Home
ဆောင်းပါး
မြန်မာပြည် (သို့မဟုတ်) အာရှတိုက်ရဲ့ မေ့လျော့ခံနိုင်ငံ
DVB
·
August 16, 2025
Design: DVB

မြန်မာစစ်အာဏာသိမ်းအဖွဲ့ဟာ နိုင်ငံကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ထရမ့်ပ်အစိုးရအနေနဲ့ ခိုင်မာပြတ်သားတဲ့ တော်လှန်ရေးအင်အားစုတွေကို အသိအမှတ်ပြုဖို့ လှုပ်ရှားသင့်ပါပြီ။

သမ္မတထရမ့်ပ်ဟာ ကမ္ဘာ့လူဦးရေအများဆုံးဒေသမှာ အကောက်ခွန်ဆိုင်ရာ သဘောတူညီချက်တွေကို အပြီးသတ်လုပ်ဆောင်နေချိန်မှာပဲ သူ့အစိုးရအဖွဲ့အနေနဲ့ မြန်မာပြည်သူတွေကို ဖိနှိပ်တဲ့စစ်အုပ်စုလက်အောက်ကနေ လွတ်မြောက်စေပြီး ဒီနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းမှာ ထိုက်တန်တဲ့နေရာတခုရရှိစေဖို့ဆိုတဲ့ သမိုင်းဝင်အခွင့်အရေးတခုကို လက်လွတ်မခံသင့်ပါဘူး။ ဒါပေမဲ့ ယနေ့အချိန်ထိ ထရမ့်ပ်အစိုးရရဲ့ ရပ်တည်ချက်ကတော့ ဆန့်ကျင်ဘက်ဖြစ်နေဆဲပါပဲ။ ဒါဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အမေရိကန်ကသာ ဦးဆောင်ပြီး ပြည်တွင်းစစ်ကို အဆုံးသတ်ပေးလိုက်ရင် ဖြစ်လာနိုင်မယ့် အကျိုးသက်ရောက်မှုနှစ်ခုစလုံးကို နားလည်မှုလွဲနေကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်က Asia Times မှာ ဖော်ပြခဲ့တဲ့ "ဒေါ်နယ်ထရမ့်ပ်ရဲ့ မြန်မာပြည်အပေါ် သူရဲဘောကြောင်တဲ့စစ်ပွဲ" ဆိုတဲ့ ဆောင်းပါးမှာ ထရမ့်ပ်ဟာ "လက်ရှိအာဏာရစစ်အုပ်စုကိုပဲ အကျိုးဖြစ်ထွန်းစေမယ့် ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့နိုင်ငံကို စစ်ကြေညာခဲ့တယ်" ဆိုပြီး ဝမ်းနည်းစွာရေးသားခဲ့ပါတယ်။ ပြီးတော့ "မြန်မာနိုင်ငံသားတွေကို (အမေရိကန်ပြည်ထောင်စုထဲ) ဝင်ရောက်ခွင့် အပြည့်အဝကန့်သတ်ဖို့" ဆိုတဲ့ သမ္မတရဲ့ ထူးဆန်းတဲ့ ကြေညာချက်ကိုလည်း ဝေဖန်ခဲ့ပါတယ်။ နောက်ထပ် နားလည်ရခက်တဲ့ အလှည့်အပြောင်းတခုကတော့ အိမ်ဖြူတော်က မြန်မာနိုင်ငံကို "မတရားဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးဖို့၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ အကျပ်အတည်းကို အဆုံးသတ်နိုင်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးဖို့"ဆိုပြီး တောင်းဆိုခဲ့တာပါပဲ။

