Home
ဆောင်းပါး
ကမ္ဘာကို ပုံဖော်ခဲ့တဲ့ အမေရိကန်-ဆိုဗီယက်/ရုရှား ထိပ်သီးဆွေးနွေးပွဲများ
DVB
·
August 15, 2025

ပြီးခဲ့တဲ့ အနှစ် ၈၀ ကျော်အတွင်းမှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတတွေနဲ့ ဆိုဗီယက်ခေါင်းဆောင်တွေ၊ နောင်မှာ ရုရှားသမ္မတတွေရဲ့ ထိပ်သီးဆွေးနွေးပွဲအများစုဟာ နိုင်ငံတွေရဲ့ ကံကြမ္မာကို ပြောင်းလဲသွားစေနိုင်တဲ့ သမိုင်းပြောင်းအခိုက်အတန့်တွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမှုတွေမှာ သူတို့တွေက ကမ္ဘာ့နယ်နိမိတ်တွေကို ပိုင်းခြားခဲ့ကြတယ်၊ ကာယကံရှင်တွေ ကျေနပ်တာ၊ မကျေနပ်တာကတော့ တပိုင်းပေါ့။

စစ်ပွဲတွေကို အဆုံးသတ်ခဲ့ကြတယ်၊ နောက်ဆက်တွဲ စစ်အေးကာလ၊ လက်ဝေခံစစ်ပွဲတွေနဲ့ မမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ခဲ့တာ တပိုင်းပေါ့။

နျူကလီးယား ကပ်ဆိုးကြီးကနေ ရှောင်လွှဲနိုင်ခဲ့ကြတယ်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို မျက်ကွယ်ပြုပြီး လက်နက်နည်းပညာ အားပြိုင်နေကြတာကတော့ တကဏ္ဍပေါ့။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်နယ်ထရမ့်ပ်နဲ့ ဗလာဒီမာပူတင်တို့ ဩဂုတ်လ ၁၅ ရက်နေ့ အလာစကာမှာ တွေ့ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအခိုက်အတန့်ရဲ့ အရေးပါမှုကို နားလည်အောင်၊ ကျနော်တို့ အစကို ပြန်သွားကြည့်ကြပါမယ်။

ဒုတိယကမ္ဘာစစ်ပြာပုံထဲကနေ ဒီကနေ့ခေတ် ဥရောပမှာဖြစ်နေတဲ့ စစ်ပွဲအထိ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့၊ ထာဝရပြောင်းလဲသွားစေနိုင်တဲ့ ထိပ်သီးဆွေးနွေးပွဲတွေရဲ့ ဇာတ်လမ်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အပိုင်း ၁ - ကြီးသုံးကြီးနဲ့ ယော်လ်တာ အပေးအယူ

ဇာတ်လမ်းက စစ်ကာလမှာ စတင်ခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် တီဟီရန်မြို့မှာ အဲဒီခေတ်က ကြီးသုံးကြီးလို့ ထင်ရှားတဲ့ ခေါင်းဆောင်သုံးဦး တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဖရန်ကလင် ဒီလာနိုရုစဗဲ့၊ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်ဖ် စတာလင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီတို့ဟာ နာဇီဂျာမနီကို အနိုင်တိုက်ဖို့အတွက် ပူးပေါင်းကြံစည်ခဲ့ကြပါတယ်။ D-Day အတွက် သဘောတူခဲ့ပြီး ဂျပန်ကိုတိုက်တဲ့စစ်ပွဲမှာ ပါဝင်ဖို့လည်း စတာလင်က ကတိပေးခဲ့ပါတယ်။

