Home
မြန်မာသတင်း
အာဆီယံ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သွားမည်
DVB
·
August 13, 2025
Photo: Anwar Ibrahim Facebook

မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရုန်းကန်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုအကူအညီတွေအတွက် တွန်းအားပေးဖို့ အာဆီယံ ဥက္ကဋ္ဌ မလေးရှားနဲ့ အာဆီယံဒေသတွင်း မိတ်ဖက်နိုင်ငံတချို့ပါဝင်တဲ့ ပူးတွဲကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ဒ်ယူနွတ်စ်ရဲ့ မလေးရှားနိုင်ငံဆီ ၄ ရက်ကြာ ခရီးစဉ်အစမှာပဲ ခုလိုပြောလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်က  ကမ္ဘာ့အကြီးဆုံး ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားတာပါ။

ငလျင်ဘေးသင့်သူတွေ၊ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေနဲ့အတူ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့က တကယ့်ကို ကြီး မားတဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့ အန်ဝါက ယူနွတ်စ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံခရီးစဉ်ကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေက မိတ်ဖက်တွေနဲ့အတူ၊ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း သတင်းမှာ ဖော်ပြပေမဲ့ ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည် အရေအတွက် အများအပြားကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့ ဝန်ထုပ်ဝန်ပိုးကို စိုးရိမ်တဲ့အကြောင်းလည်း အန်နဝါက ပြောပါတယ်။

ရိုဟင်ဂျာလူနည်းစုတွေ အများအပြားနေထိုင်တဲ့ ရခိုင်ပြည်နယ်မှာတော့ ပဋိပက္ခတွေနဲ့ အတူ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာကြောင့် ပြီးခဲ့တဲ့ ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူပေါင်း ၁ သိန်းခွဲလောက် ထွက် ပြေးခိုလှုံခဲ့ကြရတယ်လို့  ကုလသမဂ္ဂက ပြောထားပါတယ်။

Source:Reuters/  Gulf Times

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024