ဒီလိုတောင်းဆိုချက်တွေက ထရမ့်ပ်အစိုးရအဖွဲ့ဟာ လွန်ခဲ့တဲ့ ၄ နှစ်တာ မြန်မာ့အခြေအနေကို တည်ဆဲအစိုးရတခုအပေါ် အကျင့်ပျက် နိုင်ငံရေးသမားတစုက ဖန်တီးလိုက်တဲ့ "အကျပ်အတည်း" သက်သက်ပဲလို့ ယုံကြည်နေကြောင်း ပြသနေပါတယ်။ ဒါ့အပြင် "မတရား" ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေကိုလွှတ်ပေး၊ ရွေးချယ်ထားတဲ့ အရပ်သားအုပ်စုတချို့အပေါ် အကြမ်းဖက်မှုတွေရပ်တန့်ပြီး၊ "သက်ဆိုင်သူတွေ" ကို စုစည်းလိုက်ရုံနဲ့ ဒီ "အကျပ်အတည်း" ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ရိုးရိုးစင်းစင်း တွေးနေပုံပါပဲ။ တကယ်တမ်းတော့ အဲ့ဒီသက်ဆိုင်သူအများစုရဲ့ ရည်မှန်းချက်ဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို ဖယ်ရှားဖို့ပဲ ဖြစ်နေပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဆိုတာ စစ်အုပ်စုဟာ တရားဝင်အစိုးရမဟုတ်ဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အာဏာဆိုတာ အရပ်သားအစိုးရဆီကို ဖြုတ်ချ၊ ထောင်သွင်းအကျဉ်းချခြင်းကနေ လုယက် ရရှိခဲ့တာပါ၊၊ ဒါ့အပြင် စစ်အုပ်စုဟာ သူတို့ရဲ့အ အာဏာယိုင်နဲ့လာတာနဲ့အမျှ တရုတ်နိုင်ငံကို သူတို့ရဲ့ဒေသတွင်းနဲ့ နိုင်ငံတကာဩဇာချဲ့ထွင်မှုအတွက် အကျိုးရှိစေမယ့် အဓိကကျတဲ့ စီးပွားရေးနဲ့ မဟာဗျူဟာကျတဲ့လုပ်ငန်းတွေကို ထိန်းချုပ်ခွင့်ပေးလာခဲ့ ပါတယ်။

ထရမ့်ပ်အစိုးရရဲ့ ရပ်တည်ချက်တွေဟာ အမျိုးသားလုံခြုံရေးကောင်စီထဲမှာ ပိုကြီးမားတဲ့ နိုင်ငံတကာပြဿနာတွေကြောင့် ဒီကိစ္စကို အာရုံမစိုက်နိုင်ဘဲ အလျင်စလို ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာကို ပြနေပါတယ်။ လေးနှစ်ကြာ ပြင်းထန်တဲ့ ပြည်တွင်းစစ်အပြင် နိုင်ငံရဲ့စီးပွားရေးကလည်း ချည့်နဲ့လာပြီး အခြေခံအဆောက်အအုံတွေကလည်း ဆုတ်ယုတ်ပျက်စီးလာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ငလျင်ကြီးတခု နိုင်ငံအလယ်ပိုင်းကို လှုပ်ခတ်ခဲ့လို့ လူ ၁၇ သန်းထိခိုက်ခဲ့ပါတယ်။ လူပေါင်း ၃,၅၀၀ ကျော်သေဆုံးကာ ဒေါ်လာ ၁၁ ဘီလီယံဖိုးအထိ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ နိုင်ငံတကာအကူအညီ‌တွေကလည်း အနည်းအကျဉ်းသာ နိုင်ငံထဲကိုရောက်ရှိခဲ့ပါတယ်။ အခုဆိုရင် ဒီလိုရုန်းကန်နေရတဲ့နိုင်ငံကို အကောက်ခွန် ၄၀ ရာခိုင်နှုန်းနဲ့ ထပ်တိုးဒဏ်ခတ်လိုက်ပြန်ပါပြီ။

ထရမ့်ပ်အစိုးရဟာ တခြားဒေသတွေမှာ နိုင်ငံခြားရေးမူဝါဒတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နေပေမဲ့ သူ့ရဲ့အရှေ့အာရှဆိုင်ရာ မဟာဗျူဟာမှာတော့ မြန်မာနိုင်ငံကို လျစ်လျူရှုထားခဲ့ပါတယ်။ လူဦးရေ ၅၅ သန်းရှိပြီး သဘာဝသယံဇာတတွေ ကြွယ်ဝတဲ့ ဒီနိုင်ငံကြီးဟာ မဟာဗျူဟာပညာရှင်တွေအခေါ် "ကုန်းတွင်းပိုင်း မဟာဗျူဟာကျနေရာ" မှာ ပထဝီဝင်အရ တည်ရှိနေပါတယ်။ မြောက်ဘက်နဲ့ အနောက်ဘက်မှာ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံကြီးတွေရှိပြီး အရှေ့ဘက်မှာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကို ကျယ်ပြန့်တဲ့ကမ်းရိုးတန်းကြီးတခုရှိနေတာကြောင့် မြန်မာနိုင်ငံဟာ ပြင်ပအင်အားကြီးတွေ အမြဲတမ်းလိုချင်တပ်မက်ခဲ့ရတဲ့ မြေ‌နေရာတခု ဖြစ်ခဲ့ပါတယ်။