နှစ်နှစ်အကြာ၊ ဥရောပမှာ အောင်ပွဲခံဖို့ နီးကပ်လာတဲ့အချိန်မှာ သူတို့တွေ ခရိုင်းမီးယားကျွန်းဆွယ်က အပန်းဖြေစခန်းမြို့လေး ယော်လ်တာမှာ ထပ်တွေ့ခဲ့ကြပါတယ်။ ဒီနေရာမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ စစ်ပြီးခေတ်ကမ္ဘာကို ပိုင်းခြားသတ်မှတ်ခဲ့ပါတယ်။ ဂျာမနီကို သိမ်းပိုက်နယ်မြေတွေအဖြစ် ခွဲဝေဖို့ သဘောတူခဲ့ပြီး ကုလသမဂ္ဂအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အရှေ့ဥရောပမှာ “လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ” ကျင်းပပေးမယ်ဆိုတဲ့ စတာလင်ရဲ့ကတိဟာ အနောက်နိုင်ငံတွေက ဆိုဗီယက်ရဲ့ “သြဇာလွှမ်းမိုးမှု ဧရိယာ” ကို လက်ခံရမယ်ဆိုတဲ့ အပေးအယူကနေ ပေါ်ပေါက်လာခဲ့တာပါ။ အများအတွက်တော့ ယော်လ်တာဆွေးနွေးပွဲဟာ သစ္စာဖောက်မှုရဲ့ ပြယုဂ်တခု၊ အရှေ့ဥရောပကို ကွန်မြူနစ် အုပ်ချုပ်မှုအောက် ပေးအပ်လိုက်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပြီး စစ်အေးတိုက်ပွဲကို တင်ဆက်ပြသမယ့် ဇာတ်ခုံဆောက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

အဲဒီနှစ်နွေရာသီ ဂျာမနီနိုင်ငံ ပို့စ်ဒမ်မှာ သူတို့ပြန်တွေ့တဲ့အချိန်မှာတော့ မဟာမိတ်ဆက်ဆံရေးဟာ အက်ကြောင်းထင်နေပါပြီ။ ရုစဗဲ့ ကွယ်လွန်လို့ သမ္မတဖြစ်လာတဲ့ ဟာရီ ထရူးမင်းက အဲဒီဆွေးနွေးပွဲမှာ စတာလင်ကို “စွမ်းအားကြီးတဲ့ လက်နက်သစ်” တခုဖြစ်တဲ့ အဏုမြူဗုံးအကြောင်း အသိပေးခဲ့ပါတယ်။

အပိုင်း ၂ - စစ်အေးခေတ် သံကန့်လန့်ကာ

စစ်အတွင်း မိတ်ဆွေတွေဟာ စစ်ပြီးခေတ်မှာ ရန်ဘက်တွေ ဖြစ်လာခဲ့ကြပြီး စစ်အေး (Cold War) ဆိုတာကို ပုံဖော်ခဲ့ကြပါတယ်။ စစ်အေးတိုက်ပွဲဟာ သံကန့်လန့်ကာ (Iron Curtain) လို့ ထင်ရှားတဲ့ ဥရောပနှစ်ခြမ်းကွဲမှုကြီးနဲ့ နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုတွေကို သယ်ဆောင်လာခဲ့ပါတယ်။ သံကန့်လန့်ကာဆိုတာ ဒုတိယကမ္ဘာစစ်အပြီးကနေ စစ်အေးခေတ် အဆုံးသတ်ချိန် ၁၉၉၁ အထိ ရှိခဲ့တဲ့ ဥရောပကို သင်္ကေတသဘောအရရော၊ တကယ်တံတိုင်းတွေနဲ့ပါ အမေရိကန်ဘက်ခြမ်းနဲ့ ဆိုဗီယက်ဘက်ခြမ်းဆိုပြီး နှစ်ခြမ်းကွဲစေခဲ့တဲ့ အရံအတားကို ဆိုလိုပါတယ်။

