Home
နိုင်ငံတကာ
‘ထရမ့်ပ် အခုထွက်သွား’ စာတန်းများကိုင်ဆောင်ပြီး ဝါရှင်တန်တွင် ဆန္ဒပြ
DVB
·
August 17, 2025
Photo: Reuters

ရဲတပ်ဖွဲ့ကို ဖက်ဒရယ်အဆင့်ထိန်းချုပ်မှုအောက်မှာ ထားတာ၊ အမျိုးသားအစောင့်တပ်ဖွဲ့ကို ချထားတာတို့နဲ့ပတ်သက်ပြီး ဩဂုတ် ၁၆ ရက်က ဝါရှင်တန်ဒီစီမှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူထောင်ပေါင်းများစွာဟာ ဝါရှင်တန်ဒီစီကို ဒေါ်နယ်ထရမ့်ပ်ရဲ့ ဖက်ဆစ်စနစ်က အာဏာသိမ်းလိုက်တယ်ဆိုပြီး သူတို့ရဲ့ ဒေါသတွေကို ဖော်ပြကာ စီတန်းဆန္ဒပြခဲ့ပါတယ်။ 

ဒီစီမြို့ထဲကနေ အိမ်ဖြူတော်အထိချီတက်ခဲ့တာဖြစ်ပြီး ‘ထရမ့်ပ် အခု ထွက်သွား’ ဆိုတဲ့ စာတန်းကြီး ကိုင်ဆောင်ဆန္ဒဖော်ထုတ်ခဲ့သလို ‘ဒီစီကို လက်ရှောင်’ ဆိုပြီး အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။ 

သမ္မတဒေါ်နယ်ထရမ့်ပ်က ဝါရှင်တန်မှာ အမျိုးသားအစောင့်တပ်ဖွဲ့တွေ ရာနဲ့ချီပြီး ချထားမှာနဲ့ မြို့တော်ရဲတပ်ဖွဲ့ကိုလည်း ဖက်ဒရယ်ရဲ့လက်အောက်ကို ယာယီထားရှိမယ်လို့ ဒီတပတ်အစောပိုင်းမှာ ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရဲ့မြို့တော် ဝါရှင်တန်မှာ အမှုအခင်းတွေနဲ့ အိမ်ခြေရာမဲ့တွေရှိတာကြောင့် အခုလို လုပ်ရတာပါလို့ ထရမ့်ပ်က ပြောဆိုခဲ့တာပါ။ 

“ဒီနေရာမှာ ဖွဲ့စည်းပုံနဲ့ မညီတာ၊ တရားမဝင်တာ၊ ကိုယ်ကျင့်တရားပျက်တာ၊ မှားယွင်းတာတွေ ဖြစ်နေတယ်ဆိုတာ အမေရိကကို ကျနော် နားလည်စေချင်ပါတယ်” လို့ ဆန္ဒဖော်ထုတ်သူတယောက် ဖြစ်တဲ့ မိုက်ဘာဂါက ပြောပါတယ်။ 

ဆန္ဒပြသူတွေ နေရှင်နယ်မောရှေ့အရောက်မှာ အမျိုးသားအစောင့်တပ်ဖွဲ့တွေရဲ့ တားဆီးမှုကြောင့် ပြန်လှည့်ခဲ့ရပါတယ်။ 

အမျိုးသားပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့၊ လိုအပ်တဲ့အချိန်မှာ ပတ်ဝန်းကျင်လုံခြုံရေးဖန်တီးဖို့နဲ့ ဖြစ်လာနိုင်တဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့ ရည်ရွယ်တာလို့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ပြောထားပါတယ်။ 

ဒါပေမဲ့ ၂၀၂၄ ခုနှစ်က ရာဇဝတ်မှုတွေက နှစ် ၃၀ အတွင်း အနိမ့်ဆုံးဖြစ်တယ်လို့ အမေရိကန် တရားရေးဌာန အချက်အလက်တွေက ဖော်ပြပါတယ်။

ရီပတ်ဘလစ်ကန်တယောက်ဖြစ်တဲ့ ထရမ့်ပ်ဟာ ဒီမိုကရက်တစ်တွေ လွှမ်းမိုးထားတဲ့ တခြားမြို့တွေမှာလည်း သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေပါတယ်။ 

ထရမ့်ပ်ဟာ သူ့ရဲ့ သမ္မတသက်တမ်း ဒုတိယအကြိမ်မှာ ဘဏ်တွေ၊ ဥပဒေကုမ္ပဏီတွေနဲ့ ထိပ်တန်းတက္ကသိုလ်တွေရဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013