ဗမာလူမျိုးတွေအပြင် နိုင်ငံရဲ့အစွန်အဖျားဒေသတွေက တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး အတော်အတန်လွတ်လပ်တဲ့ ပြည်နယ်ငယ်တွေဟာ စဉ်ဆက်မပြတ်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကျင့်သားရနေကြပါပြီ။ ဒီလိုမတည်ငြိမ်မှုတွေရှိနေပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးစီးပွားရေးက "အာရှတိုက်ရဲ့ စပါးကျီ" ဆိုတဲ့ဘွဲ့ကို ရရှိစေခဲ့ပါတယ်။ ဗြိတိသျှအင်ပါယာကို တည်ထောင်သူတွေကလည်း မြန်မာပြည်ဟာ အိန္ဒိယကိုအုပ်ချုပ်ဖို့အတွက် အလွန်အရေးပါတဲ့ မဟာဗျူဟာကျတဲ့နေရာတခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်က အစွန်အဖျားဒေသတွေမှာလည်း ဒီနေ့ခေတ်လိုပဲ ဘယ်လိုဗဟိုအစိုးရရဲ့အာဏာကိုမှ လက်မခံတဲ့ မာကျောခက်ထန်ပြီး ဥပဒေမဲ့တဲ့အဖွဲ့တွေ ရှိခဲ့ပါတယ်။ ဗြိတိန်ဟာ ၁၈၂၆ ခုနှစ်နဲ့ ၁၈၈၅ ခုနှစ်ကြားမှာ စစ်ပွဲ ၃ ကြိမ်တိုက်ခိုက်ပြီးမှ မြန်မာပြည်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဗြိတိသျှအိန္ဒိယရဲ့ အစိတ်အပိုင်းတခုအဖြစ် ကြေညာခဲ့ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလမှာ လွတ်လပ်ရေးအပြည့်အဝရပြီးချိန်ကစလို့ မြန်မာအစိုးရဟာ စစ်အစိုးရအာဏာသိမ်းမှုတွေနဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ အရပ်သားတွေရဲ့ကြိုးပမ်းမှုတွေကြားမှာ တလှည့်စီပေါ်‌ပေါက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး၊ အဲ့ဒီနောက်မှာတော့ ၁၉၈၈ ခုနှစ်မှာ သွေးထွက်သံယိုများပြီး ဖိနှိပ်မှုပြင်းထန်တဲ့ အာဏာသိမ်းမှုတခုဖြစ်ပွားခဲ့ကာ နိုင်ငံကို ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ပြီး အထီးကျန်နေတဲ့ တိုင်းပြည်တခု အဖြစ်သို့ လျော့ကျသွားစေခဲ့ပါတယ်။