၁၉၅၅ ခုနှစ်မှာတော့ ခေါင်းဆောင်တွေဟာ ဂျီနီဗာမှာ တွေ့ဆုံပြီး တင်းမာမှုတွေကို လျှော့ချဖို့ ကြိုးစားခဲ့ကြပါတယ်။ သမ္မတ အိုက်ဆင်ဟောင်ဝါရဲ့ “Open Skies” အဆိုပြုချက်ကို ဆိုဗီယက်က ပယ်ချခဲ့ပေမဲ့ ဒါဟာ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ထူးခြားတဲ့ ကြိုးပမ်းမှုတခု ဖြစ်ခဲ့ပါတယ်။ နှစ်ဖက်စစ်ရေးစီမံချက်တွေနဲ့ လေကြောင်းထောက်လှမ်းမှုတွေ ဖလှယ်ဖို့ အဆိုပြုခဲ့တဲ့ Open Skies Treaty ကို မချုပ်ဆိုဖြစ်ခဲ့ပေမဲ့ အဲဒီကာလဟာ “ဂျီနီဗာစိတ်ဓာတ်” လို့ ခေါ်တွင်ခဲ့တဲ့ မျှော်လင့်ချက် အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ၁၉၅၉ မှာလည်း နီကီတာ ခရူးရှက်ဖ်ဟာ အမေရိကန်ကို လာလည်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ချစ်ကြည်ရေးက ကြာရှည်မခံခဲ့ပါဘူး။ ၁၉၆၁ ခုနှစ်မှာ ငယ်ရွယ်တဲ့ သမ္မတသစ် ဂျွန်အက်ဖ်ကနေဒီဟာ ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်နဲ့ ဗီယင်နာမှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ထိပ်သီးဆွေးနွေးပွဲဟာ ကနေဒီအတွက်တော့ ကပ်ဆိုးတခု ဖြစ်ခဲ့ပါတယ်။ ကျူးဘား ကက်စ်ထရို အစိုးရကို ဖြုတ်ချဖို့ အမေရိကန် စီမံခဲ့တဲ့ Bay of Pigs ကျူးကျော်မှု ကျရှုံးခဲ့တာကြောင့် အားတက်နေတဲ့ ခရူးရှက်ဟာ အနောက်ဘာလင်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတကို လက်ချာရိုက်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

ကနေဒီက ဘာလင်မြို့ကို ကာကွယ်သွားမယ်လို့ ပြောတဲ့အခါ ခရူးရှက်က “စစ်ဖြစ်မလား ငြိမ်းချမ်းရေးရမလား ဆိုတာ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်” လို့ သတိပေးခဲ့ပါတယ်။ ကနေဒီကတော့ “ဒါဆိုရင်တော့ ဥက္ကဋ္ဌကြီးရေ၊ စစ်ဖြစ်တော့မှာပေါ့။ အေးစက်တဲ့ ဆောင်းရာသီတခု ဖြစ်လာပါလိမ့်မယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ခရူးရှက်ရဲ့ ဖိအားအောက်မှာ တုန်လှုပ်ခဲ့ရတာကို ကနေဒီကိုယ်တိုင် နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။ နှစ်လအကြာမှာတော့ ဘာလင်တံတိုင်းကြီးပေါ်လာပြီး အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို သင်္ကေတသဘောအရသာ မဟုတ်ဘဲ အပြင်မှာတကယ်ရှိတဲ့ တံတိုင်းကြီးနဲ့ပါ ပိုင်းခြားလိုက်ပါတော့တယ်။

အပိုင်း ၃ - ဖြေလျှော့ကာလ (ဒေးထန့်တ်)

ကျူးဘားဒုံးပျံအရေးအခင်းကြောင့် ကမ္ဘာကြီးဟာ နျူကလီးယားစစ်ပွဲနဲ့ အန္တရာယ်ရှိလောက်အောင် နီးကပ်ခဲ့အပြီးမှာတော့ နှစ်ဖက်စလုံးဟာ ပြိုင်ဆိုင်မှုကို ဇက်ကြိုးတပ်ဖို့ လိုအပ်ကြောင်း မြင်လာခဲ့ကြပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ ပြင်သစ်လို détente (ဒေးထန့်တ်) လို့ခေါ်တဲ့ တင်းမာမှုဖြေလျှော့တဲ့ ကာလကို ရောက်လာခဲ့ပြီး မဟာဗျူဟာမြောက် လက်နက် ကန့်သတ်ရေး ဆွေးနွေးပွဲ (SALT) ကို စတင်ခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှာ ရစ်ချတ်နစ်ဆင်ဟာ မော်စကိုမြို့ကို ထိပ်သီးဆွေးနွေးပွဲအတွက် သွားရောက်တဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။ နစ်ဆင်နဲ့ ဆိုဗီယက်ခေါင်းဆောင် လီယိုနစ်ဘရက်ဇညက်ဗ်တို့ဟာ SALT I သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်တွေကို ပထမဆုံးအကြိမ် ကန့်သတ်ခဲ့ကြပါတယ်။ ၁၉၇၅ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီးမှာလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း သမ္မတ ဂျရယ်ဖို့ဒ် တက်ရောက်ခဲ့ပြီး ဘရက်ဇညက်ဗ်နဲ့ ထပ်တွေ့ခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာတေ့ သမ္မတ ဂျင်မီကာတာနဲ့ ခေါင်းဆောင်ကြီး ဘရက်ဇညက်ဗ်တို့ဟာ နျူကလီးယား လက်နက်အရေအတွက် တန်းတူထားရှိဖို့ ကြိုးပမ်းတဲ့ SALT II စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ခြောက်လအကြာမှာတော့ ဆိုဗီယက်ယူနီယံဟာ အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ ကာတာဟာ SALT II စာချုပ်ကို အထက်လွှတ်တော်မှာ အတည်ပြုဖို့ တင်သွင်းထားတာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဒေးထန့်တ်ကာလ အဆုံးသတ်သွားပါတယ်။

