Home
မြန်မာသတင်း
ငွေတောင်ဆည်နားထိ စစ်ကြောင်းရောက်လာသဖြင့် ကျေးရွာ ၂ ရွာ အရေးပေါ် ပြောင်းရွှေ့ 
DVB
·
August 5, 2025

ကရင်နီ၊ ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်ရင်းမှာ အင်အားတွေဖြည့်ပြီး ဆည်နားမှာ ဘန်ကာဆောက်နေတဲ့ စစ်တပ်ရဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် ငွေတောင်ဆည်နဲ့ အနီးဆုံးဖြစ်တဲ့ ကုန်းသာနဲ့ ဒေါငံခါး ကျေးရွာ ၂ ရွာရှိ  ဒေသခံတွေ အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။

ကျောက်ဆည်ကန်ဘက်ကနေလည်း နောက်ထပ်စစ်ကြောင်းဆင်းလာတဲ့အတွက် လတ်တလော ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရေးအခြေအနေတင်းမာနေတယ်လို့ ရှေ့တန်း စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ရှမ်း-ကယားနယ်စပ် ကရင်နီဝင်ပေါက်ဖြစ်တဲ့ မိုးဗြဲကိုစစ်တပ်က ပြန်ရပြီးတဲ့နောက်မှာ ဘုရားနီ၊ မိုးဗြဲ၊ ကျောက်ဆည်ကန်၊ ငွေတောင်အဲ့ဒီနေရာ ၄ နေရာကနေ စစ်တပ်က  စစ်ကြောင်း ၄ ကြောင်း နဲ့တက်လာနေပြီး ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာလို့ တော်လှန်ရေးတပ်ပေါင်းစုဘက်က သုံးသပ်ထားပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “အဓိကကတော့ ဟိုရက်ကပြောသလိုပဲ စစ်ဆိုင်ထားတဲ့ပုံ စံမျိုးပဲ၊ တိုက်ပွဲတော့ မဖြစ်သေးဘူး။ ဒီးမော့ဆိုကတော့ ဒရုန်းကြဲတာ ၃ ရက်၊ ဒီနေ့ နဲ့ဆို ၄ ရက်ရှိပြီ ။လက်နက်ကြီးတွေပစ်တယ်။ ပြီးကျရင်ရှေ့နားလေးမှာ ဘန်ကာတွေ လာလုပ်နေတယ်”လို့ ပြောပါတယ်။

တိုက်ပွဲတွေမဖြစ်သေးပေမဲ့ နန်းမယ်ခုံ၊ ငွေတောင်နဲ့ ဒီးမော့ဆိုမြို့အနောက်ခြမ်းတွေကို ဒီရက်ပိုင်းလက်နက်ကြီး ဒရုန်းတွေနဲ့တိုက်ခိုက်ခံနေရလို့ အရပ်သားထိခိုက်မှုတွေလည်းရှိနေပါတယ်။ ဒါကြောင့်ပြီးခဲ့တဲ့အပတ်တွင်းမှာ နန်းမယ်ခုံဘက်ကဒေသခံ ၁၀, ၀၀၀ ကျော်နေရပ်စွန့်ခွာပြီး အခုငွေ တောင်ဆည်နားက နောက်ထပ် ကျေးရွာ ၂ ရွာက ရွာသားတွေ ရွာလုံးကျွတ် စစ်ရှောင်နေရတာပါ။

ဒီးမော့ဆိုဒေသခံတယောက်က “လုံးဝတကြောလုံးရွှေ့ခိုင်းတာတော့မဟုတ်ဘူး။ စစ်မြေပြင်နဲ့နီး တဲ့အဖွဲ့တွေပဲရွေ့ခိုင်းရတာပေါ့။ ကျမတို့လည်းနီးပါတယ်။ ဒါပေမဲ့ အရှေ့က ကာကင်းတွေရှိ သေးတဲ့အတွက်ကြောင့် ကျမတို့ကို ရွေ့ခိုင်းတာမျိုးတော့မရှိသေးဘူးပေါ့နော်။ အဓိက ကတုတ်ကျင်းတွေသေချာလေးလုပ်ပြီး ဂရုစိုက်ပြီးနေကြရမှာပေါ့။ အရင် ၁၁၁၁ စစ်ဆင်ရေး မတိုင်ခင်တုန်းက ကျောက်ဆည်ကန်ဆိုတာ  စစ်(-) တွေ အလုံးအရင်းနဲ့ကိုသေတာ။ အဲ့နေရာ မှာအပုံလိုက်။ အခုအဲ့မှာပြန်ရောက်နေတာ။ သူတို့ကဒီကုန်းသာနဲ့ ကျောက်ဆည်ကန်နဲ့က နီးနေပြီလေ။ အဲ့တော့ကုန်းသာနဲ့ ဒေါငံခါးဆိုလည်း တဆက်တည်းပေါ့။ ငွေတောင်နဲ့ ဒေါငံခါးဆိုလည်းနီးနီးလေးပဲ။ ဒီတဆက်တည်းမှာ ဒီစစ်ကြောင်းကရောက်လာတော့ နီးနီးလေး ဖြစ်သွားတော့ အဆင်မပြေဘူးလေ၊  ကြိုရှောင်ခိုင်းတာပေါ့”လို့ ပြောပါတယ်။

ဖယ်ခုံအရှေ့ဘက်ခြမ်းမှာလည်း ဒီးမော့ဆိုဘက်ကို ပြေးလာတဲ့စစ်ရှောင် ထောင်နဲ့ချီ ပိတ်မိနေလို့ ရဲဘော်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ဒီရက်ပိုင်း ကယ်ထုတ်နေရဆဲပါ။ ဒါ့အပြင် စားနပ်ရိက္ခာ ပြတ်တော့မယ့်အနေအထားမှာရှိနေပြီး မိုးတွင်းမှာ နေဖို့ အမိုးအကာတွေ ကူညီပေးကြဖို့ နှိုးဆော်ထားပါတယ်။

လာမယ့် ဒီဇင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်က သူလက်လွှတ်ထားခဲ့ရတဲ့ နယ်မြေတွေကို ပြန်စိုးမိုးဖို့ အင်အားအလုံးအရင်းနဲ့  ထိုးစစ်တွေဆင်နေတာလည်း ဖြစ်ပါတယ်။ 

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024