Home
နိုင်ငံတကာ
ခရိုင်းမီးယားကို စွန့်ပြီး နေတိုးအဖွဲ့ မဝင်လျှင် ဇလန်းစကီး စစ်ပွဲ ချက်ချင်းရပ်နိုင်ပြီဟု ထရမ့်ပ် ပြော
DVB
·
August 18, 2025
Photo: Brian Snyder/Reuters

ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ပြီးတော့ NATO အဖွဲ့ထဲ မဝင်ဘူးလို့ ကတိပေးမယ်ဆိုရင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး အနေနဲ့ စစ်ပွဲကို ချက်ချင်းရပ်လို့ရပြီလို့  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းအရေးအတွက် ဗိုလိုဒီမာ ဇလန်းစကီးနဲ့အတူ ဥရောပခေါင်းဆောင်တွေ အိမ်ဖြူတော်ကို လာရောက်မဆွေးနွေးမီမှာ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

“ယူကရိန်းသမ္မတ ဇလန်းစကီး အနေနဲ့ စစ်ပွဲကို ချက်ချင်း အဆုံးသတ်နိုင်ပါတယ်။ သူ ဆန္ဒရှိရင်ပေါ့၊ ဒါမှမဟုတ်လည်း ဆက်ချလို့ရပါတယ်။ ဘယ်လို စတင်ရမလဲဆိုတာ မှတ်ထားပါ။ (လွန်ခဲ့တဲ့ ၁၂ နှစ်က၊ သေနတ်တချက်မဖောက်ရဘဲ) အိုဘားမား ပေးခဲ့တဲ့ ခရိုင်းမီးယားကို ပြန်မယူပါနဲ့။ ယူကရိန်း NATO ထဲ မဝင်ပါနဲ့။ တချို့အရာတွေက ဘယ်တော့မှ ပြောင်းလဲလို့မရဘူး” လို့ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။

ထရမ့်ပ် ချပြတဲ့ အချက် ၂ ချက်ဟာ စစ်ပွဲအဆုံးသတ်ဖို့  ရုရှားသမ္မတ ဗလာဒီမာပူတင် တောင်းဆိုတဲ့ အချက်တွေထဲက ၂ ခုပဲလို့ ယူဆရပါတယ်။

အမေရိကန်စံတော်ချိန်အရ ဩဂုတ် ၁၈ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစည်းအဝေးဟာ ပူတင်ချပြတဲ့ သတ်မှတ်ချက်တွေကို ယူကရိန်းခေါင်းဆောင် လက်ခံဖို့ ဖိအားပေးတဲ့ အစည်းအဝေးမျိုး ဖြစ်လာမှာကို ဥရောပခေါင်းဆောင်တွေက ပူပန်နေကြပါတယ်။

ပြီးခဲ့တဲ့အပတ်က အလာစကာမှာ လုပ်ခဲ့တဲ့ ထရမ့်ပ်နဲ့ ပူတင် အစည်းအဝေးမှာ ရုရှားဘက်ကရော ဘာအလျှော့ပေးသလဲ ဆိုတဲ့အချက်ကို ပိုသိရှိနိုင်ဖို့ ဥရောပက မျှော်လင့်ထားပါတယ်။

နောက်ပိုင်း ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ကို အမေရိကန်က ဘယ်လိုပေးမှာလဲဆိုတဲ့ အချက်က အဓိကကျနေပါတယ်။

ဇလန်းစကီးနဲ့အတူ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ဖင်လန် ခေါင်းဆောင်တွေ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌနဲ့ NATO အတွင်းရေးမှူးချုပ်တို့ အိမ်ဖြူတော်ကို သွားရောက်မှာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013