အပိုင်း ၄ - ယုံကြည်ပါ၊ ဒါပေမဲ့ စိစစ်ပါ

၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ အစပိုင်းမှာ တင်းမာမှုက အထွတ်အထိပ် ရောက်နေခဲ့ပါတယ်။ သမ္မတ ရော်နယ်ရေဂင်က ဆိုဗီယက်ယူနီယံကို “မကောင်းဆိုးဝါးနိုင်ငံတော် (evil empire)” လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ဒါပေမဲ့ မီခေးလ်ဂေါ်ဘာချော့ဗ် ဆိုဗီယက်ခေါင်းဆောင်သစ် ဖြစ်လာတာက အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။

၁၉၈၅ ခုနှစ် ဂျီနီဗာမှာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် မတွေ့ဆုံမီမှာ “တယောက်နဲ့တယောက် သိကျွမ်းအောင်လုပ်ဖို့” ပဲလို့ ရေဂင်က နောက်ပြောင်ပြောခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တွေ့တဲ့အခါမှာတော့ “နျူကလီးယားစစ်ပွဲတပွဲကို နိုင်အောင်တိုက်လို့မရဘူး။ ဘယ်တော့မှလည်း မတိုက်သင့်ဘူး” ဆိုတဲ့ အားကောင်းတဲ့ ကြေညာချက်မျိုး ထုတ်ပြန်ခဲ့ကြပါတယ်။

နောင်တနှစ်အကြာ အိုက်စလန်နိုင်ငံ ရေဂျာဗစ်မြို့မှာ သူတို့ဟာ နျူကလီးယားလက်နက် အားလုံးကို ဖျက်သိမ်းပစ်ဖို့ ရည်ရွယ်တဲ့ အံ့အားသင့်စရာ သဘောတူညီချက်တခု ရရှိလုနီးပါး ဖြစ်ခဲ့ပါတယ်။ ရေဂင်ရဲ့ “စတားဝေါစ်” (Star Wars) ဒုံးကျည်ကာကွယ်ရေး အစီအစဉ်ကြောင့် နောက်ဆုံးမိနစ်မှာ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ပါတယ်။ မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ အရာတခုဟာ ဆွေးနွေးပွဲစကားဝိုင်းပေါ်အထိ ရောက်လာခဲ့ဖူးတဲ့ အမှတ်တရ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအရှိန်နဲ့ ၁၉၈၇ ခုနှစ် ဝါရှင်တန်မှာ တာလတ်ပစ် နျူကလီးယားစွမ်းပကားဆိုင်ရာ သဘောတူစာချုပ် (INF) ချုပ်ဆိုနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် နျူကလီးယားလက်နက် အမျိုးအစားတခုလုံးကို တားမြစ်တာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာ ရေဂင်က ပူးပေါင်းဆောင်ရွက်မှုခေတ်သစ်ကို ဖော်ညွှန်းတဲ့ ရုရှားစကားပုံတခုကို အသုံးပြုခဲ့ပါတယ်။ “Doveryai, no proveryai” (ဒိုဗေယိုင်၊ နိုပရိုဗေရိုင်) လို့ နစ်ဆင်က ရုရှားစကားပုံကို အမေရိကန်သံနဲ့ ပြောခဲ့တာပါ။ “ယုံကြည်ပါ၊ ဒါပေမဲ့ စိစစ်ပါ” လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ရဲ့ မိတ်ဖက်ဆက်ဆံရေးဟာ စစ်အေးတိုက်ပွဲ အဆုံးသတ်ဖို့ အထောက်အကူ ပြုခဲ့ပါတယ်။

