Home
မြန်မာသတင်း
ပေါက်မြို့နယ် ကပစ-၂၄ ကို မြေပြင် ရိက္ခာမထောက်ပို့နိုင်သဖြင့် လေကြောင်းမှ ရိက္ခာကြဲချ
DVB
·
August 17, 2025

ပေါက်မြို့နယ်မှာ စစ်ကောင်စီရိက္ခာတင်ကား ၁၀၀ ကျော် လိုရာခရီးမရောက်တာကြောင့် စစ်တပ်က လေကြောင်းကနေ ကပစ ၂၄ ကို ရိက္ခာတွေ ကြဲချပေးခဲ့ပါတယ်။ 

ပုလဲမြို့နယ်မှာလည်း ဇီဖြူကုန်းပျူရွာကို ပံ့ပိုးဖို့ စစ်ကောင်စီက အနီးနားရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာတွေလုယူနေပါတယ်။ 

မေ ၃၁ ရက်ကစပြီး မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေထွက်ခွာလာတဲ့ ရိက္ခာတင်ကား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဩဂုတ်လ ဒုတိယအပတ်မှာ ပေါက်မြို့နယ်အရှေ့ပိုင်းကို ရောက်ရှိလာပြီး လမ်းဘေးတလျှောက်ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။ 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကို ရိက္ခာထောက်ပို့ဖို့ ရည်ရွယ်ထားတဲ့ ယာဉ်တန်းမှာ ရိက္ခာတင်ကား ၁၃၆ စီး၊ သံပြားကာကား ၂ စီး၊ အိမ်စီးကား ၂ စီးပါဝင်ပြီး တပ်သားအင်အား ၁၀၀၀ ဝန်းကျင် လုံခြုံရေးယူထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ပုံမှန်အချိန်မှာ နေ့ချင်းပြန်သွားနိုင်တဲ့ ခရီးဖြစ်ပေမဲ့ စစ်ကောင်စီယာဉ်တန်းဟာ အချိန် ၂ လကျော်ကြာတဲ့အထိ ရည်ရွယ်တဲ့ဆီကို မရောက်နိုင်ဘဲ ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ကြုံခဲ့ရတာပါ။ 

အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစကရုံ (ကပစ-၂၄) ကို မြေပြင်ကနေ ရိက္ခာမထောက်ပို့နိုင်တာကြောင့် ဩဂုတ် ၁၀ ရက်နေ့မှာ လေကြောင်းကနေ ရိက္ခာထုပ်တွေ ကြဲချပေးခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ယာဉ်တန်း ၁၀၀ ကျော်ကတော့ ဒီနေ့ ရေပြာကနေပြီးတော့ နေ့လယ်ပိုင်းလောက်မှာ ဆက်လက်ထွက်ခွာပြီ။ ဘုရားတောင်ရွာအနီးက စစ်တပ်အထိုင်နဲ့အတူရှိနေတယ်။ ယာဉ်တန်း ၁၀၀ ကျော်ကလေ။ မိတ္ထီလာရှမ်းတဲလေတပ်က လာတာဗျာ။ ပေါက် အရှေ့တိုက် ကပစ ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ၉ နာရီ ၃၃ လောက်မှာ ကြဲချသွားတာဗျ အဲဒါကတော့။ ရိက္ခာတော်တော်ပြတ်နေပြီ။ ဘာလို့ဆို ယာဉ်တန်းကလည်းဗျာ ဒီပခုက္ကူနဲ့ ပေါက်ဆိုတာ နေ့ချင်းပြန် ဒါမှမဟုတ် မနက်ဖြန်ပေါ့။ အခုကကျတော့ နှောင့်နှေးနေတာပေါ့။ အဲဒီတော့ကျ သူတို့မှာလည်း အဆင်မပြေပြန်တော့ ရိက္ခာပြတ်တောက်နေတာ။ ကပစ ၂၄ အထိ သွားမယ်ပေါ့။ ဒီနားက ကပစ ၂၄ အနီးတဝိုက်က ရွာတွေကို စစ်ကြောင်းထိုးမယ် ဘာညာ အဲဒီလိုတော့ ပြောတယ်ဗျ။ ဘုရားတောင် ဆိုတာက စစ်တပ် အထိုင်လေ၊ အခုအခြေအနေကတော့ ဒီ ပေါက်မြို့နယ် အရှေ့ခြမ်းမှာပဲ ရှိသေးတယ်။ ပျူရွာကလည်း ပေါက်မြို့နယ်က ၂၀ ဝန်းကျင်လောက် ရှိတာ၊ ၁၆ ရွာ ၁၇ ရွာ အဲ့ဒီလောက်ရှိတာ၊ ပျူအားကောင်းတယ်၊ ပေါက်မြို့နယ်က” လို့ ပြောပါတယ်။

