုလည်း တောက်လျှောက်ကို တင်းတင်းကျပ်ကျပ်စစ်တာတွေ့တယ်” လို့ ပြောပါတယ်။
မြဝတီမြို့က စက်သုံးဆီဆိုင်တွေမှာ သြဂုတ် ၁၄ ရက်ကတည်းက ဆီပြတ်လပ်တာတွေဖြစ်နေလို့ စက်သုံးဆီလိုအပ်သူတွေဟာ ဘားအံမြို့အထိဆင်းပြီး ဝယ်ယူနေရတဲ့အခြေအနေအထိ ရှိနေတာလို့ ယာဉ်မောင်းတချို့က ဆိုပါတယ်။
စက်သုံးဆီလိုအပ်ချက်များနေတာကြောင့် ဘားအံမြို့မှာတင် မှောင်ခိုစျေးကွက် ကျယ်ပြန့်လာသလို တခြားမြို့တွေကနေ ပုံစံအမျိုးမျိုးနဲ့သယ်ဆောင်ရောင်းချတာတွေပါရှိတယ်လို့ ခရီးသည်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
“ဘားအံမြို့မှာကို စက်သုံးဆီဝယ်ရခက်တာ ရက်ပိုင်းလောက်ရှိနေပြီ။ အခုက ဆီဘောက်ဆာကားကလွဲရင် ဘယ်ကားမှ ဆီအပိုသယ်မရဘူး။ အဲဒါကိုပဲအသေစစ်နေတာ။ လောလောဆယ်တော့ တွေ့ရင်သိမ်းတယ်၊ ငွေညှစ်တယ်”
စစ်တပ်ဟာ စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့ မြို့ဝတီမြို့နဲ့ ဆက်စပ်နေရာတွေက တော်လှန်ရေးအင်အားစုတွေကို ပစ်မှတ်ထားပြီး စက်သုံးဆီဖြတ်တောက်လာတာဖြစ်တယ်လို့ စစ်ရေးနဲ့နီးစပ်သူတွေက ဆိုပါတယ်။