
ရုရှားနိုင်ငံ ရီဇန်ဒေသက စက်ရုံတရုံမှာ ပေါက်ကွဲမှုကြောင့် လူ ၁၁ ယောက် သေဆုံးပြီး ၁၃၀ ဒဏ်ရာရခဲ့တယ်လို့ ရုရှား အရေးပေါ် ဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်မှာ ပြောပါတယ်။
သြဂုတ် ၁၅ ရက်က မြို့တော်မော်စကိုရဲ့ အရှေ့တောင်ဘက် (၁၉၈ မိုင်) အကွာက ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားမှာ ဆက်ရှာနေတယ်လို့ တယ်လီဂရမ်ပေါ်က သတင်းထုတ်ပြန်ချက်ထဲမှာ ဝန်ကြီးဌာနက ပြောပါတယ်။
အပျက်အစီးအပိုင်းအစတွေကို အရေးပေါ် ကယ်ဆယ်ရေးသမားတွေက ဖယ်ရှားပြီး ဒဏ်ရာ ရသူတွေကို ထမ်းစင်ပေါ်တင်ရင်း လူနာတင်ယာဉ်တွေပေါ် သယ်သွားပုံကို ဗီဒီယိုတွေမှာ ပြထားပါတယ်။
ဗီဒီယိုထဲက အဆောက်အဦတွေနဲ့ သစ်ပင်တွေရဲ့ ပုံသဏ္ဌာန်နဲ့ ဧရိယာရဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ရက်စွဲကို ရုရှား အရေးပေါ် ဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်အရ အတည်ပြုခဲ့ပါတယ်။
စက်ရုံထဲက အလုပ်ရုံတခုအတွင်း မီးလောင်ခဲ့တယ်လို့ ရီဇန်ဒေသ အုပ်ချုပ်ရေးမှူး ပါဗယ် မယ်လ်ကို့ဗ်က သြဂုတ် ၁၅ ရက်မှာ ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးသလို စက်ရုံက ဘာတွေ ထုတ်လုပ်နေခဲ့တာလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ယူကရိန်းဒရုန်းတွေဟာ အရင်က ရီဇန်ဒေသမှာရှိတဲ့ စစ်ရေးနဲ့ စီးပွားရေးအခြေခံ အဆောက်အအုံ တွေကို ပစ်မှတ်ထားခဲ့ဖူးပါတယ်။
ရုရှားမီဒီယာတချို့မှာတော့ ယမ်းမှုန့်တွေ လောင်ကျွမ်းတာကြောင့် ပေါက်ကွဲမှု ဖြစ်တာလို့ ဖော်ပြခဲ့ပါတယ်။
Source: Reuters