အပိုင်း ၅ - စစ်အေးခေတ်လွန် နှင်းခဲပျော်ချိန်

၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၊ ဘာလင်တံတိုင်း ပြိုကျပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ သမ္မတ ဂျော့ချ်အိတ်ခ်ျဒဗလျူဘုရှ် (စီနီယာဘုရှ်) ဟာ ဂေါ်ဘာချော့ဗ်နဲ့ မော်လ်တာကမ်းလွန်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနေရာမှာပဲ သူတို့ဟာ စစ်အေးတိုက်ပွဲ ပြီးဆုံးပြီလို့ ကြေညာခဲ့ကြပါတယ်။

ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက်မှာတော့ မိတ်ဖက်အသစ်တဦး ပေါ်ထွက်လာခဲ့ပါတယ်။ ရုရှားသမ္မတ ဘောရစ်ယဲ့လ်ဆင်ပါပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေဟာ ယဲ့လ်ဆင်က ဒီမိုကရေစီကို လက်ခံကျင့်သုံးခဲ့တဲ့အတွက် မကြုံစဘူး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ခေတ်တခေတ် ဖြစ်ခဲ့ပါတယ်။ ယဲ့လ်ဆင်ဟာ စီနီယာဘုရှ် လက်ထက်မှာပဲ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။

ဘောရစ်ယဲ့လ်ဆင်က “ကျနော်ဟာ ရုရှားရဲ့ နှစ် ၁၀၀၀ သမိုင်းမှာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပထမဆုံးသမ္မတအဖြစ်နဲ့ လွတ်လပ်ပြီး ကြီးမြတ်တဲ့နိုင်ငံတနိုင်ငံရဲ့ ကွန်ဂရက်လွှတ်တော်မှာ စကားပြောခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဘီလ်ကလင်တန် လက်ထက်မှာလည်း ယဲ့လ်ဆင်နဲ့ ခိုင်မာတဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ “ဘီလ်နဲ့ ဘောရစ်” လို့ အပြန်အလှန် ခေါ်ခဲ့ကြပါတယ်။ နျူကလီးယားလက်နက် အကြီးအကျယ်လျှော့ချရေး ဦးဆောင်ခဲ့ကြသလို ဆိုဗီယက်ပြည်ထောင်စုဟောင်းက ပိုင်ရှင်မဲ့ နျူကလီးယားတွေ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပွတ်တိုက်မှုတချို့တော့ ရှိခဲ့ပါတယ်။ ယဲ့လ်ဆင်က အရှေ့ဘက်ဒေသအထိ နေတိုးအဖွဲ့ တိုးချဲ့တာဟာ “အမှားတခု” လို့ ခေါ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ မိတ်ဖက်ဆက်ဆံရေးဟာ မျှော်လင့်ချက်အပြည့်နဲ့ ဖြစ်ခဲ့ပေမဲ့ ကျိုးပျက်လွယ်တဲ့ အခြေအနေမှာ ဆက်ရှိနေခဲ့ပါတယ်။

ဘောရစ်ယဲ့လ်ဆင်က “ကျုပ်တို့ရဲ့ ရပ်တည်ချက်ကတော့ နေတိုးကို အရှေ့ဘက်တိုးချဲ့တာဟာ အမှားတခု၊ ကြီးလေးတဲ့အမှားလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း ရုရှားအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာမှာကို လျှော့ချနိုင်ဖို့ နေတိုးနဲ့ သဘောတူညီချက် လက်မှတ်ထိုးဖို့ ကျုပ်တို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ရုရှား-နေတိုး သဘောတူညီချက်မှာ ဒါက အဓိကအချက် ဖြစ်ပါတယ်။”

အပိုင်း ၆ - ထောင်စုသစ် အေးခဲမှုသစ်

ထောင်စုနှစ်သစ်က ရုရှားခေါင်းဆောင်သစ်တဦးကို သယ်ဆောင်လာခဲ့ပါတယ်။ KGB အရာရှိဟောင်း ဗလာဒီမာပူတင် ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုအပြီးမှာ သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က အခုထိ နာမည်ကြီးနေတဲ့၊ သူ့ရဲ့ အကောင်းမြင်လွန်းတဲ့ သုံးသပ်ချက်ကို အခုလို ပြောကြားခဲ့ပါတယ်။