ဇွန် ၁၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက ပုလဲမြို့နယ်ကို ဖိအားပေးတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ 

ပုလဲမြို့နယ်ထဲက ပျူရွာတွေကို ရိက္ခာထောက်ပို့နိုင်ဖို့နဲ့ အကာအကွယ်ပေးနိုင်ဖို့ စစ်ကောင်စီက အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာနဲ့ လိုအပ်တာတွေကို လုယူနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

အချိန် ၂ လနီးပါးကြာ စစ်ကောင်စီက ပြန်လည်တိုက်ခိုက်တာကို ကြုံနေရပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ကန့်ဒေါင့်စခန်းကို ဆက်လက်ကာကွယ်ထားနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကိုပေ (ဒေါင်းနက်-ပုလဲ) က “မင်းတိုင်ပင်ပတ်ဝန်းကျင်က ရွာတွေလည်း ပြေးတယ်၊ တော်တော်များများကတော့ ပြေးနေကြပြီ။ မိုးထဲ ရေထဲကို ပြေးနေရတာ။ ရည်ရွယ်ချက်ရှိရှိနဲ့ကို ထိုးပြီးတော့ ဇီးဖြူကုန်းပျူရွာကို ပံ့ပိုးနေတာပေါ့။ ကန့်ဒေါင့်ကို ထိုးမရတဲ့စစ်ကြောင်းက ဦးနှောက်ကိုပြန်ထိုင်၊ ဦးနှောက်ကနေပြီးတော့ မြောက်ဘက်မှာရှိတဲ့ ချောင်းနားတို့ နှောရိုးတို့ ကိုဝင်တယ်၊ ပြီးတော့ ပစ္စည်းတွေယူပြီးတော့ ဇီးဖြူကုန်းကို ပို့တယ်။ ပြီးတော့ ဇီးဖြူကုန်းအရှေ့ဘက်မှာရှိတဲ့ ကွမ်းကိုင်းတို့၊ ညောင်ပင်စောက်တို့ ငှက်ပျောတော မြောက်ရွာ၊ တောင်ရွာတို့က ပစ္စည်းတွေယူပြီး ဇီးဖြူကုန်းကို ပို့တယ်။ အဲဒီစစ်ကြောင်းကတော့ ငှက်ပျောတော တောင်ရွာမှာ ထိုင်နေတယ်၊ ကန့်ဒေါင့်-မင်းတိုင်ပင်ကို ထိုးဖို့အတွက် ပြင်နေတယ်။ ဒါပေမဲ့ PDF - PLA တွေက မင်းတိုင်ပင်ကနေပြီးတော့ ကာနေတယ်။ အဲဒါပဲ အခြေအနေကတော့” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၂၀၂၃ ခုနှစ်ကုန်ပိုင်း ၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းကတည်းက မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက ပျူစောထီးရွာတွေကို စစ်ကောင်စီက လက်နက်နဲ့ရိက္ခာ ပုံမှန်မထောက်ပို့နိုင်ခဲ့ပါဘူး။ 

မကွေးတိုင်းထဲက ပျူရွာတချို့ကို လေကြောင်းကနေ ရိက္ခာကြဲချမှုတချို့သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ပြည်သူ့ဘက် ကူးပြောင်းလာတဲ့ ပျူစောထီး နဲ့ စစ်ကောင်စီတပ်သား အများအပြား ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော် ပြည်သူ့ဘက်ကို ကူးပြောင်းခဲ့တယ်လို့ မြိုင်နယ် ပကဖ က ဩဂုတ် ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024