ကျနော်ဟာ ၂၀၀၁ ခုနှစ်မှာ သာမန်နိုင်ငံသားတယောက်အနေနဲ့ မြန်မာပြည်ကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်းနှစ်တွေမှာလည်း ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရင်း နိုင်ငံရဲ့စိန်ခေါ်မှုတွေကို နားလည်လာခဲ့ပါတယ်။ နှစ်တွေအကြာ ၂၀၀၉ ခုနှစ်မှာတော့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ အရှေ့နဲ့ ပစိဖိတ်အာရှဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ မြန်မာနိုင်ငံကို ၁၀ နှစ်အတွင်း လာရောက်ခွင့်ရတဲ့ ပထမဆုံးအမေရိကန်ခေါင်းဆောင်ဖြစ်လာခဲ့ပြီး၊ အဲ့ဒီအချိန်က စစ်အစိုးရရဲ့ လူမြင်ကွင်းကရှောင်ရှားနေတဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပုဂ္ဂိုလ်ရေးအရတွေ့ဆုံခဲ့ဖူးတဲ့ တဦးတည်းသောအမေရိကန်ခေါင်းဆောင်ဖြစ်ပါတယ်။ အဲ့ဒီအချိန်က နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒီမိုကရေစီလှုပ်ရှားသူနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အဓိကကျတဲ့အပြောင်းအလဲတခုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကို ပြင်ပကမ္ဘာအတွက် တရားဝင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ နောက်ပိုင်းဆယ်စုနှစ်တခုလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထင်ကရနေရာဟာ ပြင်ပကမ္ဘာရဲ့အမြင်မှာ ကျဆင်းလာခဲ့ပေမဲ့၊ နိုင်ငံဟာ စစ်တပ်အပါအဝင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သတိကြီးစွာနဲ့ တဖြည်းဖြည်းချင်း ချီတက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တိုးတက်မှုတွေဟာ အံ့ဩစရာကောင်းလောက်အောင် ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လွှတ်တော်မှာအမတ်နေရာ ၃၉၆ နေရာနဲ့ သမိုင်းဝင်အပြတ်အသတ်အနိုင်ရခဲ့ပြီး၊ ဒါဟာ အစိုးရဖွဲ့ဖို့လိုအပ်တဲ့အမတ်ဦးရေထက် ၇၄ နေရာ ပိုများနေပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ဘာသတိပေးချက်မှမရှိဘဲ စစ်တပ်ကအာဏာသိမ်းပြီး တရားဝင်အစိုးရကိုဖြုတ်ချကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD အဖွဲ့ဝင်အများအပြားကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲကို တဖြည်းဖြည်းကျရောက်သွားခဲ့ပါတယ်။ "အာရှရဲ့ စပါးကျီ" မဟုတ်တော့ဘဲ၊ အခုတော့ ဆွေးမြေ့ပျက်စီးနေတဲ့ အမှိုက်ပုံကြီးတခုနဲ့ တူနေပါပြီ။ အာဏာသိမ်းပြီးနောက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အတိုက်အခံအင်အားစုတွေ ပေါ်ပေါက်လာခဲ့ပြီး သူတို့ဟာ တရားဝင်ချိတ်ဆက်မှုမရှိပေမဲ့ စစ်ကောင်စီကိုဆန့်ကျင်ရာမှာတော့ တညီတညွတ်တည်းရှိကြပါတယ်။ ရှေးခေတ်က ဥပဒေမဲ့အဖွဲ့တွေရဲ့ မျိုးဆက်များဖြစ်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အမျိုးမျိုးဟာ စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်လာကြပါတယ်။ သူတို့ဟာ ကောင်းမွန်စွာလေ့ကျင့်ထားပြီး၊ အတော်အသင့်လက်နက်တပ်ဆင်ထားကာ မျိုးဆက်အလိုက် ဗဟိုအစိုးရရဲ့အာဏာစက်ကို ဆန့်ကျင်သူတွေဖြစ်ကြပါတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ ခေါင်းဆောင်တွေ၊ အများစုကတော့ ဖျက်သိမ်းခံလိုက်ရတဲ့ လွှတ်တော်အမတ်တွေဖြစ်ပြီး၊ သူတို့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို့ခေါ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ကာ နိုင်ငံရဲ့တရားဝင်အုပ်ချုပ်ရေးအဖွဲ့ဖြစ်တယ်လို့ ခိုင်လုံတဲ့အ ကြောင်းပြချက်များစွာနဲ့ ကြေညာထားပါတယ်။