ဂျော့ချ်ဒဗလျူဘုရှ်က “ကျုပ်က ဒီလူ့မျက်လုံးကို တည့်တည့်ကြည့်တာ။ သူဟာ အင်မတန် ပွင့်လင်းတဲ့သူ၊ ယုံကြည်ရတဲ့သူလို့ ကျနော်မြင်တယ်။ သူ့စိတ်ဓာတ်ကို ခံစားလို့ရတယ်။ အဲဒီအစပိုင်း နွေးထွေးမှုကနေ 9/11 ဖြစ်စဉ်နောက်ပိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ တကယ့်ပူးပေါင်းဆောင်ရွက်မှုတွေပါ ရှိလာခဲ့ပါတယ်” လို့ ပြောပါတယ်။

အီရန်မှာ နျူကလီးယားလက်နက် မရှိအောင် သေချာစေဖို့ ဘုံရည်မှန်းချက်တခု ရှိခဲ့တယ်လို့လည်း အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဒဗလျူဘုရှ်က ပြောပါတယ်။

“ကျုပ်ထပ်ပြောချင်တာက ရုရှားဟာ အီရန်မှာဖြစ်ဖြစ်၊ ကမ္ဘာ့ဘယ်ဒေသမှာပဲဖြစ်ဖြစ် အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ ဖန်တီးဖို့ ဘယ်လိုနည်းနဲ့မှ အထောက်အကူပြုလိုတဲ့ ဆန္ဒနဲ့ အစီအစဉ် မရှိပါဘူး။”

ဒါပေမဲ့ အီရတ်စစ်ပွဲနဲ့ နေတိုး တိုးချဲ့မှုတွေကြောင့် ဆက်ဆံရေးဟာ ပျက်ပြားလာခဲ့ပါတယ်။ သမ္မတ ဘားရက်အိုဘားမား တာဝန်ယူတဲ့အချိန်မှာ ဆက်ဆံရေးကို “အသစ်ပြန်လည်စတင်ဖို့” လိုအပ်နေခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ ပြန်လည်စတင်ခြင်းရဲ့ အထွတ်အထိပ် အောင်မြင်မှုကတော့ ၂၀၁၀ ပြည့်နှစ်က နျူကလီးယား လက်နက်တွေကို ထပ်မံလျှော့ချခဲ့တဲ့ New START စာချုပ်ပါပဲ။ အိုဘားမားနဲ့ ပူတင်နေရာ ဆက်ခံသူ သမ္မတ ဒီမီထရီ မက်ဗီဒက်တို့ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပူတင် သမ္မတရာထူးကို ပြန်လည်ရယူလာတဲ့အခါမှာတော့ ပြန်လည်စတင်ခြင်းဟာ ပျက်စီးသွားခဲ့ပါတယ်။ လူ့အခွင့်အရေးကိစ္စတွေကြောင့် တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရုရှားက ယူကရိန်းနိုင်ငံထဲမှာ ပါဝင်နေတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို တရားမဝင် သိမ်းပိုက်ခဲ့ပါတယ်။ အတိတ်က ပူးပေါင်းဆောင်ရွက်မှုတွေ ပျောက်ကွယ်သွားပြီး နက်ရှိုင်း ခါးသီးတဲ့ အေးစက်မှုတခု ဝင်ရောက်လာခဲ့ပါတယ်။

ဘားရက်အိုဘားမားက “ဒီကနေ့ဟာ ကမ္ဘာ့နျူကလီးယားလက်နက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှား၊ နိုင်ငံနှစ်ခုရဲ့ တာဝန်ယူမှုရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်မှုကို ဖော်ဆောင်သွားမယ်လို့ စိတ်ပိုင်းဖြတ်မှုကို သက်သေပြလိုက်တဲ့နေ့ ဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

