Home
နိုင်ငံတကာ
ရုရှားနှင့် ဆွေးနွေးပွဲများတွင် ယူကရိန်း ပါဝင်ရန် ထရမ့်ပ် လိုလား
DVB
·
August 14, 2025
Photo: PHILIPPE MAGONI/Pool via Reuters

ယူကရိန်းဟာ ရုရှားနဲ့ နယ်မြေဆိုင်ရာ ဆွေးနွေးမှုတိုင်းမှာ ပါဝင်ဆွေးနွေးရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောထားကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက ဩဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

ပြင်သစ်သမ္မတ မက်ခွန်းက  “အလာစကာက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အစည်းအဝေးအတွင်းမှာ အမေရိကန်က လိုချင်တာက အပစ်အခတ်ရပ်စဲရေး ဆိုတဲ့အချက်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က အရမ်းရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဒီအစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုက အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်ဖို့က အရမ်းအရေးကြီးတာဖြစ်ပြီးတော့ ဒီပဏာမခြေလှမ်းအပြင် အကျဉ်းသားအသစ် လဲလှယ်ရေးနဲ့ ကလေးတွေ လွတ်မြောက်ရေးကိုလည်း ထောက်ခံပါတယ်” လို့ ပြောပါတယ်။

ထရမ့်ပ်ဟာ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး ရရှိဖို့ကို စိတ်ပိုင်းဖြတ်ထားကြောင်းနဲ့ ပူတင်နဲ့ ဇလန်းစကီးတို့ ၂ ယောက်စလုံးနဲ့ အနာဂတ်မှာ ၃ ပွင့်ဆိုင် အစည်းအဝေး ဖြစ်မြောက်ရေးအတွက် မရ ရအောင် ဆွေးနွေးလိမ့်မှာဖြစ်တယ်လို့လည်း ဘရီးဂန်ဆွန်ခံတပ်ရှိ သူ့ရဲ့ နွေရာသီစံအိမ်ကနေ မက်ခွန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီမှတ်ချက်တွေဟာ သြဂုတ် ၁၅ ရက် အလာစကာမှာ ထရမ့်ပ်နဲ့ ပူတင်တို့ တွေ့ဆုံမှုကို ပုံဖော်ဖို့ ရည်ရွယ်ဆွေးနွေးခဲ့ကြတဲ့ ထရမ့်ပ်၊ ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး တို့အကြား အစည်းအဝေးကနေ ထွက်ပေါ်လာတဲ့ ပထမဆုံးအချက် ဖြစ်ပါတယ်။

ယူကရိန်းပိုင်နက်ဆိုင်ရာ ပြဿနာကို ယူကရိန်းသမ္မတကသာ ညှိနှိုင်းနိုင်မှာဖြစ်တယ် ဆိုတာကတော့ သမ္မတ ထရမ့်ပ်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဒုတိယအချက်ဖြစ်ပြီး ဒါကို ထောက်ခံပါကြောင်း မက်ခွန်းက ပြောပါတယ်။

“သိမ်းပိုက်နယ်မြေတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကတော့ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာလိမ့်မယ်။ ကျန် ယူကရိန်းပိုင်နက်နဲ့ ဥရောပအတွက် ငြိမ်းချမ်းရေး အာမခံချက်တွေဟာ ခွဲခြားလို့မရတဲ့အတွက် စားပွဲဝိုင်းမှာ ယူကရိန်းသမ္မတ ရှိနေခြင်းမရှိဘဲ ဆွေးနွေးလို့ မရပါဘူး။”

ထရမ့်ပ်နဲ့ ပူတင်တို့ဟာ ဥရောပနဲ့ ယူကရိန်းရဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို ရောင်းထုတ်ပြီး ရုရှားပိုင်နက်ကို ချဲ့ထွင်ဖို့ အဆိုပြုနိုင်တဲ့ သဘောတူညီချက်တခုကို ရရှိသွားမှာကို ယူကရိန်းနဲ့ သူ့မဟာမိတ်တွေက စိုးရိမ်နေကြတာကြောင့် ဒီမှတ်ချက်စကားတွေကို အတည်ပြုလို့ရရင်တော့ ယူကရိန်းနဲ့ပတ်သက်ပြီး ထရမ့်ပ်ရဲ့ လိုလားချက်ဟာ ယူကရိန်းနဲ့ သူ့မဟာမိတ်တွေအတွက် အတိုင်းအတာတခုအထိ သက်သာရာရစေနိုင်ပါတယ်။

ထရမ့်ပ်နဲ့ ပူတင်တို့ဟာ အလာစကာမှာ သြဂုတ် ၁၅ ရက်နေ့ တွေ့ဆုံဖို့ရှိပြီး ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်တဲ့ ၃ နှစ်ခွဲကြာ ပဋိပက္ခကို အဆုံးသတ်ရေး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ တိုက်ပွဲတွေ အဆုံးသတ်ဖို့အတွက် နှစ်ဖက်စလုံးက နယ်မြေအလဲအလှယ် လုပ်ရလိမ့်မယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013