အတိုက်အခံတွေအားကောင်းလာတာနဲ့အမျှ စစ်ကောင်စီရဲ့ စစ်ရေးနဲ့နိုင်ငံရေးအင်အားကလည်း ကျဆင်းလာခဲ့ပါတယ်။ ပြည်သူထောက်ခံမှုအားနည်းပြီး စစ်ရေးမှာလည်း အလုံးစုံ အောင်မြင်မှုမရှိတဲ့အတွက် စစ်ကောင်စီဟာ ပြင်ပအကူအညီကို အားကိုးလာရပါတယ်။ အရေးကြီးဆုံးကတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ကိုလိုနီနယ်မြေတခုအဖြစ် လျင်မြန်စွာဖြစ်လာနေတာပါပဲ။ ရုရှားနိုင်ငံကတော့ စစ်အုပ်စုအတွက် တိုက်ခိုက်ရေးလေယာဉ်တွေအပါအဝင် လက်နက်အများစုကို ထောက်ပံ့ပေးနေပါတယ်။

မဟာဗျူဟာပိုင်းအရဆိုရင် တရုတ်နိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာကနေ တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်က ရေနံချက်စက်ရုံတွေဆီကို မြန်မာ့မြေပေါ်ကနေ ကီလိုမီတာ ၇၇၀ ဖြတ်သန်းသွားတဲ့ ရေနံပိုက်လိုင်းတခုကို အခုလည်ပတ်နေပါပြီ။ ဒီမဟာဗျူဟာကျတဲ့အရာက နှစ်စဉ်သင်္ဘောအစီးရေ ၉၀,၀၀၀ လောက်ဖြတ်သန်းပြီး တရုတ်နိုင်ငံရဲ့ သွင်းကုန်ရေနံ ၈၀ ရာခိုင်နှုန်းပါ၀င်တဲ့ မလက္ကာရေလက်ကြားကို ဖြတ်ဖို့စောင့်ဆိုင်းရမယ့် ဒုက္ခကနေ ဖယ်ရှားပေးလိုက်ပါတယ်။ တနေ့ကို ရေနံစည်ပေါင်း ၄၄၀,၀၀၀ တင်ပို့နိုင်စွမ်းရှိတယ်လို့ဆိုထားတာကြောင့် ဒီပိုက်လိုင်းတွေဟာ ဒေသတွင်း အကျပ်အတည်းတခုဖြစ်လာရင်တောင် တရုတ်နိုင်ငံဆီကို ရေနံဆက်လက်စီးဆင်းနေစေမယ့် အာမခံချက်တခု ဖြစ်လာနေပါတယ်။

စီးပွားရေးအရတော့ Investing News Network ရဲ့အဆိုအရ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုထုတ်လုပ်သူဖြစ်ပြီး သူတို့ရဲ့ အလတ်စားနဲ့အကြီးစား မြေရှားသတ္တုကုန်ကြမ်း ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကနေ ရရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသတ္တုတွင်းတွေကတော့ နိုင်ငံရဲ့မြောက်ဘက်အစွန် တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ ကချင်ပြည်နယ်မှာရှိပါတယ်။ တရုတ်နိုင်ငံဟာ စစ်ကောင်စီရဲ့သဘောတူညီချက်နဲ့ ကချင်ပြည်နယ်က လည်ပတ်နေတဲ့သတ္တုတွင်းတွေအတွက် လုံခြုံရေးပေးထားပါတယ်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာတော့ အလွန်အင်အားကြီးမားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကချင်ပြည်နယ်က မြို့နှစ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ KIA ဟာ စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ပြိုင်ဘက်ဖြစ်သလို တရုတ်နိုင်ငံရဲ့ ရန်သူဟောင်းလည်းဖြစ်ပြီး တခြားသတ္တုတွင်းတွေကိုလည်းပိုင်ဆိုင်ကြောင်း‌ကြေညာလာနိုင်ပါတယ်။ ကမ္ဘာတဝန်း မြေရှားသတ္တုတွေရဲ့ ဝယ်လိုအား မြင့်တက်လာတာနဲ့အမျှ ဒီကျယ်ပြန့်တဲ့သယံဇာတတွေဟာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအပါအ၀င် တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အာရုံစိုက်မှုကို ပိုပြီးဆွဲဆောင်လာပါလိမ့်မယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ရာဇဝတ်ဂိုဏ်းအများစုကို လွှမ်းမိုးခြယ်လှယ်ထားပါတယ်။ The New York Times သတင်းစာက ထောက်ပြထားသလိုပဲ စစ်ဒဏ်ခံနေရပြီး ပြိုင်ဘက်လက်နက်ကိုင်အုပ်စုတွေကြောင့်အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာတဝန်းက လူကုန်ကူးခံရသူတွေကို အသုံးချပြီး တခြားကမ္ဘာတဝန်းက လူတွေဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်နေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းဗဟိုချက်မ ဖြစ်နေပါပြီ။