အပိုင်း ၇ - ပူတင်နဲ့ အမေရိကန်ရွေးကောက်ပွဲ

၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်စွက်ဖက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးက ထုတ်ပြန်ခဲ့တဲ့ကာလမှာ ထရမ့်ပ် သမ္မတ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က ဖင်လန်နိုင်ငံ၊ ဟယ်လ်စင်းကီးမှာလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ပ်ပြောခဲ့တဲ့ စကားကြောင့် အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်က “ကျုပ်တို့ ဒီမှာ သမ္မတပူတင်ရှိတယ်၊ သူက ရုရှားစွက်ဖက်တာ မဟုတ်ဘူးလို့ အခုပဲ ပြောသွားတယ်။ ပြောရမယ်ဆိုရင် ရုရှားက လုပ်တယ်လို့ ပြောစရာဖြစ်ရမယ့် အကြောင်းပြချက်တော့ ကျုပ်တော့ မမြင်မိပါဘူး” လို့ ပြောပါတယ်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေရဲ့ တွေ့ရှိချက်တွေကို အလေးမထားဘဲ ပူတင်ဘက်က ရပ်တည်လိုက်သလို ဖြစ်သွားတဲ့ ဒီစကားကြောင့် အမေရိကန်နိုင်ငံတွင်းမှာ နိုင်ငံရေးမုန်တိုင်း ထန်ခဲ့ပါတယ်။ ပူတင်အတွက်တော့ ဒါဟာ သံတမန်ရေးအရ အကြီးအကျယ် အောင်ပွဲရခဲ့တာပါ။

သမ္မတ ဂျိုးဘိုင်ဒင် တက်လာချိန်မှာတော့ သူနဲ့ ပူတင်ရဲ့ ၂၀၂၁ ဂျီနီဗာ ထိပ်သီးဆွေးနွေးပွဲဟာ ရန်လိုတဲ့ဆက်ဆံရေးကို “ဘောင်ခတ်ဖို့” ရည်ရွယ်ခဲ့ပါတယ်။

ထူးထူးခြားခြား အောင်မြင်မှုကြီးတွေ မရှိခဲ့ပေမဲ့ သံအမတ်တွေ ပြန်လည်ထားရှိဖို့နဲ့ မဟာဗျူဟာမြောက် တည်ငြိမ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ စတင်ဖို့ သဘောတူခဲ့ကြပါတယ်။

ဘိုင်ဒင်နဲ့ ပူတင်ဟာ “နျူကလီးယားစစ်ပွဲမှာ ဘယ်သူမှမနိုင်ဘူး” ဆိုတဲ့  ရေဂင်-ဂေါ်ဘာချော့ဗ် မူကို ပြန်လည်အတည်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် မစတင်ခင် သူတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။

အပိုင်း ၈ - ဒုတိယ ယော်လ်တာ ဆွေးနွေးပွဲလား

သြဂုတ် ၁၅ ရက်နေ့မှာတော့ တကျော့ပြန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အလာစကာမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ပါပဲ။

အလာစကာဟာ ပြိုင်ဘက်နှစ်ဦးကြားက သင်္ကေတတခု၊ တံတားတစင်းလို့ ပြောလို့ရပါတယ်။ အမေရိကန်ဟာ အလာစကာကို ရုရှားဆီကနေ ၁၈၆၇ ခုနှစ်က ဒေါ်လာ ၇ ဒသမ ၂ သန်းနဲ့ ဝယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ အိုင်ဆင်ဟောင်ဝါလက်ထက် ၁၉၅၉ ခုနှစ်မှာမှ အမေရိကန်ရဲ့ ၄၉ ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အခုဆွေးနွေးပွဲရဲ့ အလောင်းအစားဟာ အင်မတန်ကြီးပါတယ်။ အချုပ်အခြာအာဏာပိုင် ယူကရိန်းနိုင်ငံရဲ့ ဖြစ်တည်မှုအတွက်ပါ စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။ သမ္မတထရမ့်ပ်က “နယ်မြေအချို့ကို အလဲအလှယ်လုပ်တာ” မျိုး ပါဝင်နိုင်တဲ့ “သဘောတူညီချက်တခု ရအောင်လုပ်မယ်” လို့ ကတိပေးထားပါတယ်။

