
အာရက္ခတပ်တော် AA က ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ပြန်လည် ဝင်ရောက်နေထိုင်တဲ့ ဒေသခံတွေဟာ ထပ်မံစစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြီး ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်တဲ့ ကျေးရွာ ၃၆ ရွာနဲ့ မြို့အနီး ဝင်ရောက်နေထိုင်သူတွေကို AA က ပြန်ပြီး စစ်ရှောင်ခိုင်းတာလို့ ပုဏ္ဏားကျွန်း ဒေသခံတယောက်က ပြောပါတယ်။
“ကိုယ့်အိမ်တွေကနေ ပြန်ပြီးရှောင်ရမယ်လို့ AA က လာပြောတယ်။ ရွာ ၃၆ ရွာပါတယ်။ စစ်ဘေးရှောင်ပြီး ကိုယ့်အိမ်ကိုယ့်ရွာမှာ ပြန်နေကြတာ မကြာသေးဘူး။ အခု ပြန်ရှောင်ရတော့မယ်”
ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့မကြာခဏလှမ်းပစ်တာ၊ ပုဏ္ဏားကျွန်းမြို့နဲ့ စစ်တွေ နယ်အစပ်မှာ တပ်စခန်းတွေချဖို့ ပြင်ဆင်လာတာ စတာတွေကြောင့်ဖြစ်တယ်လို့ ပုဏ္ဏားကျွန်းဘက်က စစ်ရေးအခြေအနေသိသူတယောက်က ပြောပါတယ်။
“အခြေအနေအရ စစ်ဘေးထပ်ရှောင်ခိုင်းတာပါ။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ကောင်စီတပ်က လက်လှမ်းမီနိုင်တဲ့ အနေအထားဖြစ်နေတယ်။ အမြောက်လက်နက်၊ ရေကြောင်း စတာတွေနဲ့ အချိန်မရွေး ပစ်ခတ်နိုင်တယ်။ အခုလည်း မကြာခဏ ကျေးရွာတွေအနီး လက်နက်ကြီး ကျရောက်တာတွေရှိနေတယ်။ ပြီးတော့ စစ်အုပ်ချုပ်ရေးကလည်း ကြေညာပြီးနောက် စစ်တွေနဲ့ ပုဏ္ဏားကျွန်းနယ်စပ်တွေမှာ တပ်စခန်းတွေချဖို့ ကြိုးစားလာတာတွေကြောင့်ဖြစ်တယ်”
စစ်ဘေးထပ်ရှောင်ရတဲ့ ကျေးရွာတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်အင်းကြီး၊ ဒီပါရုံ၊ ကွမ်းတောင်၊ အောင်မြေကုန်း၊ စပါထား၊ ခမောင်းတော စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၆ ရွာဖြစ်ပါတယ်။
အဲဒီ စစ်ဘေးထပ်ရှောင်ရမယ့် ကျေးရွာတွေဟာ ဩဂုတ် ၁၁ ရက်နေ့ကနေ မိမိတို့နေထိုင်ရာ ကျေးရွာတွေကနေ ပုဏ္ဏားကျွန်းမြို့နယ်က ဒေသတချို့နဲ့ တခြားမြို့နယ်တွေကို စတင်တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။
ရခိုင်မှာ AA မြို့နယ်အများအပြားကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပေမယ့် စစ်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်တွေကြောင့် သိမ်းပိုက်ရရှိပြီးဖြစ်တဲ့ မြို့နယ်အများစုထဲက တချို့မှာ ဒေသခံတွေ ဝင်ရောက်မနေထိုင်နိုင်ကြသေးဘဲ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်ပါတယ်။