စစ်ကောင်စီရဲ့ အရည်အချင်းမရှိမှုနဲ့ ပြည်သူမုန်းတီးမှုတွေကနေ ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြုပြင်ဖို့ အချိန်ကျရောက်‌နေပါပြီ။ ထရမ့်ပ်အစိုးရအဖွဲ့ဟာ ပြည်တွင်းတည်ငြိမ်မှုကိုအားပေးပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ‌က လေးစားရတဲ့ လွတ်လပ်တဲ့ အဖွဲ့၀င်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိအောင် ဖော်ဆောင်ရာမှာ နိုင်ငံတကာကို ဦးဆောင်သင့်ပါတယ်။ စီးပွားရေးခေါင်းဆောင်တွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပူးပေါင်းမှုတွေကြောင့် ပြန်လည်ပေါင်းစည်းလာမယ့် မြန်မာနိုင်ငံဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အင်ဒို-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာနဲ့ စီးပွားရေးအရ အခိုင်အမာရပ်တည်နိုင်တဲ့နေရာတခု ဖြစ်လာနိုင်ပါတယ်။

ပထမဆုံးနဲ့ အရေးအကြီးဆုံးခြေလှမ်းကတော့ ၂၀၂၁ စစ်အာဏာမသိမ်းမီ လပိုင်းအလိုကမှ မဲအများစုနဲ့ အပြတ်အသတ်အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေ တစိတ်တပိုင်း ပါဝင်ဖွဲ့ စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြန်လည်ရပ်တည်နိုင်ဖို့ ထောက်ခံပြီး မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းပဲဖြစ်ပါတယ်။

အန်သိုနီဒေးဗစ်က The Asia Times မှာ မကြာသေးခင်က ရေးသားခဲ့သလိုပါပဲ မြန်မာနိုင်ငံရဲ့ အဓိကအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်ယူနီဖောင်းဝတ်အစိုးရထက် အရပ်ဝတ်နဲ့ဖွဲ့စည်းထားတဲ့ အစိုးရတရပ်နဲ့ ထိတွေ့ဆက်ဆံမှုကိုတိုးချဲ့ဖို့၊ ရွေးကောက်ပွဲတွေကိုထောက်ခံဖို့ ၀န်လေးနေမှာမဟုတ်ပါဘူး။ အဲ့ဒီလို ထိတွေ့ဆက်ဆံမှုက အားကောင်းလာတာနဲ့တပြိုင်နက် အနောက်နိုင်ငံတွေကလည်း စိတ်မပါဘူးဆိုရင်တောင် နောက်ဆုံးမှာတဖြည်းဖြည်းချင်းနဲ့ အသိအမှတ်ပြုလာကြရမှာပါပဲ။

ဒါကြောင့် NUG ကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် သံတမန်ရေးအရ ပြန်လည်အသိအမှတ်ပြုခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံအတွက် သာယာဝပြောအရေးပါတဲ့အနာဂတ်တခု ကို ဦးဆောင်လမ်းပြနိုင်မှာပဲဖြစ်ပါတယ်။

ဂျင်မ်ဝက်ဘ်

Ref: National Interest 

(National Interest  ဝက်ဆိုက်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ရေးသားထားတဲ့ “Myanmar: Asia’s Forgotten Prize” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

(ဂျင်မ်ဝက်ဘ်သည် ဗီယက်နမ်တွင် တာဝန်ထမ်းခဲ့သည့်  အမေရိကန် မရိန်းတပ်သားဟောင်းဖြစ်သလို ရေတပ်ဝန်ကြီးဟောင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗာဂျီးနီးယားပြည်နယ်ရဲ့ အမေရိကန်အထက်လွှတ်တော်အမတ်လည်းဖြစ်နဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးဆပ်ကော်မတီရဲ့  အရှေ့နှင့် ပစိဖိတ်အာရှဆိုင်ရာ ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024