ဗလာဒီမာပူတင် အတွက်တော့ သူသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တရားဝင်ဖြစ်အောင်လုပ်ပြီး ယူကရိန်းကို ကြားနေနိုင်ငံဖြစ်အောင် ဖိအားပေးဖို့ အခွင့်အရေးတခုပါပဲ။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကတော့ နယ်မြေစွန့်လွှတ်ဖို့ သဘောတူမှာ မဟုတ်ဘူးလို့ ပြောထားသလို ယူကရိန်းမပါတဲ့ ဆွေးနွေးပွဲရလဒ်ဟာ အချည်းနှီးပဲလို့ သတိပေးထားပါတယ်။

ဥရောပမဟာမိတ်တွေကတော့ ဘယ်ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ယူကရိန်းရဲ့ သဘောတူညီချက် မပါဘဲ မလုပ်သင့်ဘူး၊ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို လေးစားရမယ်၊ နယ်ခြားနယ်နိမိတ်တွေကို အင်အားသုံး ပြောင်းလဲလို့ မရဘူးလို့ သတိပေးထားပါတယ်။ ဒီဆွေးနွေးပွဲဟာ အင်အားကြီးနိုင်ငံကြီးတွေက၊ နိုင်ငံငယ်တွေကို ခွဲဝေပိုင်းခြားတဲ့ ၂၁ ရာစုရဲ့ ယော်လ်တာ ဆွေးနွေးပွဲ ဖြစ်လာမှာလားလို့လည်း မေးခွန်းထုတ်နေကြပါတယ်။

နိဂုံး

အမေရိကန်နဲ့ ဆိုဗီယက်/ရုရှား ထိပ်သီးဆွေးနွေးပွဲတွေဟာ နှစ်ပေါင်း ၈၀ ကြာအောင် ကမ္ဘာ့လုံခြုံရေး ရေချိန်ပြကိရိယာတခု ဖြစ်ခဲ့တာပါ။ ရန်ဘက်တွေကြားမှာလည်း ဆွေးနွေးမှုတွေဟာ ဖြစ်နိုင်တယ်။ ပြီးတော့ မအောင်မြင်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိနိုင်သလို အောင်မြင်တဲ့အခါမှာလည်း နစ်နာရတဲ့သူတွေ ရှိနိုင်တယ်ဆိုတာ သမိုင်းက သက်သေပြနေပါတယ်။ ဝေဖန်သူတွေကတော့ ထရမ့်ပ်လုပ်ရပ်ဟာ ကျူးကျော်မှုကို ဆုချသလိုဖြစ်ပြီး နိုင်ငံတကာစနစ်ကို ပျက်စီးစေမှာ စိုးရိမ်နေကြပါတယ်။ ထောက်ခံသူတွေကတော့ သွေးထွက်သံယိုမှုကို ရပ်တန့်နိုင်မယ့် ဘယ်အခွင့်အရေးကိုမဆို လက်လွတ်မခံသင့်ဘူးလို့ ထောက်ပြကြပါတယ်။

ငြိမ်းချမ်းရေးရဖို့ဆိုတာ လက်တွေ့ကျဖို့လိုသလို အားကြီးသူသာ အောင်နိုင်မြဲဆိုတဲ့ အစဉ်လာဆိုးတရပ် ဆက်လက်တည်တံ့မလား ဆိုတာလည်း မေးစရာရှိလာပါတယ်။ ကိုယ့်မူဝါဒ၊ ကိုယ့်ရပ်တည်ချက်နဲ့ မကိုက်ညီရင်၊ ကိုယ့်ဩဇာအာဏာရပ်ဝန်းထဲမှာမနေတဲ့ ကိုယ့်ထက် အားနည်းတဲ့ အိမ်နီးချင်းနိုင်ငံငယ်လေးတွေကို ကျူးကျော်လို့ရတယ်၊ အချိန်တခု ရောက်သွားတဲ့ အခါကျရင် ဒီကျူးကျော်မှုကို တရားဝင်အသိအမှတ်ပြုဖို့ ဆွေးနွေး အတည်ပြုလို့ ရတယ်ဆိုရင် နိုင်ငံငယ်လေးတွေ “ရင်မ” နေကြဖို့ပဲ ရှိပါတော့တယ်။

ပထမယူကရိန်း ဆိုတာ ရှိလာရင် ဒုတိယယူကရိန်း၊ တတိယယူကရိန်း ဆိုတာလည်း ရှိလာနိုင်ပါတယ်။

စိုင်းခေတ်နွေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024